relax7

အလုပ်သေးသေး ကြီးကြီးငယ်ငယ် ဘာအလုပ်မဆို လုပ်ကိုင်နေကြတဲ့လူတွေမှာ စိတ်ဖိစီးမှုဆိုတာ ရှိစမြဲပါ။ လူကြီးလည်း လူကြီးအလိုက်၊ လူငယ်လည်း လူငယ်အလိုက်၊ ကလေးလည်းကလေးအလိုက် စိတ်ခံစားချက်တွေ ရှိပါတယ်။ ဒီစိတ်ခံစားချက်တွေကနေတစ်ဆင့် စိတ်ဖိစီးမှုတွေ၊ စိတ်ကြောင့်ဖြစ်ရတဲ့ ဝေဒနာတွေ၊ ဒဏ်ရာဒဏ်ချက်တွေရကြပါတယ်။ လူတော်တော်များများဟာ သူတို့မှာဘယ်လောက်အထိ စိတ်ဖိစီးမှုတွေ ရှိနေတယ် စိတ်ဒဏ်ရာတွေ ရနေတယ်ဆိုတာ မသိကြပါဘူး။ အားလုံးပဲ တစ်နေ့တာအချိန်ကုန်ဆုံးရင် အိပ်စက်အနားယူပြီး ခန္ဓာကိုယ်ကို အားဖြည့်ကြရပါတယ်။ ကိုယ်ခန္ဓာကို အားပြန်ဖြည့်ပေးရသလိုပဲ

စိတ်ကိုလည်း အနားပေး၊ အပန်းဖြေ ပေးရပါမယ်။

မြန်မာလူမျိုးတွေဟာ အရှေ့တိုင်းသားများဖြစ်သည့်အလျောက် မိသားစုသိုက် သိုက်ဝန်းဝန်းနဲ့နေကြပြီး ပွဲလမ်းသဘင်များကို နှစ်သက်ကြပါတယ်။ မိသားစုဦးရေများရင် များသလို အချိန်တွေကို ခွဲပေးရင်းနဲ့ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို အချိန်မပေး နိုင် ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုတွေဟာ ကိုယ့်ကိုယ် ကို အချိန်မပေးနိုင်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အားလပ်ရက်တစ်ရက်ကိုရွေးပြီး ကိုယ့်ကိုယ်ကို အချိန်ပေးကြည့်တဲ့အနေနဲ့ ကိုယ်အကြိုက်ဆုံး အလုပ်တစ်ခုကိုလုပ်ကြည့်ပါ။ ဥပမာ-စာအုပ်ဖတ်တာကို ကြိုက်နှစ်သက်ရင် စာအုပ်ဖတ်ပါ။

iStock 000085694379 Medium

စိတ်ဖိစီးမှုတွေများလာလို့ စိတ်အပန်းဖြေချင်လာတဲ့အခါမျိုးမှာ အချို့သော လူတွေ ခံစားရတာက တိတ်ဆိတ်ငြိမ်သက်မှုကို လိုလားခြင်းပါ။ တိတ်ဆိတ် ငြိမ်သက်မှုဟာ လူတစ်ယောက်ရဲ့ စိတ်ကိုတည်ငြိမ်စေပါတယ်။ အာရုံစူးစိုက်မှု အားပိုများစေပါတယ်။ သင်မယုံရင် အခန်းထဲတွင် သီချင်းကို အကျယ်ကြီးဖွင့်ပြီး ဆူဆူညံညံနဲ့ နေ့တစ်ဝက်လောက်နေကြည့်ပါ။ ထို့နောက် ကျန်သည့် နေ့တစ်ဝက်ကို တိတ်တိတ်ဆိတ်ဆိတ် နေကြည့်ပါ။ တိတ်ဆိတ်ခြင်း၏ အရသာကို သင် ခံစားရပါလိမ့်မယ်။ ထိုအခါတွင်သင်သည် တိတ်ဆိတ်မှုကို ပို၍နှစ်သက်လာပြီး သင်အကြိုက်ဆုံး အလုပ်တစ်ခုကို လုပ်ချင်စိတ်ဖြစ် ပေါ်လာပါလိမ့် မယ်။

Relax2

ခရီးထွက်ခြင်းဖြင့်လည်း စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။ နေရာသစ်၊ ဒေသသစ်ကိုရောက်ရင် စူးစမ်းချင်တဲ့စိတ်တွေကြောင့် လူဟာ အလိုလိုနေရင်း ပျော်လာပါတယ်။ အထူးသဖြင့် မိတ်ဆွေ သူငယ်ချင်းမိသားစုနဲ့ သွားရင် စိတ်ညစ်စရာတွေ ပျောက်ပြီး သူတို့ရဲ့အပျော်တွေ ကူးစက်လာပါတယ်။ ခရီးသွားရင်လည်း ကိုယ်ပျော်ဖို့တစ်ခုတည်းအတွက် မထွက်ပဲနဲ့ သွားရောက်လည်ပတ်တဲ့ နေရာကို စူးစမ်းလေ့လာဖို့ အဓိကထားပြီးသွားရင် စိတ်ညစ်နေတာတွေကို မေ့ပျောက်နိုင်ပါလိမ့်မယ်။ စိတ်အပန်းဖြေဖို့ နောက်အကောင်းဆုံး နည်းလမ်းတစ်ခုက ကလေးတွေနဲ့ ဆော့ကစားခြင်း ကလေး တွေကို ပွေ့ဖက် နမ်းရှုံ့ခြင်းတို့ ဖြစ်ပါတယ်။ ကလေး တွေဟာ အပြစ်ကင်းစင်ပြီးချစ်ဖို့ အရမ်းကောင်းကြပါတယ်။ ကလေးငယ်လေးတွေကို ကြည့်မိရင်း အလိုလို ပြုံးမိတာတွေ၊ အပျော်လေးတွေ၊ ကူးစက်လာတာတွေ ဖြစ်တတ်ပါတယ်။ သူတို့နဲ့အတူဆော့နေရင်း ကိုယ့်ရဲ့စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကို ဖြေပျောက်နိုင်ပါတယ်။ သူတို့ကြောင့် ကိုယ့်မှာ အင်အားသစ်တွေရလာနိုင်သလို ပျော်စရာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အပြုံးတစ်ချက် ရယ်သံလေးတစ်ချက်ဟာ ကိုယ့်အတွက် ကြံသကာကိုငုံပြီး ပျားရည်ကို သောက်နေရသလို ဖြစ်နေစေလို့ ပါပဲ။

သင့်ရဲ့ခန္ဓာကိုယ်ကို အနားပေးသလို စိတ်ကို လည်း အနားပေးပါလို့ တိုက်တွန်းပါရစေ။ စိတ်ဖိစီးမှုတွေ အရမ်းများနေရင် သင့်အတွက် မကောင်းတာတော့ အမှန်ပါပဲ။ စိတ်အပန်းဖြေဖို့ ကိုယ့်ကိုယ်ကို အချိန်ပေးပါ၊ တိတ်တိတ်ဆိတ်ဆိတ်နေရာမှာ ကိုယ်အကြိုက်ဆုံး အလုပ်တစ်ခု ကိုလုပ်ကြည့်ပါ။ ခရီးထွက်ပါ။ကလေး တွေကို ပွေ့ဖက်နမ်းရှုံ့ပါ။ တခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။ အခုတော့ ဒါတွေကိုအရင်လုပ်ကြည့်ပြီး စိတ်အပန်းဖြေနိုင်ကြပါစေ။

စုဝေ

Go to top