st1-2

'ကျွီ'

တံခါးဘုကို ဖြည်းညင်းစွာလှည့်ရင်း ဖွင့်လိုက်မိတော့ စိမ်းရွှေရွှေအနံ့တစ်မျိုးကိုရလိုက်သည်။ ကြမ်းပြင်ပေါ်ခြေချမိပြန်တော့လည်းသဲများ တရှပ်ရှပ်။ ဧည့်ခန်းထဲရှိ ထိုင်ခုံ၊ စားပွဲတွေ ပေါ်မှာတော့ ဖုံအလိမ်းလိမ်းတက်နေသည်။ နဒီ ....ပင့်သက်တစ်ချက်ကို ရှူရှိုက်ရင်း ဧည့်ခန်းထဲကို ဝေ့ဝိုက်ကာ ကြည့်နေမိသည်။ 'အိမ်' 'အိမ်' 'ငါရဲ့အိမ်' 'ငါတို့နှစ်ယောက်ရဲ့ ကမ္ဘာငယ်' ဒီနေရာကို စွန့်ခွာလာမိတာ ဘယ်လောက်ကြာပြီလဲဟင်။အပြင်ဘက်ရှိ အလင်းရောင်တချို့ အခန်းထဲကို ဝင်လာဖို့အတွက် ခန်းဆီးတွေကို ဆွဲဖယ်ကာ ပြတင်း ပေါက်တွေလိုက်ဖွင့်လိုက်မိသည်။

'နဒီ မင်းရှိရှိသမျှ ပြတင်းပေါက်တွေ လိုက်ဖွင့်နေ တတ်တာ ဘာအကျင့်မှန်းမသိဘူး' 'အို ... ကိုကလည်း

အိမ်ဆိုတာ မိုးလင်းလာပြီဆိုတာနဲ့ ပြတင်းပေါက်တွေ အကုန်ဖွင့်ရတယ်။ ဒါမှ လာဘ်လာဘတွေ အိမ်ထဲဝင်လာမှာလေ။ အလင်းရောင်လည်း ရတာပေါ့'

ခေါင်းထဲကို အလိုအလျောက် စတင်ဝင်ရောက်လာသော အတွေးစတစ်ချို့ကို နဒီခေါင်းယမ်းကာခါ ထုတ်ပစ်လိုက်သည်။ ပြတင်းပေါက်တွေ ဖွင့်ထားပြီး ဘုရားခန်းထဲဝင်လိုက်မိတော့လည်း ဘုရားပန်းတွေ ညှိုးရော် ခြောက်သွေ့နေလေပြီ။ အရင်ဆုံး ဘုရားပန်း တော့လဲမှ ဖြစ်မည်။ နဒီအကျင့်က ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ဘုရားပန်းကိုတော့ အမြဲမပြတ်လန်းဆန်းနေအောင်ထားမှ စိတ်ကြည်လင်သလို ခံစားရလေ့ရှိသည်။ ဘုရားခန်းပြီးတော့ အိပ်ခန်းထဲကို ဝင်ကြည့် လိုက် တော့ ခုတင်ပေါ်မှာ နှစ်ယောက်အိပ်ရာ၊ ခေါင်းအုံး၊ စောင်တွေက အရင်အတိုင်း ပြန့်ကျဲလျက်။ ဖုန်တွေ တက်နေသော အိပ်ရာကို လက်ဖြင့်အသာအယာ ထိတို့ရင်းခံစားချက်တွေက အတိတ်တွေဆီအတင်း ခေါ်ဆောင် နေလေတော့သည်။

'ကို...ထတော့ကွာ။ နဒီဈေးသွားတော့မယ်၊ ပြန်လာရင် မနက်စာစားမယ်၊ ရုံးသွားမယ်၊ ထတော့ဆို၊ ကိုထမှ နဒီအိပ်ရာသိမ်းလို့ရမှာ။ ထတော့နော်။''ဟာ၊ အစောကြီးပဲရှိသေးတာကို ထသေးဘူး။ အိပ်ရာလည်းမသိမ်းနဲ့၊ ညကျလည်း အိပ်ရမှာကို ဒီအတိုင်းပဲ ထားလိုက်' 'အော်၊ ဘယ်လိုလုပ် ဒီအတိုင်းထားရမှာလဲ၊ စောင်တွေ ခေါက်ရမှာပေါ့၊ ကို တစ်ယောက်ဟာလေ စည်းကမ်းကို မရှိဘူး' ပါးပြင်ပေါ်စိုစွတ်လာသော ခံစားချက်အရ မျက်ရည်ကျနေပြီဆိုတာ သိလိုက်မိသည်။ မျက်ရည်ကို ခပ်ကြမ်းကြမ်း လက်ဖမိုးဖြင့် သုတ်လိုက်ရင်း အိပ်ခန်းထဲမှ အမြန်ထွက်လာလိုက်သည်။ အနည်းငယ် မော ဟိုက်တုန်ယင်လာရင်း ရေသောက်ရန် မီးဖိုခန်းထဲသို့ ဝင်ရပြန်သည်။ အိုးခွက်၊ ပန်းကန်တွေကလည်း အသုံးချမည့် အိမ်ရှင်မ မရှိသောကြောင့် ခြောက်သွေ့ ကာ ပင့်ကူအိမ် တွေ တန်းနေတော့သည်။ ရေခဲသေတ္တာဖွင့်လိုက်တော့လည်း ဟာလာဟင်းလင်း ရေတစ်ဘူးတောင် သောက်စရာ မရှိတော့ပေ။ သက်ပြင်းကိုသာ အခါခါ ချရင်း အိမ်ရှေ့ကို ထွက်လာကာ ဧည့်ခန်းထဲရှိ ခုံတစ်ခုံမှာ ဝင်ထိုင်နေမိသည်။ ရှေ့တည့်တည့်နံရံပေါ်မှာတော့ ကွဲအက်နေသော မှန်ဘောင်နှင့် ဓာတ်ပုံတစ်ပုံ ရှိနေလေသည်။

'အိမ်ခန်းလေးက အရမ်းသန့်တာ၊ နဒီတို့ လိုချင်တဲ့ပုံစံနဲ့ကွက်တိပဲ။ အခန်းပိုင်ရှင်ကလည်း သူ့စိတ်ကြိုက်နေဖို့ သေချာပြင်ဆင်ထားတာ။ လူကောင်းတွေကိုပဲ ရောင်းချင်တာ၊ နဒီမြင်ရင် သဘောကျမှာပါ' ပွဲစားအဒေါ်ကြီး၏ ရွှန်းရွှန်းဝေသော စကားများ နှင့်အတူ သည်အိမ်လေးကို နဒီတို့နေဖို့ နှစ်ယောက်သား စုဆောင်းထားသော ငွေလေးများဖြင့် ဝယ်ယူခဲ့ကြသည်။ အိမ်ပိုင်ရှင်အစ်ကိုကြီးကတော့ ဘယ်လိုအတွေး မျိုးဖြင့် စိတ်ကူးယဉ်ဆန်စွာ ပြင်ဆင်ထားမှန်းမသိ သော်လည်း အသစ်စက်စက် ဇနီးမောင်နှံနဒီတို့ အတွက် တကယ့်ကို အဆင်ပြေစေခဲ့သည်။

အိမ်အဝင်ဝ ဖိနပ်ချွတ်ရမည့်နေရာကို ရေကန်လေးသဖွယ်ြေ<ွကပြားများဖြင့် ဝေ့ဝိုက်ကာ ခင်းထားပြီး ကြာပန်းတုလေးများထည့်ထားသည်။ နောက်ခံကိုတော့ ရေတံခွန်ပိုစတာအကြီးကြီးတစ်ခု နံရံတွင်ကပ်ထားသည်။ ရေဆိုသည်မှာ အေးချမ်းမည့် နိမိတ်ပင်မဟုတ်ပါလား။ ဝင်လာသူများမှာ ရေကန် ငယ်လေးတစ်ခုဖြတ်ပြီးမှ အိမ်ထဲသို့ ဝင်လာသလိုဖြစ် အောင် ဖန်တီးထားသည့် စိတ်ကူးလေးက နှစ်လိုဖွယ်ရာပင်။ ဒီနေရာလေးမှာ နဒီတို့ရဲ့ ဘဝတွေစမည်။ဒီနေရာလေးဟာ နဒီတို့ရဲ့ အိမ် (သို့) လုံခြုံ နွေး ထွေးရာ မေတ္တာရိပ်မြုံ။ ဒီနေရာလေးကို အစဉ်အမြဲ တည်တံ့နေအောင် ထိန်းသိမ်းစောင့်ရှောက်သွားကြမည်။အိမ်ထောင်တစ်ခုတည်ဖို့ ဘာတွေလိုတယ်။ ဘယ်လိုတွေလုပ်ရမယ်။ ဘာတွေရှောင်ရမယ်စသည့် ဆွေမျိုးအသိုင်းအဝိုင်းတွေပြောကြတဲ့ စကားတွေ အားလုံးကို လျစ်လျူရှုကာ ကိုယ်နေထိုင်မည့် ကမ္ဘာ ငယ်တစ်ခုကို နှစ်ယောက်သားစိတ်တိုင်းကျ တည်ဆောက်ခဲ့ကြလေသည်။

နဒီ့မှာ ငယ်ငယ်လေးကတည်းက အိမ်ကို ခင်မင် တွယ်တာသည့် အလေ့အထရှိသည်။ ကိုယ့်အိမ်၊ ကိုယ့်အိပ်ရာမှလွဲ၍ တခြားအိမ်၊ တခြားအိပ်ရာမှာ မအိပ်တတ်။ မွေးဖွားကြီးပြင်းရာ မိသားစုကလည်း မေတ္တာတရားကို အခြေပြုကာ ရင်းနှီးနွေးထွေးသည့် မိသားစုထဲမှာ နေထိုင်ခဲ့ရသည်။ နဒီ့မေမေကိုယ်တိုင် ကလည်း အိမ်ထောင်ကျပြီးကတည်းက ကိုယ့်အိမ်၊ ကိုယ့်မိသားစုထဲတွင်သာ စိတ်ရောကိုယ်ပါ မြှုပ်နှံထား သူဖြစ်တာကြောင့်လားမသိ။ နဒီကလေးဘဝမှာ ကိုယ့်အဖိုးအဖွား၊ ဆွေမျိုးအိမ်တွေဆီ အလည်သွား ရင်တောင် ညအိပ်ညနေသွားလေ့မရှိပေ။ ငယ်စဉ်ကတည်းက နေထိုင်လာရသည့် နဒီ့ အိမ်သည် နဒီအိမ်ထောင်ပြုပြီးသောအခါ နေရာပြောင်း သွားခဲ့သည်။ ယခုဒီအိမ်ကတော့ နဒီ့ရဲ့အိမ်၊ နဒီပြုစုပျိုးထောင်ထိန်းသိမ်းရမယ့် အိမ်ထောင်၊ နဒီသားစဉ် မြေးဆက်အဆက်ဆက် ပျော်ရွှင်စွာ နေထိုင်သွားရ မယ့် နေရာဟု ထင်မှတ်မိခဲ့သော်လည်း အရာရာမတည်မြဲခြင်းဆိုတဲ့ တရားကို နဒီမေ့လျော့နေခဲ့ သည်။

အိမ်မှာနေစဉ်တုန်းက တံမြက်စည်းတစ်ချက်တောင် စိတ်ပါမှထလှည်းတတ်သူ နဒီတစ်ယောက် ချစ်ခင်သောသူနှင့် တစ်သက်တာ အတူနေရတော့မည် ဆိုတော့ စိတ်ကူးတွေယဉ်ကာ ကိုယ့်အိမ်ခန်းကျဉ်း ကျဉ်းလေးကို စိတ်တိုင်းကျပုံဖော်နေရသည်က မောရ ပန်းရမှန်းပင် မသိတော့ချေ။ နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရသည့် အိမ်မှုကိစ္စများကို တတ်သလောက် မှတ်သလောက် လုပ်ကိုင်ရင်း၊ သင်ယူရင်းဖြင့် ပျော်ရွှင် ဖွယ်ရာ အိမ်ထောင်ဦးကာလများကို ဖြတ်သန်းခဲ့ရဖူး သည်။ ပြန်တွေးကြည့်ရင် လွမ်းစရာတော့ အကောင်းသားပင်။နဒီ့စိတ်တိုင်းကျ ဖန်တီးတည်ဆောက်ခဲ့သော သည်အိမ်ခန်းလေးကို နဒီချစ်သည်။ နဒီ့အိမ်တွင် ခေတ် ပေါ်အဆောင်အယောင်များ မရှိစေဦးတော့နဒီ့အိမ် မှာမည်မျှဝေးလံခေါင်ဖျားသော အရပ်တွင်ရှိစေဦး တော့၊ နဒီ့အိမ်တွင် မည်သို့သော
အဆင်မပြေမှုတွေရှိစေဦး တော့၊ မေတ္တာတရားတွေ ပျံ့နှံ့ရာနေရာတွင်သာ နဒီ နေထိုင်မည်။

နဒီရော သူရောမှာ ရုံးအလုပ်ကိုယ်စီနှင့်မို့ မနက် ဆို နှစ်ယောက်သားအတူတူ ရုံးသွား၊ မိုးချုပ်မှ တစ် ယောက်တစ်ကွဲစီပြန်။ စနေ၊ တနင်္ဂနွေပိတ်ရက်များ တွင်တော့ ဖွယ်ဖွယ်ရာရာ ဟင်းများချက်စားကာ ကြိုက် နှစ်သက်ရာ ဇာတ်ကားများကြည့်ရင်းအတူတူ အပန်းဖြေအနားယူကြသည်။တစ်ရက်မတွေ့ရရင် မနေနိုင်ပါဘူးဟုဆိုခဲ့ကြသော ချစ်သူရည်းစားအရွယ်တွေလည်း မဟုတ်တော့တာကြောင့် အရာရာကို နဒီသည်းခံနားလည်နိုင် အောင် ကြိုးစားခဲ့သည်။ ကိုယ်ချစ်လို့ ယူခဲ့သည့်၊ အားကိုးကာဘဝတစ်ခုကို တည်ဆောက်ခဲ့သည့် ယောက်ျားသားတစ်ယောက်မှာ သာမန်ယောက်ျားတွေနဲ့မတူတဲ့ အတွေးအခေါ်၊ အမူအကျင့်တချို့ရှိတာကိုတော့ အတူတူပေါင်းသင်း နေထိုင်ရင်းမှ နဒီသိရှိခဲ့ရသည်။ ဒါလည်းကိစ္စမရှိပေ။ 'လူအကြောင်းပေါင်းမှသိ' ဆိုသည့် စကားပုံလည်းရှိပေသည်မဟုတ်လား။ သို့ပေမဲ့ လူနှစ်ယောက်၏ စိတ်ကူးအိပ်မက်တွေ နှင့် တည်ဆောက်ထားသည့် အိမ်လေးအပေါ်တွင် ထပ်တူညီခြင်းမရှိသည့်တိုင် ယုတ်လျော့ခြင်းမရှိသော ချစ်ခြင်းတရားများ၊ တန်ဖိုးတရားများရှိဖို့တော့ လိုအပ် သည်ဟု နဒီထင်သည်။ အချစ်တစ်ခုတည်းဖြင့် ထို အိမ်လေးအား ပြီးပြည့်စုံအောင် မဖြည့်တင်းနိုင်သော ကြောင့် နဒီတို့တွေ အလုပ်လုပ်ရသည်။ စီးပွားရှာရ သည်။ ကြိုးစားတည်ဆောက်ကြရသည်။ သူ့မိဘများ အိမ်တွင် ရံဖန်ရံခါညအိပ်ညနေသွားနေသော်လည်း နဒီ့အိမ်လေးအား ရက်နည်းငယ်ခွဲရုံမျှဖြင့် လွမ်းဆွတ် နေခဲ့သည်။ စိတ်မချနိုင်သောကြောင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်ရောက်တာနဲ့ အိမ်ကိုသာ အပြေးပြန်လာမိသည်။ 'နဒီရေ...ကိုယ်ဒီနေ့ သူငယ်ချင်းတွေနဲ့ တွေ့မှာ မို့ နည်းနည်းနောက်ကျမယ်နော်။ နဒီအိပ်ရင် အိပ်နှင့် ကိုယ့်ကိုမစောင့်နဲ့တော့' စုစုပေါင်း နှစ်ယောက်သာ နေထိုင်သော အိမ် တွင် တစ်ယောက်မရှိလျှင် ကျန်တစ်ယောက်က ဘယ်လို နေထိုင်ရမည်နည်း။ နှစ်ဦးသားရယ်မောသံ၊ စကားသံ များနှင့် ပြည့်လျှမ်းနေခဲ့သော အိမ်လေးမှာ ဖွင့်ထား သော တီဗွီထဲမှ အသံများကသာ ကြီးစိုးနေခဲ့သည်။ အတူတူစားရန်ပြင်ထားသော ထမင်းဝိုင်းမှာလည်း ဟင်းများက အရာမယွင်း။ ညနက်နက်ထဲထိ အေးစက်နေသော အိပ်ရာပေါ်တွင် တစ်ယောက်တည်းမည်သို့သော လုံခြုံစိတ်ချမှုများနှင့် အိပ်စက်ရပါမည်နည်း။

ထိရှပါများတော့လည်း အက်ကြောင်းထင်ကာ ကွဲအက်လာတော့သည်။ ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ ဘဲ စိတ်တို့၏ ဖောက်ပြန်တတ်သော သဘောတရားဟုသာ မှတ်ယူနေမိတော့သည်။ တစ်ယောက်နဲ့တစ် ယောက် မကျေနပ်မှုများဖြင့်သာ ရံဖန်ရံခါ အော်ဟစ် ပေါက်ကွဲရင်း တစ်ခါတစ်ရံ တိတ်ဆိတ်ငြိမ်သက်ကာ ကြေကွဲရင်း အိမ်ကလေးတွင် နေထိုင်သော သက်တမ်း ကိုဆွဲဆန့်ခဲ့ကြသည်။ လက်တွဲဖော်မှာ လွတ်လပ်သည့် အနုပညာတွင် ဈာန်ဝင်စားတတ်သည့် စာရေးဆရာဖြစ်သလို နဒီ့၏ စိတ်ကလည်း အလွန်အမင်း ခံစားတတ်သော၊ တွယ်တာလွန်းသော၊ အယုံလွယ်လွန်းသောစသည့် အား နည်းချက်များရှိပေသည်။ ကိုယ်ချစ်ခင်မြတ်နိုးရသူကို ကိုယ်ဖန်တီးထားသော သည်အိမ်လေးတွင် ထာဝရ နေထိုင်နိုင်ရန် မဆွဲဆောင်နိုင်ခဲ့သည်မှာ နဒီ့၏ ညံ့ဖျင်း မှုသက်သက်သာ ဖြစ်ပါလိမ့်မည်။ သည်အိမ်လေးတွင် အများနည်းတူ သာယာပျော်ရွှင်ဖွယ် မိသားစုဘဝ တစ်ခုတည်ဆောက်ကြမည်ဆိုသည့် ယုံကြည်ချက်တို့လည်း တဖြည်းဖြည်း ဝေဝါးစပြုလာချိန်...တစ်နေ့။

'ခွမ်း...'
'ဟာ...နဒီ မင်းဘယ်လိုလုပ်လိုက်တာလဲ။ ဒါ ငါတို့ရဲ့ မင်္ဂလာဦးဓာတ်ပုံလေ'
'ခွဲပစ်လိုက်တာလေ...ဘာလို့လဲ'
'မင်း...မင်းဒီလောက် ရိုင်းစိုင်းပြီး လုပ်ရက်လိမ့် မယ်လို့ ငါမထင်ထားဘူး'
'ဟုတ်တယ်..ကျွန်မက ရိုင်းစိုင်းတယ်။ ကို့ အပေါ်သည်းခံပြီး မျိုသိပ်ရတာတွေများတော့ ကျွန်မ ရိုင်းတတ်လာတယ်'
'ဓာတ်ပုံခွဲပစ်လိုက်တယ်ဆိုတဲ့ သဘောက မင်းငါနဲ့ ဇာတ်လမ်းပြတ်ချင်ပြီဆိုတဲ့ သဘောလား'

'ထင်ချင်သလိုထင်နိုင်တယ်။ ဘာလဲ ဒီဓာတ်ပုံ လေးတစ်ခုကွဲတာကို ကို့စိတ်ထဲမှာ ဒီလောက်ဖြစ်နေ ရင် နဒီ ဒီအတောအတွင်း ဘယ်လိုတွေ ခံစားခဲ့ရလဲ ဆိုတာကို ကိုယ်ချင်းစာမိရဲ့လား... ယောက်ျားတစ်ယောက်နဲ့ အတူတူနေချင်လို့၊ အတူတူစားချင်လို့၊ အတူတူ အိပ်စက်ချင်လို့၊ အတူတူ နိုးထချင်လို့၊ အတူတူသွား ချင်လို့၊ နှစ်ယောက်တစ်ဘဝ တည်ထောင်မယ်ဆိုပြီး နဒီ့အပေါ်ကို ထာဝရကြင်နာနိုင်မယ်ထင်လို့ ကို့ကို လက်ထပ်ခဲ့တာ။ ဒါပေမဲ့ အခုအချိန်မှာ ထင်တာနဲ့မြင် တာနဲ့ ခံစားရတာတွေနဲ့က တခြားစီပဲ။ ကိုက ကိုယ်ဖြစ်ချင်တာကိုပဲ တွေးတယ်။ ကိုလုပ်ချင်တာ ကိုပဲလုပ်တယ်။ နဒီ့အပေါ်မှာ စိတ်ချ ယုံကြည်မှု အပြည့်ပေးထားတယ်ဆိုပြီး လျစ်လျူရှုခဲ့တယ်။ နဒီ့ခံစားချက်တွေ မှန်သမျှကိုလည်း ရင့်ကျက်တဲ့ စိတ်မရှိဘူးဆိုပြီး ပယ်ချခဲ့တယ်။ ရင့်ကျက်တဲ့ မိန်းမ တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲကို...တစ်ပတ်မှာ သုံးလေးရက် ညသန်းခေါင်ယံအချိန်ကျမှ မူးပြီး အိမ်ပြန် လာတဲ့ ယောက်ျားတစ်ယောက်ကို အပြုံးမပျက် ကြိုဆိုတတ်တဲ့ မိန်းမလား။ သူများ လင်မယားတွေ လက်တွဲပြီး အတူတူအပြင်ထွက်လည်ပတ် ပျော် ရွှင်နေကြတဲ့အချိန်မှာ အိမ်မှာတစ်ယောက်တည်း တီဗီကြည့်နေတတ်တဲ့ မိန်းမလား။ ဒါမှမဟုတ် နေ မကောင်းဖြစ်တဲ့အချိန် ဆေးခန်းကို တစ်ယောက်တည်း သွားပြနိုင်ရမယ့် မိန်းမလား။ မီးပျက်လို့ တစ်တိုင်းပြည် လုံးမှောင်နေတဲ့အချိန် အိမ်မှာကြောက်စိတ်ဝင်လာလို့ ဖုန်းဆက်ရင်တောင် 'ငါက နဏဃ မဟုတ်ဘူး'ဆိုတဲ့ သူစိမ်းဆန်တဲ့ ကို့ရဲ့စကားတွေ၊ အေးစက်တဲ့ အပြုအမူ တွေ၊ အသက်မပါတဲ့ ခံစားချက်တွေကြားမှာ နဒီကြာ ကြာမနေနိုင်တော့ဘူး' 'မင်းမနေနိုင်သလို ငါလည်း မနေနိုင်ဘူး။ ငါလည်း မင်းနဲ့နေရတာ မွန်းကျပ်လာပြီ။ ပြော...မင်းဘာဖြစ်ချင် လဲ' ဆိုတဲ့ ကို့ရဲ့ တန်ပြန်မေးသံကြားမှာ နဒီ့ပါးစပ်က တရစပ်ထွက်ကျနေတဲ့ စကားသံတွေ ဆွံ့အသွားခဲ့ပါသည်။

'မွန်းကျပ်တယ်တဲ့လား'
'အိမ်ပြန်လာရမှာ ကြောက်နေတယ်တဲ့လား'
'မျက်နှာချင်းတောင် မဆိုင်ချင်တော့ဘူးတဲ့ လား'

တံခါးဆောင့်ပိတ်သံနဲ့အတူ လှေကားပေါ်မှ ခြေသံပြင်းပြင်းနှင့် ဆင်းသွားသံကို ကြားလိုက်ရသည်။ မုန်တိုင်းအပြီးမှာ ကျန်ရစ်ခဲ့တဲ့ နေရာတစ်ခုလိုအရာရာသည် လဲပြိုပျက်စီးလျက်။ ကြေမွသွားသော ဓာတ်ပုံမှာ နဒီတို့နှစ်ယောက်ရဲ့ ဖြစ်တည်ခြင်းတွေ ကွဲအက်သွားခဲ့တာ အသေအချာပင်။


နှစ်ယောက်အတူတူနေကြမည်ဟု တည်ဆောက်ခဲ့သော အိမ်လေးမှာ နှစ်ယောက်အတူတူမရှိ နေနိုင်မှတော့ နဒီတစ်ယောက်တည်း ဆက်မနေချင် တော့တာကြောင့် အိမ်ကိုသော့ခတ်ပြီး သူငယ်ချင်းတစ်ယောက်နှင့် အဆောင်မှာ သွားနေခဲ့သည်။ သုံးလ လောက်နေတော့ သူငယ်ချင်းဖြစ်သူက အခန်းပြန်အပ် ပြီး နယ်ပြန်တော့မယ်ဆိုတာကြောင့် နေစရာ ရုတ်တရက်စဉ်းစားလို့မရ။ နောက်ဆုံး ကိုယ့်အိမ်လေးဆီ ပြန်ရောက်ဖြစ်သည်။ အခန်းတံခါးကိုဖွင့်လိုက်သည် နှင့် အတိတ်တွေကို ပြန်ပြောင်းသတိရနေမိကာ လေတိုက်၍ တံခါးဆောင့်ပိတ်သံကြားမှပဲ အတွေးစတွေအမျှင် ပြတ်သွားတော့သည်။

'အင်း..ဟုတ်တယ်..ဒါ ငါ့နားခိုရာ...ငါနေရမယ့် အိမ်...ဘယ်သူရှိရှိ မရှိရှိ ငါရှိဖို့လိုတယ်။ ဘယ်သူနေ နေမနေနေ..ငါနေဖို့ လိုတယ်'ဟု ကိုယ့်ကိုယ်ကိုယ် နှစ် သိမ့်ရင်း ဆံပင်တွေကို စုစည်းကာ ကလစ်ကြီးဖြင့် အပေါ်ညှပ်တင်လိုက်သည်။ ဧည့်ခန်းကို အရင်ဆုံးဖုန်တွေပြောင်သွားအောင် တံမြက်စည်းလှည်း၊ ရေစိုဝတ်ဖြင့်ကြမ်းတိုက်၊ စာအုပ် တွေ၊ စာအုပ်စင်တွေကိုလည်း ဖုန်ခါရဦးမည်။ စာရေးဆရာနှင့် စာဖတ်ဝါသနာပါသူနှစ်ဦးတို့ နေထိုင်သော အိမ်မို့ နဒီတို့ အိမ်မှာ တခြားဇိမ်ခံပစ္စည်းများ မရှိသော် လည်း စာအုပ်တွေကတော့ ပေါများလွန်းလှသည်။ စာ အုပ်တွေဖုန်သုတ်ရင်း စာအုပ်များကို တန်ဖိုးထား ချစ် တတ်သူကိုလည်း သတိရမိပြန်သည်။ သူ့အသည်းနှလုံးထဲမှာ နဒီ့ထက်အရင်စာအုပ် တွေ၊ သူယုံကြည်သည့် စာပေတွေက တော်တော်များ များ နေရာယူထားတာကိုတော့ ရင်နာနာနဲ့ လက်ခံရ ပေလိမ့်မည်။ လစာထုတ်လာသည်ဖြစ်စေ၊ အလုပ်ဖြစ် လို့ ပိုက်ဆံရလာသည်ဖြစ်စေ သူများတွေလို အင်္ကျီ ဝယ်မယ်၊ ဘောင်းဘီဝယ်မယ်၊ ဟိုဟာဒီဟာဝယ်မယ် မစဉ်းစားဘဲ စာအုပ်များကို နှမြောတွန့်တိုခြင်းမရှိ ဝယ်ယူတတ်သည်ကလည်း သူ့ဝါသနာပင်။ ဒီအိမ်စ ပြောင်းလာခါစက သူ့စာအုပ်တွေ တစ်ဝက်ကျော် ကျော်လောက် နဒီဖျက်ဆီးလိုက်မိခြင်းသည်လည်း နဒီ့အပေါ် သူမကျေနပ်သည့် အကြောင်းရင်းတစ်ခုဖြစ် ပေလိမ့်မည်။

အိမ်မပြောင်းခင်တစ်ရက်အလိုတွင် အားလပ် ရက်နှင့်လည်း တိုက်နေသဖြင့် ပစ္စည်းတစ်ဝက် လောက်နှင့် သူ့စာအုပ်များကို နဒီအလုပ်သမားငှားကာ အိမ်သို့ ကြိုရွှေ့စေခဲ့သည်။ ပစ္စည်းများ၊ စာအုပ်များချပြီး ပြောင်းလာလျှင် ရေသုံးလို့ရအောင် အုတ်ကန်ထဲ ရေ ဖြည့်ခဲ့မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရေဘားကို ဖွင့် ခဲ့ကာ ပြန်ခါနီးပိတ်ဖို့ မေ့နေခဲ့သည်။ နောက်တစ်နေ့ မနက်တွင်တော့ ရေများတစ်အိမ်လုံးပြည့်လျှံကာ ကြို ရွှေ့ထားသည့် ပစ္စည်းတွေရော သူ့စာအုပ်တွေပါ အကုန် စိုကုန်တော့သည်။ ခင်းထားသည့် ပါကေးတွေလည်း ပျက်စီးကုန်သဖြင့် အကုန်အသစ်ပြန်ခင်းရပြီး ပြောင်း ရွှေ့မည့်ရက်ကိုလည်း တစ်ပတ်နောက်ဆုတ်လိုက်ရ သည်။ ပျက်စီးသွားသော သူ့စာအုပ်များကိုကြည့်ပြီး သူပြောသွားတဲ့ စကားကတော့ တစ်ခွန်းပါပဲ။ 'မင်း.. ငါ့ဘဝကို ဖျက်ဆီးလိုက်သလိုပဲတဲ့ 'နဒီလည်း တော် တော်စိတ်မကောင်းဖြစ်ခဲ့ရသည်။ စာအုပ်စင်ကိုရှင်းလင်းပြီး အိပ်ခန်းထဲက ခုတင် ကိုရှင်း ဖုန်ခါ၊ အခင်းတွေ အသစ်လဲ၊ လျှော်စရာရှိတာ တွေကို လျှော်၊ အမှိုက်တွေပစ်နဲ့သုံးလလောက်ပစ် ထားခဲ့သော အိမ်ကို တစ်နေ့တည်းမှာပင် စုပြုံလုပ် အပြီးမှာ ညရောက်သွားခဲ့ပြီ။ ညစာကို အပြင်မှာထွက် စားပြီး တစ်ယောက်တည်းဘာလုပ်ရမှန်းမသိတာနဲ့ တီဗွီဖွင့်ကြည့်ကာ သူဝယ်ထားသော အခွေတစ်ခွေကို ထိုးကြည့်နေလိုက်သည်။ အခွေဖွင့်ထားရင်းပင် မကြည့်ချင်တာကြောင့် ဝရန်တာကို ထွက်ခဲ့တော့ ပတ်ဝန်းကျင် အိမ်တိုင်းမှာ လူစုံတက်စုံပြန်ရောက် သည့် ညအချိန်မို့ ညစာစားသံ၊ စကားပြောသံ၊ တီဗွီထဲမှ အသံတွေဖြင့် ဆူညံနေသည်။

လူတွေဟာ တစ်နေ့တာ လုပ်ငန်းခွင်ဝင်၊ လုပ် ဆောင်စရာကိစ္စများ ပြီးစီးတာနဲ့ အချိန်တန်အိမ်ပြန် ကြသည်ပဲ။ ဆင်းရဲတဲ့ အိမ်ဖြစ်ချင်ဖြစ်မယ်၊ ချမ်းသာ တဲ့အိမ်ဖြစ်ချင်ဖြစ်မယ်၊ မိသားစုစုံစုံလင်လင်နဲ့ ပျော် စရာကောင်းတဲ့ အိမ်ဖြစ်ချင်ဖြစ်မယ်၊ နဒီ့လိုမျိုး တစ် ကိုယ်တည်း တိတ်ဆိတ်စွာ နေရမယ့် အိမ်ဖြစ်ချင်ဖြစ် မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ပြန်ရောက်ဖို့ပါပဲ။ နဒီက တော့ အိမ်ပြန်ရောက်ခဲ့ပြီ။ ဒါဆို..သူကရော။ ဖွင့်ထားခဲ့သော အခွေကလည်း ပြီးသွားပြီ။ နဒီ ပိတ်ပြီး ဘုရားရှိခိုးကာ အိပ်ရာဝင်ဖို့ ပြင်လိုက်သည်။ အိပ်ခါနီးသွားတိုက်ရန် သွားတိုက်ဆေးထည့်တော့ အကျင့်ပါပြီး သွားပွတ်တံနှစ်ခုစလုံးကို ထည့်မိသည်။ နှစ်ယောက်နေသောအိမ်မှာ ဘာမဆိုနှစ်ယောက်စာ လုပ်တတ်သော အကျင့်ကပါနေသည်ပဲ။ နှစ်ယောက်စာမှ တကယ့်ကို နှစ်ယောက်စာကွက်တိ။ 'နဒီတို့ အိမ်သွားလည်ပြီး ညအိပ်ညနေ ဧည့်သည်လုပ်ဖို့များ စိတ်မကူးနဲ့၊ စားဖို့သောက်ဖို့ ပန်းကန်၊ ဇွန်း၊ စောင်၊ ခေါင်းအုံးတို့ကအစ သူတို့နှစ်ယောက်စာပဲ ရှိတယ်'ဟု နဒီတို့ကို မိသားစုဆွေမျိုးများက အမြဲစနောက်တတ် သည်။ နဒီကလည်း တမင်ကို အသုံးအဆောင်ပစ္စည်းများကို နှစ်ခုထက်ပိုကာ မဝယ်ထားတတ်ချေ။ တကယ့် ကိုနှစ်ယောက်တစ်ကမ္ဘာပါပဲ။ 'တစ်ကိုယ်ရေညများထဲ အိပ်မပျော်နိုင်ခဲ့သူ' ဆိုသလို နဒီတစ်ကိုယ်တည်း အိပ်စက်ရပေတော့ မည်။ အရင်တုန်းကတော့ ဘေးနားမှာ တစ်ယောက်ရှိနေတယ်ဆိုတဲ့ ခံစားချက်က ညနက်တွေထဲမှာ စိတ်ချလုံ ခြုံနေခဲ့သည်ပဲလေ။ ပုံစံအမျိုးမျိုးပြောင်းလဲအိပ်စက် ရင်း၊ လူးလွန့်ရင်း ဘယ်လိုမှအိပ်မပျော်တာကြောင့် ငုတ်တုတ်ထထိုင်မိတော့သည်။

'ကို...ကို'
'ကိုရေ..ထပါဦး'
'အင်း..အင်း..ဘာလဲ နဒီရာ'
'နဒီ အိပ်မပျော်လို့'
'ဟာကွာ..ဒါဆို စာအုပ်ဖတ်လိုက်...မျက်လုံး ညောင်းပြီး အိပ်ပျော်သွားလိမ့်မယ်'
'အင်း'
'ကို..ကို'
'ဟင်..'
'အပြင်မှာ စာအုပ်ဖတ်ရတာ ခြင်ကိုက်တယ်.. ဘယ်လိုလုပ်ရမလဲ'
'ဒါဆို...ဘုရားစာဆိုနေ...စိတ်ထဲက ဝင်သက် ထွက်သက်မှတ်နေလိုက်'
'အင်း'
'လုပ်ပြန်ပြီ နဒီရာ..ဘယ်ထွက်ဦးမလို့လဲ... အိပ် ဆေးသောက်မလို့ မဟုတ်လား...ဒီဆေးတွေ မသောက် ပါနဲ့ဆို ပြောလို့လည်း မရဘူး'

ဒီလိုနဲ့ ခြင်ထောင်ထဲဝင်လိုက် ထွက်လိုက်လုပ် နေတော့ ခြင်တွေဝင်ပြီး သူပါ တစ်ညလုံး မအိပ်ရတော့ဘူးလေ။ ခုလည်း အိပ်ဆေးပဲ သောက်ရင်ကောင်းမလား အတွေးနဲ့ အပြင်ထွက်ဖို့ စဉ်းစားမိသည်။ 'မဖြစ်သေး ပါဘူး။ ခြင်တွေဝင်ဦးမယ်' ခြင်တွေဝင်တော့ရောဘာအရေးလဲ..နဒီက အိပ်ပျော်သွားရင် ခြင်ကိုက်တာ မပြောနဲ့ ဆင်ကိုက်ရင်တောင် နိုးတော့တာ မဟုတ် ဘူး။ ခြင်ဝင်တာနဲ့ အိပ်မရတာက သူလေ...။ သူနောက်ကျတဲ့ ညတွေ၊ ပြန်မလာတဲ့ ညတွေ မှာ တစ်ယောက်တည်း အပူအပင်ကင်းစွာ အိပ်နိုင်ပေ မဲ့ ဒီနေ့မှာ အိပ်မပျော်တဲ့ ကိုယ့်အဖြစ်ကို ကိုယ်ဒေါသ ဖြစ်မိတယ်။

'ဒေါက်...ဒေါက်...ဒေါက်' တံခါးခေါက်သံတိုးတိုးလေးကြားတော့ နဒီ ခေါင်းထောင်သွားတယ်။ ဒီအချိန်ကြီး ဘယ်သူလာ တာပါလိမ့်။
အိပ်ခန်းမီးကိုဖွင့်ပြီးထပ်နားစွင့်ကြည့်တော့...

'ဒေါက်...ဒေါက်...ဒေါက်'

တံခါးခေါက်သံက မှန်မှန်ထွက်ပေါ်လာစမြဲ။ စိတ်ထဲမှကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့...မီးတွေ တစ်အိမ်လုံးလင်းနေအောင် ဖွင့်လိုက်ပြီး တံခါးဆီ သွားကာ ချောင်းကြည့်ပေါက်သေးသေးလေးကနေ ကြည့်လိုက်တော့....

'အား...အပြင်မှာ...အေးလိုက်တာကွာ...ရာသီက ဆောင်းကုန်ခါနီးမှ ဘာလို့ဒီလောက်အေးနေ လည်း မသိဘူး။ နဒီရေ..ကိုယ့်ကို လဲဝတ်ဖို့ ပုဆိုးနဲ့ အင်္ကျီ ထုတ်ပေးပါဦး။ ခြေလက်ဆေးလိုက်ဦးမယ်' ပြောပြောဆိုဆို ကျောပိုးအိတ်ကို စာကြည့်စားပွဲနားမှာချ အင်္ကျီတွေချွတ်၊ ပုဆိုးဟောင်းတစ်ထည်ကောက် လဲ၊ ရေချိုးခန်းထဲဝင်သွားသည့် သူ့ကိုမြင်တော့ နဒီအံ့သြ ပျော်ရွှင်သွားပေမဲ့ မသိချင်ယောင်ဆောင်၊ အလိုက် သင့်နေ နေလိုက်သည်။ ရေချိုးခန်းထဲက ထွက်လာပြီး ပုဆိုးနဲ့စပို့ရှပ် အင်္ကျီကောက်လဲလိုက်ကာ ခုတင်ပေါ်တက်မယ့် အချိန်မှာ နဒီအော်လိုက်မိသည်။

'ဟေ့...သွားတိုက်ရဦးမယ်လေ'
'ဟင်'
သူနားမလည်သလို တစ်ချက်ကြည့်လိုက်ပြီးမှ..
'အော်..ဟုတ်သားပဲ ကိုယ်မေ့သွားတယ်'
ကဲ..နဒီအိပ်တော့မယ်။ မနက်ရုံးတက်ရဦးမယ်။ ဟင်းလည်း ထချက်ရဦးမယ်။ အိပ်မပျော်ခင် သူ့ကို တစ်ခွန်းတော့ မေးလိုက်မိသည်။'ကိုရေ...ဘာလို့ ပြန်လာတာလဲဟင်' 'ကိုယ့်အိမ်ကို ကိုပြန်လာတာလေ။ အပြင်မှာ အရမ်းအေးတော့ သွားစရာနေရာမရှိတော့ဘူးကွ။ လုံခြုံနွေးထွေးတဲ့ အိမ်လေးထဲက အိမ်ရှင်မဆီကို ပြန်လာခဲ့တာ' 'ကိုထွက်သွားပြီးကတည်းက....' ကို့စကားသံတွေ နားထောင်ရင်း စိတ်ထဲ လုံခြုံ ချမ်းမြေ့သွားကာ ခုမှပဲ နဒီအိပ်ချင်လာတော့သည်။

ဆောင်းနှင်းဖြူ

Go to top