rice 1-2

မြန်မာနိုင်ငံရဲ့ အဓိကစားကုန်ဖြစ်တဲ့ဆန်ကို ထမင်းအဖြစ်အဓိကထားစားကြသလို မုန့်မျိုးစုံပြုလုပ်ပြီးလည်းစားသုံးကြပါတယ်။ မြန်မာတို့ရဲ့ ရိုးရာမုန့်အတော်များများဟာ ဆန်နဲ့ပြုလုပ်တဲ့မုန့်များ ဖြစ်ကြပါတယ်။ အဲ့ဒီလို မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာစားသုံးကြတဲ့ ဆန်ဟာ အာဟာရဓာတ်ကြွယ်ဝသလို ဆန်ကို သန့်စင်အောင်ပြုလုပ်တဲ့ ဆန်ဆေးရည်ဟာလည်း လူတွေအတွက် အသုံးတည့်လှပါတယ်။ ဆန်ဆေးရည်ကို အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ရှေးပဝေသဏီကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဒါ့ကြောင့် ဒီတစ်လ Living Fashion မဂ္ဂဇင်းမှာ ဆန်ဆေးရည်ရဲ့ အသုံးဝင်မှုတွေကို ဖော်ပြပေး လိုက်ပါတယ်။


ပထမဦးဆုံး ပျိုမေတို့ အလှအပရေးရာနဲ့ ပတ်သက်ပြီး ဆန်ဆေးရည်ရဲ့ အသုံးဝင်မှုကို ပြောပြချင်ပါတယ်။ ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ရင် ဆံကေသာနက်မှောင် သန်စွမ်းတယ်လို့ လူတော်တော်များများ သိကြပါတယ်။ အဲ့လိုဆို ဆန်ဆေးရည်နဲ့ ဘယ်လို ခေါင်းလျှော်မလဲ။ ခေါင်းလျှော်ဖို့ဆန်ဆေးရည် ပြုလုပ်တော့မယ်ဆိုရင် အရင်ဦးဆုံး အရည်ခံမယ့်ဆန်ဟာ သန့်ရပါမယ်။ ပိုးသတ်ဆေးထိတွေ့ထားတဲ့ ဆန်မဖြစ်ရပါဘူး။ တကယ်လို့ ပိုးသတ်ဆေးထိတွေ့ ထားတဲ့ ဆန်ဖြစ်နေရင် အကျိုးထက် အပြစ်ကပိုများ မှာပဲဖြစ်ပါတယ်။ မိမိအရည်ခံမယ့်ဆန်ဟာ အော်ဂဲနစ်ဆန်စစ်စစ်ဖြစ်ပြီဆိုရင် ဆန်ဆေးရည်ကို မြေအိုးထဲမှာ ထည့်ရပါမယ်။ ပြီးရင် အပေါ်ကနေ ပိတ်စအပါးလေးနဲ့ လုံအောင်ပိတ်ချည်ကာအေးပြီး ခြောက်သွေ့ တဲ့ နေရာမှာ ၂ ရက်လောက်ထားရပါမယ်။ ၂ ရက်ပြည့်ပြီဆိုရင် ဆန်ဆေးရည်အပေါ်မှာ အုပ်ထားတဲ့ ပိတ်စအပါးကိုခွာပြီး အထဲမှာရှိတဲ့ ဆန်ဆေးရည် ကြည်ကို ခွက်တစ်ခုထဲကို ဖြည်းညင်းစွာ လောင်းထည့် ပေးရပါမယ်။ အောက်မှာ အနည်ထိုင်နေတဲ့ အရည်နောက်တွေကိုတော့ ချန်ထားပြီး အဲဒီ အရည်နောက်ထဲ ကို ရေသန့်အနည်းငယ် လောင်းထည့်ပါ။ ပြီးရင် ဒူးခေါင်းအထက်ပိုင်းက နေပြီး အဲဒီအရည်ကိုလောင်းပြီး ခြေဆေးပါ။ ဒါဟာ ခေါင်းမလျှော်ခင် အပူတွေကို ခြေထောက်ကနေ စတင်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ခြေထောက်ရေလောင်းပြီး ၁ဝ မိနစ်လောက်ကြာတဲ့အခါမှာတော့ ခုနက အရည်ကြည်ခံထားတဲ့ ဆန်ဆေး ရည်နဲ့ ဦးခေါင်းကိုလောင်းပါ။ လောင်းတဲ့အခါမှာလည်းဆံသားနဲ့ ဦးရေပြားကို ပွတ်တိုက်နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် နာရီဝက်ခန့် ခဏထားပါ။ ဆံပင်ရှည်ပါက ဆံပင်ကို ထုံးထားပြီး ဆံဆေးရည်နဲ့ ခဏ နှပ်ထားပါ။ နာရီဝက်လောက်ကြာ ရင် ကင်ပွန်းသီးတရော် နဲ့ခေါင်းလျှော်လိုက်ပါ။ အဲ့ဒီလို တစ်ပတ် ၂ ကြိမ်လောက် ပြုလုပ်မယ်ဆိုရင် ကျန်းမာ သန်စွမ်းတဲ့ ဆံကေသာကို ထာဝရပိုင်ဆိုင်မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် ဦးရေပြားဗောက်ထတတ်သူတွေ အသုံးပြုဖို့အတွက်ဆိုရင်တော့ သံပရာအခွံ၊ ရှောက် သီးအခွံတွေကိုပါ ထည့်စိမ်ထားနိုင်ပါတယ်။ ဆန်ဆေး ရည်ထဲကို နှမ်းဆီပါအနည်းငယ်ထည့်မယ်ဆိုရင်တော့ ပျော့ပျောင်းလှပတဲ့ ဆံကေသာနဲ့ ဗောက်၊ သန်းကင်းစင် ပြီး နက်မှောင်သန်စွမ်းတဲ့ ဆံကေသာကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

rc2

အရေးအကြောင်းကင်းတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အော်ဂဲနစ်ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးနိုင်ပါတယ်။ ဆန်ဆေးရည်မှာ ပါဝင်တဲ့ ဓာတ်တွေဟာ မျက်နှာပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ဝက်ခြံဖြစ်စေတဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင် ပါတယ်။ ဆားဝက်ခြံ ပျောက်ချင်တယ်ဆိုရင် ဆန်ဆေး ရေကို ခပ်နွေးနွေးလေးဖြစ်အောင် အပူပေး ဒါမှမဟုတ် ရေနွေးအနည်းငယ်ရောစပ်ပြီး မျက်နှာသစ်ပေးနိုင်ပါတယ်။ နေလောင်ဒဏ် ခံရတဲ့အသားအရေပိုင်ရှင် တွေအတွက်တော့ ဆန်ဆေးရည်ထဲကို ခရမ်းချဉ်သီး ရည်ညှစ်ထည့်ပြီး အရေပြားပေါ်သုတ်လိမ်းပေးပြီး နာရီဝက်လောက်ကြာလျှင် ရေချိုးသန့်စင်လိုက်ပါ။ အဲ့လိုအမြဲတမ်းပြုလုပ်မယ်ဆိုရင် နေလောင်ကွက်တွေ ပျောက်ကင်းပြီးတင်းရင်းလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ ။ သာမန်အသားအရေ ပိုင်ရှင်တွေအတွက်တော့ ရေချိုးခါနီး ဆန်ဆေးရည်နဲ့ ခန္ဓာကိုယ်အနှံ့ကို သုတ်လိမ်းပြီး မိနစ်အနည်းငယ်ထားပြီးမှ ရေချိုးလိုက်ရင် အသားအရေဖြူဖွေးဝင်းမွတ်ပြီး တင်းရင်းလှပစေမှာ ဖြစ်ပါတယ်။

rc23

အလှအပဘက်မှာသာမက ကျန်းမာရေးဘက်မှာလည်း အသုံးဝင်တဲ့ ဆန်ဆေးရေဟာ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ အညောင်းဆင်းရောဂါ အတွက် လည်းကောင်းလှပါတယ်။ အမျိုးသမီးများ အညောင်းဆင်းရင် အော်ဂဲနစ်ဆန်ဆေးရည်သန့်ကို ရေနွေးကြမ်း ပန်းကန်လုံးတစ်လုံးခန့် နေ့စဉ်သောက်ပေးပါ။ တစ်ပတ်ခန့်ကြာရင် သက်သာပျောက်ကင်းလာမှာ ဖြစ်ပါတယ်။ ကလေးများ ကျောပူ၊ခေါင်းပူဖြစ်ရင်တော့ ဆန်ဆေးရည်နဲ့ ရေချိုးပေးရင် ပျောက်ကင်းပါတယ်။ အစာအိမ်အောင့်သူတွေအတွက် အော်ဂဲနစ်ဆန်ဆေးရည်ကို ရေနွေးပန်းကန်လုံး တစ်လုံးခန့် နေ့စဉ် နံနက်သောက်သုံးပေးရင် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အနည်းအများကိုတော့ ရောဂါပေါ်မူတည်ပြီး သောက်သုံးပေးရမှာ ဖြစ်ပါတယ်။

ဆန်ဆေးရည်ဟာ ဆီးချို၊သွေးချိုနဲ့ သွေးတိုး ဝေဒနာရှင်တွေအတွက်လည်း အကျိုးပြုတဲ့ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ ဆီးချိုဝေဒနာရှင်တွေ ဆန်ဆေးရည်ကို မှီဝဲတော့မယ် ဆိုရင် ပိုးသတ်ဆေးကင်းတဲ့ အော်ဂဲနစ်ဆန်ဆေးရည် ၂ဝကျပ်သားခန့် ယူပြီး ဖန်ပုလင်းထဲထည့်ထားပါ။ ဆင်တုံးမနွယ် ၁ပိဿာကို မီးကင်ပြီး အမည်းတွေကို ခြစ်ထုတ်လိုက်ပါ။ ပြီးရင်လက်တစ်ဆစ်ခန့် ဖြတ်တောက်ပါ။ ဖြတ်ထားတဲ့ ဆင်တုံးမနွယ်တွေကို ဆန်ဆေးရည်ထဲမှာ စိမ်ထားပါ။ ရှောက်သီးတစ်လုံး ကိုလေးစိတ်စိတ်ပြီးတစ်စိတ်ယူပါ။ အဲ့ဒီနောက် ဆား ၂ကျပ်သားနဲ့အတူ ဆင်တုံးမနွယ်စိမ်ထားတဲ့ ဆန်ဆေးရည်ထဲကို ရောထည့်ပြီး သုံးရက်ထားပါ။ သုံးရက်ပြည့်ရင် ဝေဒနာရှင်တွေ အနေနဲ့ အဲဒီဆန်ဆေးရည်ကို ရေနွေကြမ်း ပန်းကန်လုံး ၁လုံးခန့် နေ့စဉ်သောက် ပေးနိုင်ပါတယ်။

ခြေထောက်တွေ ထုံကျဉ်နာဖြစ်ရင် ဆန်ဆေးရည်ကို သနပ်မြစ်(သနပ်ရွက်ပင်က အမြစ်)နဲ့သွေးလိမ်းပေးမယ်ဆိုရင် ပျောက်ကင်းပါတယ်။ ဆန်ဆေးရည်ဟာ အလှအပနဲ့ ကျန်းမာရေး အတွက် အသုံးဝင်ရုံသာမက မီးဖိုချောင် အထောက်အကူပြုပစ္စည်းအဖြစ်လည်းအသုံးဝင်ပါတယ်။ အငန် ဓာတ်လွန်ကဲနေတဲ့ ငါးဆားနယ်ကို အငန်ပေါ့စေဖို့အတွက် ဟင်းမချက်မီငါးကို အရွယ်တော်တုံးပြီး ဆန်ဆေးရည်ထဲမှာ နာရီဝက်ခန့် စိမ်ထားမယ်ဆိုရင် အငန်ဓာတ်တွေ သိသိသာသာ လျော့နည်းလာမှာပါ။ အခါးဓာတ်လွန်ကဲတဲ့ ကြက်ဟင်းခါးသီးကိုအခါးလျော့စေချင်ရင်လည်း လှီးဖြတ်ပြီးသား ကြက်ဟင်းခါးသီး တွေကို ဆန်ဆေးရည်ထဲမှာ နာရီဝက်ခန့် စိမ်ထားရင် ကြက်ဟင်းခါးသီးရဲ့အခါးဓာတ်တွေလျော့နည်းလာမှာ ဖြစ်ပါတယ်။ တကယ်လို့ မိမိတို့အိမ် မှာ ကြက်ဟင်းခါးပင်ရှိရင် ကြက်ဟင်းခါးပင်အမြစ်ကို ဆန်ဆေးရည် နဲ့ နေ့စဉ်လောင်းပေးရင် သီးလာတဲ့ကြက်ဟင်းခါးသီးဟာ အခါးဓာတ်သိသိသာသာ လျော့နည်းနေမှာ ဖြစ်ပါတယ်။ အိမ်ရှင်မတွေချဉ်ဖတ်တည်ပြီး အလျင်အမြန် စားချင်တယ်ဆိုရင် ထည့်မယ့်ချဉ်ဖတ်ပစ္စည်း ဥပမာ မုန်လာဥ၊ ပဲတီပင်ပေါက်၊ ဟင်းကလာ၊ ဥာဏ်ပွင့်၊ ကြောင်လျှာသီး၊ ခံတက်ရွက်၊ သရက်ကင်းအစရှိသဖြင့် မိမိအချဉ်ထည့်ချင်တဲ့ပစ္စည်းကို ဆန်ဆေးရည်ထဲမှာ ဆားအနည်ငယ်ရောပြီး အချဉ်ထည့်ပါက စောစီးစွာစားသုံးနိုင်မှာ ဖြစ်ပါတယ်။

Living Fashion ပရိသတ်ကြီးလည်း ဆန်ဆေးရည်ရဲ့အသုံးဝင်ပုံကို လေ့လာသိရှိပြီးပြီဆိုရင် အော်ဂဲနစ်ဆန်ဆေးရည်စစ်စစ်တွေကို အသုံးပြုပြီး ကျန်းမာလှပ စိုပြည်တဲ့ဘဝအစိတ်အပိုင်းလေးကို ဖန်တီးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

နှင်းပုံ

Go to top