arrt

Ar-T နဲ့ သူရဲ့ အစ်မတို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ 'ချဉ်၊ ငန်၊ စပ်'ဆိုင်လေးကိုရောက်ပြီးသွားကြပြီလား ပရိသတ်ကြီးရေ။ 'ချဉ်၊ ငန်၊ စပ်' ဆိုတဲ့ နာမည်လေးအတိုင်း စားသုံးသူတွေရဲ့အကြိုက်ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ်တွေ ပါဝင်တဲ့ ကချင်ဒေသ အစားအစာဟင်းလျာတွေ ရရှိမှာဖြစ်ပြီး Ar-T တို့ ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ဖော်စပ်ထားတဲ့ အရသာဆန်းဆန်းနဲ့ ဟင်းလျာတွေကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းလေးတွေ သင့်တင့်ပြီး အရသာရှိတဲ့ ချဉ်၊ ငန်၊ စပ်လေးတွေစားချင်တယ်ဆိုရင်တော့ အမှတ်-၅၈၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ Ar-T ရဲ့ 'ချဉ်၊ ငန်၊ စပ်' ဆိုင်လေးကို သွားကြရအောင်နော်။

 

Ar-T တို့ရဲ့ 'ချဉ်၊ ငန်၊ စပ်' ဆိုင်လေးကို ဘယ်လို စိတ်ကူးမိပြီး ဖွင့်ဖြစ်တာလဲ။

ဆိုင်လေးဖွင့်ထားတာ သုံးလပြည့်တော့မှာပါ။ အရင်တုန်းက မြစ်ကြီးနားမှာ အစ်မက အိမ်ဆိုင်လေးဖွင့်ထားတယ်။ အွန်ဆိုင်းတို့ မြစ်ကြီးနားလာလည် တော့ ဆိုင်မှာခေါ်ကျွေးလိုက်တယ်။ ဆိုင်မှာစားပြီးတော့ အွန်ဆိုင်းတို့က ရန်ကုန်မှာ ဆိုင်လာဖွင့်ပါလားဆိုပြီး ပြောကြတယ်။ ကျွန်တော်ကလည်း အစ်မ ရန်ကုန် လာလည်တော့ ဆိုင်ဖွင့်ပါလားဆိုပြီး မြှောက်ပေးလိုက်တယ်။

'ချဉ်၊ ငန်၊ စပ်'ဆိုင်မှာ အဓိကရောင်းတဲ့ အစားအစာတွေက....။


ကချင်ပြည်နယ်မှာစားတဲ့ အစားအစာတွေကိုမှ အိမ်မှာအစ်မနဲ့ ကျွန်တော်တို့ စားတဲ့ပုံစံမျိုးလေးလုပ်ပြီး ရောင်းတာပါ။ ကချင်ဒေသ အစားအစာဆိုပေမဲ့ ကိုယ့်ပုံစံနဲ့လုပ်ထားတာပေါ့နော်။ 'ချဉ်၊ ငန်၊ စပ်'နဲ့ ပတ်သက်တဲ့ အထောင်းတွေ၊ အသုပ်တွေ၊ ပေါင်းထားတာတွေရပါတယ်။ Poker ကြက်ဥချဉ်စပ်သုပ်က ကျွန်တော့် စိတ်ကူးနဲ့လုပ်ထားတာပါ။ ဆိတ်သားထောင်းနဲ့ ဟင်းပေါင်းကလည်း ကျွန်တော့်စိတ်ကူးနဲ့ လုပ်ထားတာပါပဲ။ 'ငါးပေါင်း'ဆိုရင်လည်း ကျွန်တော်တို့အိမ်က အမေတို့၊ အဒေါ်တို့ စားတဲ့ပုံစံအတိုင်း လုပ်ထားတာပါ။

a2-3

ဆိုင်မှာရှိတဲ့ ဟင်းလျာတွေရဲ့ ဈေးနှုန်းတွေကရော။

အများပြည်သူ စားသုံးသူတွေ အဆင်ပြေအောင်လို့ သင့်တင်တဲ့ ဈေးနှုန်းတွေဖြစ်တဲ့ ၁၅ဝဝ ကနေ ၂၅ဝဝ အထိ သတ်မှတ်ပြီး ရောင်းချပေးနေပါတယ်။ အဓိက ကတော့ အစားအသောက်အတွက်သုံးထားတဲ့ ပါဝင်ပစ္စည်းတွေကလည်း သန့်ရှင်းလတ်ဆတ်တာတွေ သုံးထားပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်အောင်လုပ်ပေးထားပါတယ်။

စားသုံးသူတွေအတွက် ဝန်ဆောင်မှုတွေ ဘယ်လို ပေးပါသလဲ။

'ချဉ်၊ ငန်၊ စပ်' ဆိုင်လေးက ဖွင့်ထားတာ သုံးလပဲရှိသေးတယ်။ ဆိုင်လေးကို ချက်ချင်းကြီးသိပြီးအားပေးကြတော့ ခေါ်ထားတဲ့ လူတွေနဲ့ မနိုင်ဘူးဖြစ် နေတယ်။ ဝန်ဆောင်မှုကို အရမ်းကြီးမပေးနိုင်ဘဲ လိုအပ်မှုတွေတော့ ရှိနေတာပေါ့နော်။ နောက်ပိုင်းကျရင်တော့ delivery service တွေလုပ်ပေးဖို့ ရှိပါတယ်။ ဆိုင်က ဖွင့်ဖွင့်ချင်းအောင်မြင်သွားတယ်။ ရန်ကုန်မှာ ပထမဆုံးဆိုင် ဖွင့်တာဆိုတော့ ရန်ကုန်အထာကိုလည်း မသိသေးဘူး။ ဝန်ထမ်းတွေလည်း နည်းတော့စားတဲ့သူတွေ အဆင်မပြေဖြစ်တာကို အရမ်းအားနာပါတယ်။ လူတွေ စောင့်နေတာမြင်ရင် အားနာတယ်။ နေရခက်ပါတယ်။

ဆိုင်မှာ ရောင်းချနေတဲ့ အစားအသောက်တွေအပြင် နောက်ထပ်ဟင်းလျာအသစ်တွေရော ထပ်တိုးဖို့ ရှိသေးလား။

နောက်ထပ်တိုးထားတဲ့ ဟင်းလျာတွေက 'ငါးပေါက်ဆန်ထောင်း'၊ 'မုန့်တီထောင်း'၊ 'ချဉ်စော်ကား သီးထောင်း'တွေလည်း ထပ်တိုးထားပါတယ်။ စိတ် ကူးရှိရင်ရှိသလို ဟင်းလျာအသစ်တွေထပ် တိုးသွား ပါမယ်။ ကျွန်တော်နဲ့ အစ်မရဲ့စိတ်ကူးတွေပေါင်းပြီး ဖြစ်လာတဲ့ ဟင်းလျာတွေလည်း ရှိပါတယ်။

'ချဉ်၊ ငန်၊ စပ်' ဆိုင်လေးကို သုံးလအတွင်းမှာ လူတွေသတိထားပြီး အားပေးခဲ့ကြတာက အဆိုတော် Ar-T ကြောင့်လား။ ဒါမှမဟုတ် အစားအသောက်တွေ ကြောင့်လား။

Ar-T နဲ့တော့ မဆိုင်ပါဘူး အစ်မ။ Ar-T က 'ချဉ်၊ ငန်၊ စပ်'ဆိုင်မှာ ဟင်းဝင်ချက်တာနဲ့ စားပွဲထိုးလုပ်နေရတာပါ။ ကျွန်တော့်ကို ဘယ်သူမှ စိတ်မဝင်စားနိုင်ကြဘူး။ အဓိကက အစားအသောက်ကိုပဲ စိတ်ဝင်စားကြတာပါ။ ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကလည်း အချဉ်၊ အစပ် အရမ်းစားကြတာလေ။ အိမ်မှာဆိုရင် ကိုယ့်ဘာသာချက်စားတယ်။ ကိုယ့်စိတ်ကူးနဲ့ ဟင်းလျာတွေဖန်တီးတယ်။

arr2-3

'ချဉ်၊ ငန်၊ စပ်' ဆိုင်ခွဲကို ဘယ်တော့လောက်ဖွင့်ဖို့ စီစဉ်ထားလဲ။

အခုလက်ရှိ 'ချဉ်၊ ငန်၊ စပ်'ဆိုင်လေး တစ်နှစ်ပြည့်မှပဲ ဆိုင်အကြီးဖွင့်ဖို့ စီစဉ်ထားပါတယ်။ ဒီဆိုင်လေးကို မောင်နှမနှစ်ယောက်နိုင်တဲ့ ငွေနဲ့လုပ်ထား တာဆိုတော့ နောက်တစ်ဆိုင်ဖွင့်ဖို့ ချက်ချင်းကြီး မလွယ်ဘူးလေ။

Ar-T အနေနဲ့ တခြားစီးပွားရေးလုပ်ဖို့ရော အစီအစဉ် ရှိသေးလား။

ကျွန်တော့်အခွေလေးထွက်ပြီး နောက်တစ်နှစ်ဆိုရင် ကျောင်းသွားတက်ဖို့ ရှိပါတယ်။ အစားအသောက်နဲ့ပတ်သက်တဲ့ ဆိုင်လေးတွေထပ်ဖွင့်ဖို့ လည်းရှိပါတယ်။ ကျောင်းသွားတက်တာကလည်း ဖက်ရှင်နဲ့ ပတ်သက်တာတွေကို နားလည်ချင်လို့သွားတက်တာပါ။ ဒီဇိုင်နာလုပ်ဖို့တော့ မဟုတ်ပါဘူး။ ဥပမာ ပြောရရင် အဖြူနဲ့အမည်းတွဲတာတွေ ဘယ်အချိန်မှာ ပြန်ဝတ်ကြမလဲ။ စက်ပန်းထိုးတွေ၊ print တွေ ပြန်ပြီး သုံးလာကြမလားဆိုတဲ့ ဖက်ရှင်အမြင်တွေကို ကြိုပြီး မြင်ချင်တာမျိုးပေါ့။ အဲဒါတွေကို သမိုင်းတစ်ခုလို ပြန်ပြီး လေ့လာရမှာလေ။ ဒီနှစ်က ခရမ်းရောင်ဆိုရင် ခရမ်းနဲ့ပတ်သက်ရင် ဘာ trendတွေပေါ်လာမလဲဆိုတာကို သိချင်တယ်။ အဲဒါတွေသိမှ ကျွန်တော်ကိုယ်ပိုင်နာမည်နဲ့ အင်္ကျီထုတ်လို့ရမှာလေ။

Thida Soe

Go to top