MG 8135

ဒီတစ်လရဲ့ 'မီးဖိုချောင်ဝင်တဲ့ အမျိုးသား' ကဏ္ဍမှာ ပါဝင်တင်ဆက်မယ့်သူကတော့ နိုင်ငံကျော် တေးသံရှင် L လွန်းဝါပဲ ဖြစ်ပါတယ်။ အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ L လွန်းဝါ တစ်ယောက် သူကျွမ်းကျင်တဲ့ ဘယ်လိုအစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြမလဲဆိုတာကိုတော့ ဓာတ်ပုံများနဲ့တကွ တင်ဆက်လိုက်ရပါတယ်။ ကျွန်တော်က ဟင်းချက်ရတာကို ဝါသနာမပါပါဘူး။ စားရတာကိုပိုပြီး ဝါသနာပါတယ်။ ဒါကြောင့်မို့ ကိုယ်ကြိုက်တတ်တာ၊ စားချင်တာတွေ အကုန်လုံးကို သိအောင်လိုက်လုပ်ရင်းနဲ့ ဟင်းချက်သလိုဖြစ်သွားတာပါ။ တကယ်တမ်းတော့

ဟင်းချက်တာကို မကျွမ်းကျင်ပါဘူး။ ဒါပေမဲ့ ကိုယ်စားချင်တာတွေ အကုန်လုံးကိုတော့ ကိုယ့်ဘာသာကိုယ်လုပ်စားတတ်တယ်။ Sandwich တို့၊ ဆီချက်ခေါက်ဆွဲတို့၊ ခေါက်ဆွဲပြုတ် ကိုမှ Lလွန်းဝါစတိုင် ခေါက်ဆွဲပြုတ်တို့၊ ကြက်ဥကို တခြားအသားတွေနဲ့ကြော်စားတာတို့လိုတွေ အကုန်လုံးကိုတော့ လုပ်တတ်ပါတယ်။ ကြက်ဆီပြန်၊ ဝက်ဆီပြန် တို့လိုဟင်းတွေတော့ မချက်တတ်ပါဘူး။ Fast Foods တွေပဲ လုပ်တတ်တာပါ။

မီးဖိုချောင်ဝင်တဲ့ အမျိုးသားတစ်ယောက်ရဲ့ ခံစားချက်ကတော့ ပုံမှန်ဆိုသူများချက်ကျွေးတာ စားရတော့သိပ်ကြေးများလို့ မရဘူးလေ။ ကိုယ့်ဘာသာ ကိုယ်ဝင်လုပ်လိုက်တော့ မြန်မြန်ဆန်ဆန်ပြီးသွားတာပေါ့။ ကျွန်တော့်ရဲ့ သမီးနှစ်ယောက်ကတော့ ကျွန်တော်လုပ်ကျွေးသမျှကို စားနေကျ အမြဲတမ်း ပရိသတ်တွေပေါ့။ ကိုယ်ပြင်ဆင်ထားတဲ့ အစားအစာတွေကို အရသာရှိရှိ စားနေကြတာ မြင်ရရင် အရမ်းဝမ်းသာပါတယ်။ စိတ်ထဲမှာလည်း ကျေနပ်မိပါတယ်။ကျွန်တော်လုပ်တဲ့ ထူးထူးဆန်းဆန်းဟင်း အမည်တွေ တော်တော်များများက ကိုယ့်စိတ်ထဲမှာ ရှိတာတွေကိုပဲ တွဲစပ်ဖြစ်တာများပါတယ်။ အခုမှသာ ဘာလချောင်ထမင်းကြော်ဆိုပြီး စားနေကြတာ။ အရင်ကတည်းက အဲဒါတွေကို လုပ်စားနေကျပါ။ ပေါက်ကရတွေဖြစ်သွားတာလည်း အများကြီးပါ။ ဘာလ ချောင်ကြော်နဲ့ ထမင်းနဲ့ နယ်စားရတာကို ကြိုက်တော့ ထမင်းက အေးနေတဲ့အခါမှာ ဆီနဲ့လှိမ့်ပြီးကြော်ရင်းနဲ့ အရင်ကတည်းက အိမ်မှာဘာလချောင်ထမင်းကြော် ဆိုပြီးဖြစ်နေတာပါ။ သူများလုပ်တာလိုက်ကြည့်ပြီး တော့ စားတာတွေလည်း ရှိတယ်။ တစ်ခါတလေ ကိုယ်က လုပ်လိုက်လို့ လွဲသွားပေမဲ့လည်း အလွဲကောင်းလေးတွေဖြစ်ပြီး စားကောင်းသွားတာတွေလည်း ရှိပါတယ်။

 MG 8130

ကျွန်တော်အခုပြင်ဆင်ထားတဲ့ ဆီချက်ခေါက်ဆွဲကိုတော့ ခေါက်သားကင်ဆီချက် ခေါက်ဆွဲလို့ နာမည်ပေးထားပါတယ်။ ဒါလေးလုပ်ရတာလွယ်လည်း လွယ်တယ်။ ဆီချက်ခေါက်ဆွဲဆိုတာကို ငယ်ငယ်လေးကတည်းက ကြိုက်ခဲ့တာပါ။ ပြင်ဆင်ရတာလည်းမြန်တော့ လူပျိုဘဝကတည်းက လုပ်တတ်ခဲ့တာပါ။ အရင်ကဆို ကလေးတွေအတွက်ဆိုပြီး ကြက်သား ပြုတ်ထားတဲ့အထဲက ကြက်သားတွေကို ဆီချက်ခေါက်ဆွဲထဲထည့်စားတော့ အသားတွေက ပြုတ်ထားတဲ့အတွက် သိပ်အရသာမရှိတော့ဘူး။ အခေါက်ကင်၊ အသားကင်ကတော့ လွယ်လွယ်ကူကူဝယ်လို့ရလို့ လုပ်ဖြစ်တာပါ။

 MG 8128

လုပ်နည်းကတော့ ဝယ်လာတဲ့ အသားကင်ကို အတုံးသေးလေးတွေတုံး၊ အခေါက်ကင်ကိုတော့ Microwave ထဲထည့်တယ်။ ဒီအတိုင်းဆိုလည်း အခေါက်ကင်ကြ<ွကပ်ပေမဲ့ အဆီတအားများတယ်။ ဒါကြောင့် အခေါက်ကင်ကို Microwave ထဲထည့်လိုက်တော့ အဆီတွေက ကျုံ့သွားတော့ ဝက်ဆီဖတ် လိုဖြစ်သွားတာပေါ့။ ခေါက်ဆွဲအတွက်ကတော့ ဆီချက်ချက်ပါမယ်။ ပြီးတော့ ဟင်းရည်အတွက် ကြက်သားကို ပြုတ်ထားမယ်။ ကျန်တာတွေကတော့ ကြက်သားမှုန့်ကိုသုံးတယ်။ ဆား၊ အချိုမှုန့်နေရာမှာပဲ ငံပြာရည်အပျစ်နဲ့ အကျဲကိုသုံးပါတယ။် အပေါ့၊ အငံကတော့ ကိုယ်ထည့်လိုက်တဲ့ပမာဏ အပေါ်ကို မူတည် ပြီးစပ်ရပါတယ်။ ကြက်သားနဲ့ပဲငံပြာရည် အပျစ်ကို ဆတူလေးချိန်ပြီးထည့်ပေးရတယ်။ များသွားရင် အရမ်းချိုတတ်ပါတယ်။ ပြီးရင် ပြင်ဆင်ထားတဲ့ အသားကင် တွေနဲ့အတူ နယ်ရပါတယ်။ နယ်ပြီးတဲ့အခါမှာတော့ အခေါက်ကင်၊ ကြက်သွန်မြိတ်တို့ကိုဖြူးပြီးရင် အရသာရှိတဲ့ ခေါက်သားကင် ဆီချက်ခေါက်ဆွဲတစ်ပွဲကို သုံး ဆောင်နိုင်ပါပြီ။ ဟင်းရည်အတွက်လည်း ဆားနဲ့ ကြက်သွန်ဖြူလေးဆီသတ်ပြီးတော့ ထည့်လိုက်တယ်။ ပြီးတော့ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်လေးဖြူးပြီး သုံးဆောင်နိုင်ပါတယ်။ လူကြီးတွေစားဖို့်ဆိုရင်တော့ ကြက်သွန်ဖြူကြော်ကိုထောင်းပြီး ဆီချက်ခေါက်ဆွဲ အပေါ်မှာ ဖြူးပြီး စားသုံးနိုင်ပါတယ်။

 MG 8145

ကျွန်တော် ပြင်ဆင်ထားတဲ့ စားသောက်စရာ အတော်များများကိုတော့ သူငယ်ချင်းတွေ စားဖူးကြပါ တယ်။ ကျွန်တော့်သမီးလေးနှစ်ယောက်ကတော့ အဓိက ပရိသတ်တွေပေါ့။ တောင်ကြီးက အဘိုးလေးတွေက အမဲသားလုံးလုပ်ပြီး ပို့လိုက်တဲ့အခါကျတော့လည်း အမဲသားလုံး ဆီချက်ခေါက်ဆွဲဖြစ်သွားပြန်ရော။ အပေါ်ကဖြူးလိုက်တဲ့အပေါ်ကို မူတည်ပြီးတော့ ဆီချက်ခေါက်ဆွဲရဲ့ နာမည်က ပြောင်းသွားတာပေါ့။ Fast Food ထဲမှာ အမြန်ဆုံးနဲ့ ကျွန်တော့်အကြိုက်ဆုံးက တော့ ဆီချက်ခေါက်ဆွဲပါပဲ။

နွေးအိမ်လင်း

Go to top