image-

ကချင်ပြည်နယ်ဟာ သဘာဝရဲ့ အလှအပတွေ အများကြီးဖွဲ့စည်းတည်ရှိနေတဲ့ နေရာပဲဖြစ်ပါတယ်။ ဒီဒေသကို အလည်အပတ်ရောက်ခဲ့တဲ့ ဂုဏ်ရည်အေးကျော်က ကချင်ပြည်နယ်ရဲ့ လှပမှု၊ ဒေသခံတွေရဲ့ ရိုးသားဖြူစင်မှု၊ ဧရာဝတီမြစ်ကြီးရဲ့ စိုးရိမ်ဖွယ် အနေအထားစတာတွေကို သူမမြင်တွေ့သိမြင်ရတဲ့ ရှုထောင့်ကနေ ပြောပြပေးထားပါတယ်။

တစ်လတည်းမှာ နှစ်ကြိမ်ရောက်ခဲ့တဲ့ ကချင်ပြည်နယ်

ကချင်ပြည်နယ်ကို တစ်လတည်းမှာတင် နှစ်ခါရောက်ခဲ့တာပါ။ ပထမတစ်ခေါက်က မြစ်ကြီးနားမှာ လုပ်တဲ့ ပွဲတစ်ခုအတွက် Presenter လုပ်ဖို့သွားခဲ့တာပါ။ ဒုတိယတစ်ခေါက် ပူတာအိုကတော့

ဂုဏ်ရည်တို့ Real Fitness က အုပ်စုတွေနဲ့ မရောက်ဖူးလို့ကို သီးသန့်သွားလည်ကြတာပါ။ မြစ် ကြီးနားမှာက နှစ်ရက်နေတယ်။ ပူတာအိုမှာက ၃ ရက်နေခဲ့တယ်။ မြစ်ကြီးနားမှာဆို ပယင်းရောင်းတဲ့ ဈေးတွေသွားကြတယ်။ မြစ်ဆုံကို ထပ်သွားကြတယ်။ ပူတာအိုကို ရောက်တော့တည်းဖြစ်တာက ဂုဏ်ရည်တို့ အုပ်စုထဲမှာပါတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ Kham Su Ko ဆိုတဲ့ ဟိုတယ်မှာတည်း ဖြစ်ခဲ့တယ်။ ဈေးနဲ့တည့်တည့်ပဲ။ ပိုင်ရှင်အစ်မက သဘောလည်းကောင်းတော့ ဂုဏ်ရည်တို့ သွားသမျှကို သူကိုယ်တိုင်လိုက်ပေးတယ်။ နတ်ကျွန်းသွားတုန်းကဆိုလည်း ထမင်းတွေကို ချိုင့်တွေနဲ့ သယ်လာပေးတာ။ ဒေသခံတွေပါတော့ စက်လှေကအစ အဆင် ပြေပါတယ်။

IMG 1114

ဒေသထွက်အစားအစာ


ဒေသထွက် အစားအစာတွေက အရမ်းစားကောင်းတယ်။ အဲဒီကအစားအစာတွေကို အရမ်းကြိုက်တာက ငါးဆိုလည်း ရေခဲသေတ္တာထဲ ထည့်ထား ရင်တောင်ကျစ်နေတာ။ အဲဒီက အေးစက်တဲ့ ရေထဲမှာ နေတဲ့ ငါးအသားက ကျစ်ပြီးချိုမြနေတယ်။ ပူတာအိုက ငါးကင်ကတော့ တကယ်မမေ့နိုင်စရာပါ။ ဂုဏ်ရည် အရမ်းကြိုက်တယ်။ နောက်တစ်ခုက အာလူး၊ အာလူးက လက်သန်းထိပ်လောက်ပဲ ရှိမယ်။ သေးသေးလေးတွေ၊ အဲဒီမှာ Sweet Potato လို့ခေါ်တယ်။ သူ့ဟာသူကို ချိုနေတာ။ အဲဒါကို ဓားပြားရိုက်ပြီး ကြော်စားတာ အရမ်းစားကောင်းတယ်။ အသီးအရွက်တွေကအစ အရမ်းလတ်ဆတ်ပြီး စားကောင်း တယ်။

ဒေသခံတွေရဲ့ ရိုးသားမှု

ပူတာအိုက ဒေသခံတွေက အရမ်းရိုးကြတယ်။ ဓာတ်ပုံတွေထဲမှာ မြင်ဖူးတဲ့အတိုင်းပဲ။ တကယ် အဲဒီလိုကြီးတွေနေကြတာ တောင်းကြီးတွေကို နောက်မှာ လွယ်ပြီး ထင်းတွေသယ်ကြ တကယ်အေးအေးကြီးတွေ၊ ဈေးသည်တွေဆိုလည်း ဂုဏ်ရည်တို့က ဈေးဆစ်တာ ဝါသနာပါတယ်လေ။ ဈေးစစ်ရင် သူတို့က ယူသွားလိုက်၊ ယူသွားလိုက်နဲ့ အကုန်ပေးတာ (ရယ်လျက်) အဲဒီလို၊ ဈေးတောင် မစစ်ရဲဘူး။

IMG 1097

မမေ့နိုင်တဲ့နတ်ကျွန်းခရီး

မမေ့နိုင်ဆုံးက နတ်ကျွန်းပဲ။ ရေစီး အရမ်းကြမ်းတယ်။ လှေသမားတွေက အရမ်းကျွမ်းပါတယ်။ ဒီလို ရေစီးကြမ်းတဲ့ နေရာကို ရိုးရိုးသာမန်လှေနဲ့ ဖြတ်ကျော်ခဲ့ ရတာဆိုတော့ ရင်ခုန်စရာလည်း ကောင်းပါတယ်။ နောက်တစ်ခုက နတ်ကျွန်းဆိုတာ ရေစီးအရမ်းကြမ်းတဲ့ နေရာတွေကိုဖြတ်ပြီး သွားရတဲ့ နေရာ။ အဲဒီ နတ်ကျွန်းရဲ့ထိပ်မှာ Htoo Trading ကဘုရားလာတည်ပေးထားတယ်။ ကျန်တဲ့ကိစ္စတွေကို ဘေးဖယ်ပြီး အဲဒီတစ်ခုကိုတော့ Htoo Trading ကို ကျေးဇူးတင်ပါတယ်။ ဒီလိုလူအရောက် အပေါက်နည်းတဲ့ နေရာအထိ ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင်လုပ်ပေးထားတာ ကျေးဇူးတင်ပါတယ်။ ဘုရားကတော်တော်မြင့်မြင့်မှာတည်ထားတာပါ။ မိုးရေကြီးချိန်ဆို ဒီနေရာတစ်ဝိုက်အကုန်မြုပ်ပြီး ဘုရားရင်ပြင်တော်ပေါ်အထိတောင် ရေတက်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ဧရာဝတီရဲ့ အခြေအနေ

မေခ၊ မလိခမြစ်ဆုံကြီးဟာ လွန်ခဲ့တဲ့ ၁ဝ နှစ် လောက်က အရမ်းလှခဲ့တယ်။ အခုချိန်မှာတော့ ရွှေတူးခွင့်၊ ဘာလုပ်ခွင့်စတဲ့ ဘာဘာညာညာတွေပေး လိုက်တာကြောင့် မြစ်ဆုံက ရေတွေအရမ်းနောက် ပြီးတော့ တော်တော်ဆိုးဝါးသွားတယ်။ သောင်တွေထွန်းလာပြီးတော့ ရေစီးက အရင်လောက် မရှိတော့ဘူး။ ဂုဏ်ရည်တို့ မြစ်ကြီးနားသွားလို့ လေယာဉ်ဆိုက် တော့မယ်ဆို မြင်နေရတဲ့ ဧရာဝတီက တချို့နေရာတွေ မှာ တော်တော်ကြီးကို ကျဉ်းမြောင်းပြီး သောင်တွေ ထွန်းနေပြီ။ ကြာလာရင် ဧရာဝတီက မြစ်ဆုံစီမံကိန်းကြီးလုပ်လုပ်မလုပ်လုပ် သက်ဆိုးရှည်ပါ့မလားလို့ တောင်တွေးမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည် ကိုချစ်တဲ့သူဆိုရင် ဧရာဝတီကိုချစ်ရမှာ ဂုဏ်ရည်တို့ တာဝန်ပဲဆိုတော့ စီမံကိန်းကြီးလုပ်ဖြစ်သည်ဖြစ်စေ၊ မလုပ်ဖြစ်သည်ဖြစ်စေ ဧရာဝတီမြစ်ကြီး တိမ်ကော သွားမှာကိုတော့ မလိုချင်ဘူး။ ဧရာဝတီမြစ်ကြီးဟာ အခုအန္တရာယ်ရှိတဲ့ အခြေအနေမှာ ရောက်နေပြီလို့ ပြောချင်ပါတယ်။

IMG 3083

မလိခရဲ့ အလှပ

မေခ၊ မလိခကနေ ပေါင်းဆုံပြီး ဖြစ်ပေါ်လာတဲ့ ဧရာဝတီကို မရောက်ခင် ပူတာအိုမှာရှိနေတဲ့ မလိခမြစ်ကြီးကတော့ အရမ်းလှပြီး ရေစီးအရမ်းကြမ်း တယ်။ ဒါပေမဲ့ ကြိုက်တဲ့အချိန်အောက်ကိုငုံ့ကြည့်လိုက်ရင် ဟိုးအောက်အထိအကုန်မြင်နေရတယ်။

IMG 3289

သဘာဝအတိုင်း လှနေတဲ့ ကချင်

မြို့က အရမ်းတော့ မဖွံ့ ဖြိုး၊ မတိုးတက်ဘူး။ ဒါပေမဲ့ သဘာဝအတိုင်းရှိနေပြီးသားကိုက အရမ်းလှတယ်။ ဂုဏ်ရည်တို့ နိုင်ငံခြားတိုင်းပြည်တွေကိုလည်း ရောက်ဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်မြန်မာပြည်ထဲက သဘာဝအလှ တွေရှိတဲ့နေရာ၊ လူတွေသိပ်မထိတွေ့ဖူးတဲ့ အဲဒီလို နေရာမျိုးသွားရတာ အရမ်းကြိုက်ပါတယ်။ အမှတ်တရ ဖြစ်ခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

အိအိထွေး

Go to top