slv

(၁)

ဆောင်းလေအေးအေးများ တိုက်ခတ်နေသော နေ့တစ်နေ့တွင် ကျောပိုးအိတ်လေးတစ်လုံးကို လွယ်ကာအမေ့အိမ်သို့ ပြန်ချင်ပါသေးသည်။ ခြံစည်းရိုးပေါ်တွင် နွယ်တက်နေသော ဒီဇင်ဘာပန်းနွယ်များတွင် နှင်းစက်လေးများ တွဲလွဲခိုနေကြပါလိမ့်မည်။ လမ်းထောင့်ချိုးရောက်လျှင် ဒီဇင်ဘာပန်းရံနံ့များကိုရမည်။ ခြံတံခါးအပေါ်တွင် အုပ်မိုးနေသော ဒီဇင်ဘာပန်းရုံလေးအောက်ရှိ ခြံတံခါးရွက်လေးနှစ်ရွက်စေ့ရုံသာ စေ့ထား မည်ကို ချိုလဲ့ သေသေချာချာသိပါသည်။ အမေဟုအော်ခေါ်လိုက်လျှင် အိမ်ပီသသော အိမ်ကလေးထဲမှ အမေပီသသော အမေသည် မေတ္တာဝတ် ရုံကိုခြုံပြီး ဝမ်းမြောက်ဝမ်းသာပြုံးပြုံးကြီးထွက်ကြိုမည်ကိုလည်း ချိုလဲ့သေချာပေါက်သိပါသည်။ အမေ့အိမ်ဆိုသည်မှာ ချိုလဲ့အတွက် ဆယ့်နှစ်လရာသီစလုံး နွေးထွေးချမ်းမြေ့သော နေရာဖြစ်ခဲ့ပါသည်။

(၂)

အိမ်ဆိုသော စကားလုံးတစ်လုံး၏ အဓိပ္ပာယ်စစ်စစ်မှာ

အဆောက်အဦတစ်ခုကို ပိုင်ဆိုင်ရုံမျှဖြင့်အပိုင်မရနိုင်သော သိမ်မွေ့သည့် စကားလုံးတစ်လုံး ဖြစ်ပါသည်။ အမေဟူသော စကားလုံးတစ်လုံး၏ အဓိပ္ပာယ်စစ်စစ်မှာလည်း သားသမီးများကို မွေးထုတ် ပေးရုံဖြင့် ရရှိပိုင်ဆိုင်နိုင်သော ထိုက်တန်သော စကား လုံးတစ်လုံးမဟုတ်ပါ။ လူတစ်ယောက်သည် အိမ်ပီသသော အိမ်မှာ၊ အမေပီသသော အမေတစ်ယောက်ရဲ့ ရင်ခွင်မှာ နေထိုင် ရှင်သန်ခဲ့ဖူးပါရဲ့လား၊ နေထိုင်ရှင်သန်နေပါသလား၊ နေထိုင်ရှင်သန်ခွင့်ရပါဦးမည်လားဆိုသော မေးခွန်း များကို သက်သောင့်သက်သာ ပြန်လည်ဖြေဆိုနိုင်ဖို့ ဆိုလျှင် ထိုသူတွင် မေတ္တာဖြင့် လွှမ်းခြုံကာကြီးပြင်း ရှင်သန်ခဲ့ရသော နေရာလေးတစ်ခုရှိခဲ့ရပါလိမ့်မည်။ သို့မဟုတ် ဘဝအမောတွေကြားမှ လှစ်ခနဲ အပြေးပြန် ကာ ခိုနားရမည့် နေရာလေးတစ်ခုရှိကို ရှိရပါလိမ့် မည်။ လူပီသသော လူများသာလျှင် အိမ်ပီသသော အိမ်၌ နေထိုင်ခွင့်ရပြီး မေတ္တာတရားပြည့်ဝသော အမေသည်သာလျှင် ထိုအိမ်ကလေးကို နွေးထွေးစေ ပါလိမ့်မည်။

(၃)

'ဒီလို ကိုယ့်အိမ်ကလေးနဲ့ ကိုယ်နေရဖို့ အမေ့ မှာ အိမ်ထောင်ပြုပြီး အနှစ်နှစ်ဆယ်လောက်ကြာအောင် စောင့်ခဲ့ရတာ'ထိုစကားကို အမေပြောလိုက်စဉ် အချိန်က အမေ့မျက်နှာကို ငေးနေမိသော ချိုလဲ့မျက်ဝန်းထဲတွင် အိမ်တစ်လုံးပိုင်ဆိုင်ရဖို့ မျှော်လင့်ချက်သေးသေး လေးပင် မရှိပါ။ မြို့ ကြီးပြကြီးတွေမှာ ကိုယ့်အိမ်လေးနဲ့ ကိုယ်နေဖို့နေနေသာသာ ခိုအိမ်လို အခန်းကျဉ်းလေး တွေရဲ့ အခန်းငှားခခြောက်လစာကို စာချုပ်ချုပ်နိုင်ဖို့ မနည်းရုန်းကန်နေကြရတဲ့ ဘဝတွေကို အမေနားလည် စာနာနိုင်ပါ့မလား။ အိမ်ထောင်ပြုတော့မယ်ဆိုရင် ပထမဦးဆုံး ဘယ်မှာနေကြမလဲဆိုတဲ့ မေးခွန်းနဲ့တင် မရိုက်ဖြစ်ကြတော့တဲ့ ဖိတ်စာတွေကို အမေသိနိုင်ပါ့ မလား။ သေသာသေသွားရော ကိုယ်ပိုင်အိမ်ကလေးတစ်လုံးမပိုင်ခဲ့ရသူတွေ သန်းချီပြီးရှိတယ်ဆိုတာရော အမေတွေးမိပါ့မလား။ အမေ့အိမ်နဲ့အဝေးရောက်က တည်းက မြို့တစ်မြို့ ပြီးတစ်မြို့ အဆောင်တစ်ခုပြီး တစ်ခုပြောင်းရွှေ့နေလာခဲ့ရတဲ့ အိမ်ဝေးကြယ်တစ်ကောင်အတွက်ကတော့ အနှစ်နှစ်ဆယ်ကျော်မှ ကိုယ်ပိုင်အိမ်ကလေးနဲ့ နေရတာဆိုပေမဲ့လည်း ထိုတစ်ခွန်းတည်းသော စကားသည် အားကျစရာသာ ဖြစ်နေခဲ့ပါသည်။

(၄)

ဘယ်နေရာကိုပဲကြည့်လိုက်၊ ကြည့်လိုက် သပ် ရပ်ရှင်းသန့်နေသော အိမ်ကလေးသည် အမေ့လက်အစုံဖြင့် တယုတယ ပွတ်တိုက်သန့်စင်ထားသော အဖိုးတန်ရတနာတစ်ခုလို လင်းလက်နေပါသည်။ ခြံဝင်းထဲမှ တမာရွက်ကြွေများ။ တမာပွင့်ကြွေများကို တံမြက်စည်းရှည်ဖြင့် လှဲကျင်းနေတတ်သော အမေ့ ခေါင်းပေါ်တွင် ဖျင်တဘတ်တစ်ထည်ဖြင့် ခေါင်း ပေါင်းပေါင်းထားတတ်ပါသည်။ တူရွင်းပြားလေးတစ် ချောင်းဖြင့် စံပယ်ပင် အခြေတွေကိုမြေဆွ၊ စံပယ်ရွက် တွေကိုြေ>ွခနေတတ်သော အမေ့ကို အိမ်ရှေ့ ခြံစည်း ရိုးနားတွင် တလှုပ်လှုပ်မြင်နိုင်ပါသည်။ မီးဖိုချောင်ဆီ မှ မီးခိုတလူလူထွက်လာပြီဆိုလျှင် သက်ငယ်မိုးထရံ ကာ သုံးပင်အိမ်ကလေးထဲမှာ အမေ့လက်ရာ ဟင်းနံ့ တွေ မွှေးပျံ့လာတော့မည့် သင်္ကေတဖြစ်ပါသည်။ အမေ့အိမ်လေးသည် ပေတစ်ရာပတ်လည် ခြံကျယ် ကျယ်လေးထဲတွင် သီးပင်၊ စားပင်၊ ပန်းပင်၊ အရိပ်ရပင် စုံလင်စွာဖြင့် နေချင့်စဖွယ် အမြဲဖြစ်နေပါသည်။ ထို အိမ်ကလေးထဲတွင် အမေသည် အဝေးရောက် သား သမီးများကို လည်တဆန့်ဆန့်မျှော်ရင်း ရှိနေမည်ကို ချိုလဲ့ သိပါသည်။

(၅)

အိမ်ကလေးထဲသို့ လှမ်းဝင်လိုက်လျှင် အမေဂုဏ်ယူဝမ်းမြောက်စွာ ချိတ်ဆွဲထားသော ဘွဲ့ဓာတ်ပုံများကို အစီအရီတွေ့ရမည်။ သုံးပင်အိမ်လေးထဲတွင် နံ ရံတစ်ချပ်စာခန်းလုံးပြည့်ချိတ်ထားရသော အမေ့သား သမီးများ၏ ဘွဲ့ဝတ်ရုံပေါ်မှာ လိုင်းများသည် စိမ်း၊ ဝါ၊ နီ၊ ခရမ်းရောင်စုံယှက်သန်း၍ သက်တံတစ်စင်းလို အိမ် ကလေးထဲ ဖြာကျနေပါသည်။ အိမ်ကလေးထဲ ရောက် လာသူမှန်သမျှ အမေသီကုံးလေ့ရှိသော ဘွဲ့ဓာတ်ပုံ အလင်္ကာကို နားဆင်ရပေလိမ့်မည်။ အမေ့ပီတိကို မျှဝေခံစားရပေလိမ့်မည်။ 'ညည်းတို့ အဖေက ဘွဲ့ရ၊ အမေက ဆယ်တန်း (ခ)နဲ့ပဲ အောင်တဲ့ ဆရာအတတ်သင် ကျောင်းဆင်း ဆရာမ၊ ဒါပေမဲ့ အမေ့သားသမီးတွေကျရင် အနည်းဆုံးဘွဲ့တစ်ခုတော့ ရကိုရရမယ်'

ချိုလဲ့တို့ လူမမည် အရွယ်ကတည်းက အမေ ပြောနေကြစကားအတိုင်းဖြစ်အောင် အားထုတ်ခဲ့တဲ့ အမေ့အားထုတ်မှုတွေ၊ အမေ့စိတ်ဓာတ်ခွန်အားတွေ ကြောင့် ဝတ်ဆင်ခွင့်ရခဲ့တဲ့ ဘွဲ့ဝတ်ရုံတွေ၊ ဘွဲ့လက် မှတ်တွေဆိုတာ တကယ်တမ်းတော့ ချိုလဲ့တို့ထက် အမေနဲ့သာ ပိုသက်ဆိုင်တာ ပိုထိုက်တန်တာ။ ကျောင်း ဆရာမအလုပ်ကတစ်ဖက်၊ အိမ်ဆိုင်လေးကတစ်ဖက်၊ အိမ် မှုကိစ္စလျှော်ဖွပ်ချက်ပြုတ်တွေက တစ်ဖက်၊ အိမ် ဦးနတ် အဖေ့အတွက်လည်း ဘာမှမလစ်ဟင်းစေရ၊ ဇယ်ဆက်သလို အလုပ်နဲ့လက်မပြတ်တဲ့ အကြားမှာ သားသမီးငါးယောက်ကို ဆုံးမပဲ့ပြင်နိုင်သေးသည်။ အာဂမိန်းမဖြစ်သော အမေ့ကို အမေ့အိမ်ကလေးရဲ့ နံရံ ထက်မှာ ပါရဂူဘွဲ့ ဦးထုပ်၊ ပါရဂူဘွဲ့ ဝတ်ရုံရှည်ကြီးဖြင့် ချိုလဲ့မြင်ယောင်ကြည့်မိသည်။ ထိုဓာတ်ပုံထဲတွင် အမေသည် နှစ်သိမ့်ကြည်နူးစွာ ပြုံးနေမည်မှာ သေချာပါသည်။

အမေ့အိပ်ခန်းထဲတွင် နှစ်ယောက်အိပ် ခုတင် တစ်လုံးနှင့် စားပွဲလေးတစ်လုံးသာ ထည့်ထားသည်။ အိပ်ရာခေါင်းရင်းတွင် ပြတင်းပေါက်တစ်ပေါက်၊ အိမ် ရှေ့မျက်နှာစာတွင် ပြတင်းပေါက် တစ်ပေါက်ပါသော အမေ့အိပ်ခန်းလေးသည် လေဝင်လေထွက်ကောင်း ပါသည်။ နေရောင်ခြည်တွင် မကြာခဏထုတ်လှန်း ထားသဖြင့် နေနံ့ရသော စောင်ခေါင်းအုံးများတွင် အမေလိမ်းနေကျ နံ့သာဖြူနံ့၊ သနပ်ခါးနံ့၊ ကရမက်ရနံ့ များစွဲနေသည်။ အမေ့အိပ်ရာပေါ် လှဲချလိုက်လျှင် ရှူ ရှိုက်ရသော ထိုရနံ့သည် အိမ်ရနံ့စစ်စစ်ဖြစ်ပါသည်။ အိမ်ခေါင်းရင်း တမာပင်ကြီးဆီမှ တမာရနံ့ပါသော လေသည် အိပ်ခန်းလေးထဲတသုန်သုန် တိုက်ခတ် လျက်၊ စံပယ်ချုံများဆီမှ စံပယ်ရနံ့ဆင်းသော လေ သည် အိပ်ခန်းလေးဆီသို့ တိုးဝှေ့ဝင်လာလျက်၊ ဒီဇင် ဘာပန်းရုံဆီမှ ပန်းရနံ့တို့သည် မွှေးပျံ့လျက်။ သြော် ချိုလဲ့မက်မောရပါသော သဘာဝအေးမြမွှေးပျံ့မှု တွေ။ အခန်းကျဉ်းလေးထဲတွင် တပ်ဆင်ထားသော၊ တဒီးဒီး မြည်နေသော လေအေးပေးစက်များနှင့် အတု အယောင် အမွှေးနံ့များကို ချိုလဲ့မုန်းပါသည်။ အိပ်ပျော်ခါနီး အချိန်ထိ နှီးယပ်တောင် တစ်ချောင်းဖြင့် ယပ်ခတ်ပေးကာ စကားတတွတ်တွတ် ပြောနေတတ်သော အမေ့ အသံကိုတော့ဖြင့် ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီး များမှာဆိုရင်တောင်မှ ဘယ်နည်းနှင့်မှ မရနိုင်ပါ။ အမေ့အသံသာသာဖြင့် တန်ဆာဆင်ထားသော အိမ် ကလေးမှာ လွမ်းစရာသာ ဖြစ်ခဲ့ပါသည်။

(၇)

'အိမ်ထောင်ဦးတုန်းကတော့ စလယ်ဝင်အိုး လေးနဲ့ထမင်းချက်ရတာပေါ့။ သားသမီးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးလာတော့ စားအိုးက ကြီးကြီးလာ၊ အခုကျပြန်တော့လည်း စလယ်ဝင်အိုး လေးနဲ့ ထမင်းပြန်ချက်ရပြန်တာပဲ။ အမေ့အနားညည်းတို့အဖေပဲ ရှိတော့တာကိုး'မိသားစုတစ်စုကို သာသာယာယာ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်၊ စလယ်ဝင်အိုးလေးဖင်မမည်းခင်က မကွဲမပျက်ရအောင် ထိန်းသိမ်းနိုင်တဲ့ အမေက မိဘ တိုင်းမလွှဲမသွေ ရင်ဆိုင်နေရတဲ့ လောကဓံကို အေးအေးလူလူ ရင်ဆိုင်ရင်း ပြုံးနေပါသည်။

'အမေ၊ ချိုလဲ့ အမေနဲ့ပဲ အိမ်မှာ ပြန်လာနေ တော့မယ်'
'လာခဲ့ လာခဲ့။ အမေ့စိတ်ရင်းအတိုင်း ဆိုရင် တော့ ညည်းတို့တစ်တွေကို နို့တိုက်၊ ထမင်းခွံ့ကျွေး၊ ရင်ခွင် ထဲထည့်၊ မျက်စိအောက်ထားတဲ့ အရွယ်ကနေ ကြီး စေချင်တာမဟုတ်ဘူး။ ကြီးလာတယ်လည်း ထင်တာ မဟုတ်ဘူး။ ဘယ်အရွယ်ရောက်ရောက် အမေ့ ကလေးတွေပဲ ဆိုပေမဲ့ အမေ့နားခေါ်ထားရင် တတ် ထားတဲ့ ပညာတွေ အလကားဖြစ်မှာစိုးလို့' အမေ့စကားမှာ တခစ်ခစ်ရယ်နေသော ချိုလဲ့ ကို အမေမျက်စောင်းထိုးပါသည်။ အမြဲတမ်း ကလေး လေးဆို ဟိုဟာစီးမယ်ဟု ချိုလဲ့ လက်ညှိုးလှမ်းထိုးပြ သော ချိုလဲ့တို့ ငယ်ငယ်က စီးခဲ့သည့် ဆောင်ပန်း ပုခက်ကြီးကို လှမ်းကြည့်ရင်း ...

'တယ် ...ဒီကောင်မလေး ပေါက်ပေါက်ရှာရှာ' ဟု ဆိုမြည်နေသော အမေ့သမီး ချိုလဲ့မှာ ကလေး လေး မဟုတ်တော့တဲ့ လူလတ်ပိုင်းအရွယ်ရောက်နေ ခဲ့ပြီ။အမေ့ကလေးတွေ အပျံသင်ခါစ အရွယ်တုန်း က အမေဘယ်လောက်တောင် ရင်ပူခဲ့ရလဲမသိ။ အတောင်အလက်စုံသွားတဲ့ သားသမီးတွေ အဝေးကို ပျံသွားတော့ အမေနဲ့ အမေ့အိမ်ကလေးက ရင်ခွင် ဟောင်းလောင်းနဲ့ ကျန်ရစ်ခဲ့ရှာသည်။ ထိုရင်ခွင် ဟောင်းလောင်း အိမ်ကလေးထဲသို့ ဘယ်နေ့များမှ အပြီးပြန်သွားရပါ့မလဲ။ အမြင့်တစ်နေရာကို ရောက် အောင် ထမ်းတင်ပေးလိုက်သော တစ်စုံတရာ ပြန် လည်မျှော်လင့်ခြင်း မထားခဲ့သော အမေ့နှလုံးသား သည် ထိုအမြင့်တစ်နေရာမှ အမေ့အိမ် အပြီး ပြန်လာ မည်ဟူသော စကားကို အမြဲနားခါးလေသည်။

(၈)

အမေ့အိမ်လေးရှိ ဘုရားစင်တွင် သပြေခက် များ ဝေနေပါက သူ၏ သောကြာသားနှစ်ယောက်အတွက် အမေ တောင်းဆြုေ>ွခနေခြင်းဖြစ်သည်။ နှင်းဆီတွေ လှိုင်လှိုင်ကပ်နေပါက စနေသမီးချိုလဲ့ ဖျားနာပျောက် ရန် ကြိုးစားနေခြင်းသာ ဖြစ်ပါသည်။ ကိုယ့်အတွက် ကိုယ်ယတြာမချေ၊ ဗေဒင်မမေးတတ်သော်လည်း အဝေးက သားသမီးများအတွက် အလုပ်ရှုပ်ခံ အပင် ပန်းခံတတ်သော အမေ့ယတြာချေနည်းများမှာ တစ် ခါတလေ ရှုပ်ထွေးခက်ခဲကာ အမည်စုံနေတတ်ပါ သည်။

'သကြား ခုနစ်ဇွန်းထည့် အဲ့ဒီ ပန်းကန်လေးထဲ'
'ဘာလို့လဲ အမေ အမေ့သားငယ်လေး ဘဝ ပိုချိုအောင်လို့လား'

အမေ့လက်က ဒေါက်ခနဲခေါင်းပေါ်ရောက်လာ သည်။ ချိုလဲ့ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ထားရ သည်။ ဒါ အမေ့သားငယ်ချိုလဲ့ မောင်လေး စာမေးပွဲတစ်ခု ဖြေနေလို့ အမေကြိုးစားပမ်းစား၊ ဗေဒင်မေး ဘုရားကို လှူဖွယ်တွေ လှူနေခြင်းဖြစ်သည်။

'အဲ့ဒီ ဗယာကြော် သုံးခုထည့်'
'ဒါတော့ သမီးသိတယ်။ ဘေးဘယာ ဝေးကွာဖို့'
ဒိုင်းခနဲ အမေ့မျက်စောင်းက ရောက်လာ သည်။
'အဲ့ဒီ ကြံညွန့် ၅ ညွန့် ပန်းအိုးထဲထည့် ရေ ထည့်'
'ဘာလို့လဲ အမေ၊ အမေ့သားလေး ကြံတိုင်း အောင်ဖို့လား'
'လျှာမရှည်နဲ့။ ထည့်မှာထည့်စမ်းအေ။ မှား ကုန်မယ်'

လျှာလေး တစ်လစ်ထုတ်ကာ ကူသလိုလိုဖြင့် ဝင်ရှုပ်နေသော ချိုလဲ့ကို အမေသိပ်မကြာခင် မောင်း ထုတ်တော့မည်။ စိန်လိုသံမဏိလို စိတ်ဓာတ်ခိုင်မာ သော အမေ၊ စံပယ်ကုံးလို နှလုံးဖြူသော အမေသည် နှုတ်ကလေးချိုချိုဖြင့် ဟန်လုပ်တတ်သူမဟုတ်။ ဒိုးခနဲ ဒေါက်ခနဲ ချက်ကျလက်ကျ ပြောတတ်ဆိုတတ် စိတ် မြန်လက်မြန်လုပ်တတ် ကိုင်တတ်သူသာ ဖြစ်သည်။

ဘယ်သူ့အပူမှ ဓာတ်မကူးလျှင် ဘုရားရှင်အား ရည်မှန်း၍ ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူကာ ဝိပဿနာတရားကို စိတ်အေးချမ်းစွာ ရှုမှတ်နေတတ် သော အမေ့ရုပ်ပုံလွှာသည် သားသမီးများ လောကဓံ နဲ့ရင်ဆိုင်ရတိုင်း နည်းမျိုးစုံသုံးကာ ကာကွယ်ပေးလေ့ ရှိသော စစ်သူကြီးအသွင်ပြောင်းသွားတတ်သည်။ အမေ့ရင်ထဲမှ အပူငွေ့များကို အိမ်ကလေး၏ ဘုရား စင်ရှေ့ အမေတတွတ်တွတ် ရွတ်ဆိုဆုတောင်းလေ့ရှိ သော ဆုတောင်းများမှတစ်ဆင့်၊ အမေတိုင်တည်လေ့ ရှိသော သမ္မာဒေဝနတ်ကောင်း နတ်မြတ်များ သိရှိ သက်သေခံကြပါလိမ့်မည်။

(၉)

'ဟင်...အမေ ဆေးရုံတင်ရတယ်'
'ဟုတ်တယ် သမီး သွေးပေါင်ချိန်တိုင်းမရဘူး။ အရမ်းကျနေလို့။ အစာအဆိပ်ဖြစ်ပြီး အန်လည်းအန်၊ ဝမ်းလမ်းလျှော၊ သွေးပေါင်ချိန် ဇီးရိုးတဲ့'

အဖေ့အသံဟာ တယ်လီဖုန်းလိုင်းထဲက ပေါက် ကွဲလာသော မီးတောင်ဖြစ်ပြီး ချိုလဲ့ရင်ထဲမီးဟုန်းဟုန်း တောက်ကာ ကျန်ခဲ့ပါသည်။ အမေသာမရှိလျှင်ဟူ သောအတွေးသည် ချိုလဲ့တစ်ကိုယ်လုံးကို နေရာအနှံ့ ကြိမ်ဖြင့် ရိုက်နှက်နေသလို ခံစားရပါသည်။ အမေ မရှိ တော့လျှင်ဟူသော အတွေးသည် ချိုလဲ့ နှလုံးသားကို လက်အေးကြီးဖြင့် ဖျစ်ညှစ်နေသလို ခံစားရပါသည်။ ချိုလဲ့ ဒူးတွေခွေလာသည်။ အမေ့ဆီပြန်ရမည်။ အမေ ရှိတုန်း အမေ့အနားနေရမည်။ အမေ့ကို ပြုစုချင်သေး သည်။ အမေ့ကို ဘာဆိုဘာမှ ပြန်မလုပ်ပေးနိုင်သေး။ အမေမသွားလိုက်နဲ့ဦး။ အမေ ဘာမှ မဖြစ်ပါစေနဲ့။ ချို လဲ့ ရင်တွေပူလှသည်။ အဖေဆက်မည့် ဖုန်းခေါ်သံကို ချိုလဲ့ တစ်နေ့လုံး အထိတ်တလန့် စောင့်နေမိသည်။

'ပြန်သတိရလာပြီ သမီးရေ။ ဆေးပုလင်းတွေ ချိတ်ထားတယ်။ ဆေးရုံအရောက် မြန်ပေလို့ သမီး ရေ'

ကံသီပေလို့ အမေ့ကို မဆုံးရှုံးရတာ။ ကံသီပေ လို့ပါပဲ။ အမေ့ကိုများ ဆုံးရှုံးခဲ့ရလျှင် အဲ့ဒီဆုံးရှုံးမှုက နေ နာလန်ပြန်ထလာနိုင်ဖို့ ချိုလဲ့ နှလုံးသားက တတ်နိုင်
လိမ့်မည် မထင်ပါလေ။

(၁ဝ)

'အမေ သမီး အိမ်ပြန်လာခဲ့မယ်'
'အေး...ဘယ်တော့ လာမှာတုံး'
'ဒီည ကားနဲ့ပေါ့ အမေရဲ့'

စိတ်ကူးထဲတွင် ဖြတ်ထားသော အဝေးပြေး ကားလက်မှတ်တွေ တစ်ထပ်ကြီး ဖြစ်လာသည်။ အိမ် ပြန်ခဲ့မယ်ဟု အမေ့ကိုစလျှင် ဒီညကားနဲ့လားဟု
အမေပြန်စတတ်နေပြီ။

ကျောပိုးအိတ်လေးထဲသို့ သွားတိုက်တံ တစ် ချောင်းထည့်မည်။ အဝေးပြေးကားလက်မှတ်နှင့် မှတ်ပုံတင်ထည့်မည်။ ဂျင်းဘောင်းဘီရှည်နှင့် တီရှပ် တစ်ထည်ဝတ်မည်။ အပေါ်က အနွေးထည်ထူထူ တစ်ထည်ထပ်ဝတ်မည်။ အမေ့အိမ်နှင့် မိုင်ခြောက်ရာ ဝေးသော အရပ်မှ ခိုအိမ်လို အခန်းကျဉ်းကလေးကို ကြေးဝါသော့ခလောက်ကြီးဖြင့် ခတ်မည်။ အခန်းပြင် တွင် တမာပွင့်ြေ<ွကတွေမရှိသော၊ စံပယ်ရနံ့၊ ဒီဇင်ဘာ ပန်းရနံ့တွေမရသော အထီးကျန်လွန်းလှသည့် အိမ် ရနံ့ကင်းလှသည့် ထိုအခန်းကျဉ်းလေးကို ဝမ်းမြောက် ဝမ်းသာချန်ထားခဲ့မည်။

အမေ့အိမ်ကလေးထဲ ခြေချလိုက်သည်နှင့် အမေ့အရိပ်အောက် ခိုဝင်လိုက်သည်နှင့် ချိုလဲ့ကိုယ် ပေါ်မှ ဒဏ်ရာအနာတရများ၊ စိတ်ပျက်အားငယ်မှုများ၊ အထီးကျန်ဝမ်းနည်းမှုများ တစ်လွှာခြင်း ကွာကျသွား ပါလိမ့်မည်။ အမေနှင့် အမေ့အိမ်ကလေးတွေင် အပူ အပင်ကင်းစင်သော ဘဝကို ခဏတာရလျှင်ပင် မနက် ဖြန်တိုင်းအတွက် ခရီးဆက်နိုင်သော ခွန်အားကို ရပါ လိမ့်မည်။

မြတ်လေးမောင်

Go to top