Short Story Sar

ခပ်လှမ်းလှမ်းတစ်နေရာဆီက ပျံ့လွင့်လာတဲ့ အုန်းမောင်းခေါက်သံသဲ့သဲ့က ကျွန်မကို အိပ်ရာကနိုးထစေလောက်တဲ့အထိ မဆူညံလှပါဘူး။ အုန်းမောင်း သံ ကြားပြီး သိပ်မကြာခင်မှာ ရထားဥသြသံ ထပ်ကြားရတော့မယ်။ ကျွန်မတို့ ငယ်ငယ်ကတည်းက ပန်းရထားလို့ခေါ်တဲ့ ပထမဆုံးမြို့ထဲကိုထွက်တဲ့ ရထားက မနက် ငါးနာရီမှာ အိမ်နဲ့မနီးမဝေးဘူတာကို ဆိုက်ရောက်လာတတ်တယ်လေ။ ရထားသံနဲ့ မရှေးမနှောင်း အိမ်ရှေ့လမ်းမဆီက ဈေးသည်တချို့ ဈေးခင်းဖို့ ဖြတ်သွားကြပေဦးတော့မယ်။ နောက်ဆုံး မနက်ခြောက်နာရီမထိုးခင်လောက်မှာ လမ်းထဲကိုလာနေကျ ပဲပြုတ်သည် အဒေါ်ကြီးရဲ့ ပဲပြုတ်ဆိုတဲ့ အသံနဲ့အတူ အိပ်ရာက နိုးထရမယ်။

တကယ်ဆို

ပဲပြုတ်သည် မလာခင်ကတည်းက ခေါင်းရင်း ပြတင်းပေါက်နားဆီက ငှက်လေးတွေရဲ့ ကျွက်စီကျွက်စီ အသံတွေက ကျွန်မအတွက် သဘာဝ ကပေးတဲ့ နှိုးစက်လေး တစ်ခုလိုပါပဲ။ မနက်ဆိုတော်ရုံနဲ့ အိပ်ရာက မထချင်သူ ကျွန်မအတွက် မေမေက ပြတင်းပေါက်ကလေးတစ်ချပ်ကို လှပ် ပေးထားတယ်။ ဒီတော့ မနက်ခင်း အလင်းရောင် နုနုလေးရယ်၊ လေနုအေးလေးတွေရယ်၊ ကျေးငှက်လေးတွေရဲ့ တေးဆိုသံတွေရယ် ဒါတွေ အားလုံးက ကျွန်မရဲ့ မနက်ခင်းကို သာသာယာယာကြိုဆိုနေပါတယ်။ မြို့ ပြမှာနေပေမဲ့ ကျေးလက်က ယာတောအိမ်လေး မှာ နေရသလို သဘာဝတရားတွေနဲ့ ပြည့်နှက်နေတဲ့ မနက်ခင်းလေးကို ပိုင်ဆိုင်ခွင့်ရတယ်။

မနက်ခြောက်နာရီလောက်မှာ မျက်နှာသစ် သွားတိုက်ပြီးပေမဲ့ ဒီအိမ်မှာတော့ ကျွန်မအတွက် လုပ်စရာအလုပ်မည်မည်ရရမရှိ၊ သူများတွေလို ကသုတ်ကရက် ပြင်ဆင်လိမ်းခြယ်ပြီး ရုံးချိန်မီအောင် ပြေးစရာလည်းမလိုသေးပါဘူး။ ဒီတော့ ပြတင်းပေါက်ကို ပြန် ပိတ်၊ လိုက်ကာလေးချ ၊ အခန်းထဲမှာ မီးတွေထိန်နေ အောင်ပြန်ထွန်းပြီး စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ဖတ်ရင်း မေမေပြင်ပေးတဲ့ မနက်စာကိုပဲ စောင့်ရမှာပါ ပဲ။

ပန်းပွင့်နုပ်နုပ်လေးတွေ အပွင့်ဖော်ထားတဲ့ ပန်းနုရောင် အိပ်ရာလေးပေါ်မှာ ပြန်လှဲပြီး ဗေဒါရောင် ဖျောဖျော့ မျက်နှာကြက်နဲ့ ပနံရနေတဲ့ မီးပွင့်လေးကို ငေး အဝါနုရောင်သုတ်ထားတဲ့ အိပ်ခန်းနံရံတွေကို ငေးမောရင်း ဒီလိုသာ အမြဲတမ်းနိုးထခွင့်ရမယ်ဆိုရင် ဆိုတဲ့ အတွေးတစ်စနဲ့ သက်မချရပြန်တယ်။အခန်းထောင့်တစ်နေရာမှာတော့ အနက်ရောင် ခရီးဆောင်သေတ္တာကြီးတစ်လုံးနဲ့ ဗေဒါရောင်သေတ္တာ ငယ်လေးတစ်လုံးရှိနေတယ်။ တကယ်တော့ ဒီနေရာ မှာ မှတ်တင်ခုံဖြူဖြူလေးတစ်ခုနဲ့ ခေါင်းရင်းနားဆီမှာ စာအုပ်စင်ဖြူဖြူလေး တစ်ခုထားချင်တာ။ ဒါပေမဲ့တစ်နှစ်မှာ တစ်လထက်ပိုပြီး မနေနိုင်သူ ကျွန်မလို ဧည့်သည်တစ်ယောက်အတွက် အိမ်အသုံးအဆောင်တွေက အဓိကလိုအပ်ချက် မဟုတ်သေးပါဘူး။

မျက်နှာကြက်မီးသီးက အလင်းရောင် ပြာပြာလေးတွေနဲ့ ကဗျာဆန် နေတဲ့ အခန်းလေးတစ်ခုထဲမှာ ကျွန်မအတွက် အိပ်ရာတစ်ခုနဲ့ သေတ္တာ နှစ်လုံးက ပြီးပြည့်စုံတဲ့ ဘဝလို့ ဆိုလို့ရပါတယ်။ အဝတ်အစား အသုံး အဆောင် အလှပြင်ပစ္စည်း ၊ ဆေးပစ္စည်း၊ လျှပ်စစ် ပစ္စည်းအလိုရှိရာကို သေတ္တာနှစ်လုံးထဲမှာ မွှေနှောက် ရှာဖွေပြီး ကျွန်မရဲ့ တစ်လတာခွင့်ကာလ တွေ ကုန်ဆုံးနေခဲ့တာ နှစ်ပေါင်းမနည်းတော့ပြီပဲ။ ယာယီအိမ်က အသုံး အဆောင် တချို့ကို သေတ္တာနှစ်လုံးထဲ ပြောင်း ထည့်၊ ဒီဘက်အိမ်မှာသုံး၊ ခွင့်ရက်စေ့လို့ပြန်ရင် သေတ္တာနှစ်လုံးထဲမှာ ကိုယ်နဲ့မကွာ လိုအပ်တဲ့ အသုံးအဆောင်တွေပြန်ထည့်ပြီး ပြန်သယ်သွားရဦးမယ်။

ကျွန်မရဲ့ အဝေးက အိမ်လေးမှာ အဝတ်ဗီရိုကြီးတွေ၊ မှန်တင်ခုံ ၊ စာရေးစားပွဲ၊ စာအုပ်စင်တွေနဲ့ နေသား ကျနေပြီဆိုပေမဲ့ သေတ္တာနှစ်လုံး အိပ်ရာတစ်ခု တည်းနဲ့ အပန်းဖြေခွင့်ရတဲ့ အခန်းလေးလောက် မတွယ်တာ မိပါဘူး။ တစ်နှစ်တာလုံး နှိုးစက်တွေနဲ့ အလူးအလဲနိုးထခဲ့ရတဲ့ အဝေး တစ်နေရာက မနက်ခင်းတွေကို ခဏလောက်တော့ မေ့ထားချင်သေး တယ်လေ။ တစ်လတာ ခိုလှုံခွင့်၊ အမောအပန်းဖြေခွင့်အတွက် စိတ်ရော ကိုယ်ပါ မနားတမ်း ရုန်းကန်ခဲ့ရတဲ့ ရက်စွဲတွေ၊ ပြက္ခဒိန်တွေထဲမှာ အပြည့်။ အိမ်မဟုတ်တဲ့ ယာယီကွန်းခိုရာအရိပ်တစ်ခုကို အိမ်ထက် ခင်တွယ် မြတ်နိုးနေရတဲ့ လက်တွေ့ဘဝတစ်ခုကို ချစ်ခြင်းမေတ္တာတွေ ပြည့်နှက် နေတဲ့ အိမ်လေးဆီ သယ်မလာရက်ဘူး။

ဒီအရိပ်အောက်မှာရရှိနေတဲ့ နွေးထွေးခြင်း၊ လုံခြုံခြင်းနဲ့ ငြိမ်းချမ်းခြင်းတွေကို ကျွန်မ ဘာနဲ့မှမလဲ နိုင်သေးပါဘူး။ ငှက်ကလေးတွေ တေးမဆိုတဲ့ ကမ္ဘာလို့ ကျွန်မသတ်မှတ်ထားတဲ့ ဒုတိယအိမ်လေးကို အထိုက် အလျောက် ခင်တွယ်မိပေမဲ့လည်း ကျွက်စီကျွက်စီ တေးဆိုနေတဲ့ ငှက်တွေကြားမှာ နိုးထခွင့်ရတဲ့ ရှားပါး အချိန်လေးကိုတော့ နှစ်သက်မိတယ်။ ရုတ်တရက် အိမ်ခေါင်မိုးနဲ့ တံစက်မြိတ်ကြားမှာ ငှက်ကလေးတွေ စီခနဲနေအောင် အော်သံကြား လိုက်ရသလို မေမေ့ အော်သံကိုလည်း ကြားလိုက်ရတယ်။

'သားရေ ငှက်ကလေးတွေ အသိုက်ပြောင်းနေ တာကိုြ<ွကက်ဝင် ဆွဲနေလားမသိြ<ွကက်တွေ မောင်း ထုတ်လိုက်ပါဦး'တဲ့။ အိမ်အချော သတ်ပြီးစီးချိန်မှာ မျက်နှာကြက်တွေ တပ်တော့ မောင်လေးက ငှက်ဝင် ပေါက်လေးကိုပြန်ပိတ်ဖို့ မေ့ခဲ့တာမို့ ခေါင်မိုးနဲ့မျက် နှာကြက်ကြားမှာ ငှက်လေးတွေ မကြာခဏ အသိုက်လာဖွဲ့တတ်ကြတယ်။ တစ်ဆက် တည်းမှာပဲ တံခါးခေါက်သံတိုးတိုးလေးနဲ့အတူ သမီးနိုးပြီလားလို့ မေး လာသံကြားရတယ်။ အိပ်ခန်းတံခါးကို ခပ်ဖွဖွ တွန်း ဖွင့်ပြီး အခန်းဝကနေ ကျွန်မ အိပ်ရာက နိုးမနိုးဆိုတာကို မေမေချောင်းကြည့်ဦးတော့မယ်။ အဲယားကွန်းဖွင့် အိပ်မိတဲ့ညတွေဆို တစ်ညကို သုံးကြိမ်ထက်မနည်း လာကြည့်ပြီး အအေးလွန်နေရင် အဲယားကွန်းကို ပိတ် ပြီး ပြတင်းပေါက် တံခါးတစ်ချပ်ကို ခပ်ဟဟ ဖွင့်သွားပေးတတ်တယ်။

မနက်စောစောမှာ သနပ်ခါးအဖွေးသားလိမ်းပြီး ဈေးသွားဖို့ အသင့်ဖြစ်နေတဲ့ မေမေက အသက်ခြောက်ဆယ့်ငါးနှစ်ဆိုပေမဲ့ ကျွန်မတို့ထက် တက်ြ<ွကလန်း ဆန်းနေသူပါ။ ဒီနေ့ အပြင်ထွက်ဖို့ရှိလား အိမ်မှာ နေ့လယ်စာ စားမှာလား၊ ညစာစားမှာလားလို့ ဝတ္တရား မပျက် မေးလာတဲ့ မေမေ့ကိုသွားတွေ အားလုံးပေါ် အောင်သာ ပြုံးပြမိတယ်။ ဒါဆိုရင်တော့ အိမ်မှာ နေ့လယ်စာရော ညစာပါစားဖို့ မသေချာလို့ အဓိပ္ပာယ် သက်ရောက်တယ်လေ။

ကျွန်မ ရှိနေတတ်တဲ့ ရက်တွေမှာ မေမေက နေ့တိုင်းလိုလို ဈေးသွားပြီး ဖွယ်ဖွယ်ရာရာ ဟင်းလျာတွေ စီမံပေးတတ်တယ်။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်စားရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဈေးဝယ်ချက်ပြုတ်ရခြင်းအပေါ် ဘယ်တုန်း ကမှ မေမေ မငြူစူခဲ့ရှာဘူး။ ကျွန်မ အဝေးကို ပြန်ရောက်သွားရင်တော့ မေမေက ဈေးကို ရက်ခြား ဆိုသလိုသာ သွားတတ်တာပါ။ ကျွန်မကိုယ်တိုင်မေ့ထားချင်တဲ့ ဒုတိယအိမ် လေးမှာတော့ အရာရာ ကိုယ်ထူကိုယ်ထလုပ်ရတယ်။ ထမင်းချက် ၊ အဝတ်လျှော်၊ မီးပူတိုက်၊ ဈေးဝယ်၊ သန့်ရှင်း ရေး၊ သာရေး ၊ နာရေး၊ လူမှုရေးတွေကို အလုပ်တစ်ဖက်နဲ့ အဆင်ပြေသလို စီမံရတယ်။ ရေခဲသေတ္တာထဲမှာ ရက်ပေါင်းများစွာ အေးခဲထားတဲ့ အသားငါး၊ ဟင်းသီး ဟင်းရွက်တွေနဲ့ နေ့စဉ် စားရေးသောက်ရေးကို ဖြေ ရှင်းရတယ်။ အဝတ်လျှော်စက်ထဲမှာ အဝတ်တွေ ထည့်လျှော်ရတာ လွယ်သလောက် မီးပူတိုက်ရတာ မလွယ်လှဘူး။ ရုံးအဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဒီအလုပ်တွေကို မလုပ်ချင်လည်း လုပ်ရတယ်။ ကိုယ်တိုင်ထူမှ ကိုယ်တိုင် ထမှ ခရီးရောက်မှာလေ။မေမေဈေးထွက်သွားပြီး မကြာခင်မှာ အိမ်အကူခေါ် ထားတဲ့ ကောင်မလေးက မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ၊ အကြော်စုံတွေနဲ့ အိမ်ကို ပြန်ရောက်လာပြီး ကျွန်မအတွက် မနက်စာပြင်ပေးတတ်တယ်။ မေမေ ကိုယ်တိုင်က ပေါင်မုန့်မီးကင်၊ ထောပတ်သုတ်နဲ့ နွားနို့ပူပူကို ရံဖန်ရံခါ စားတတ်ပေမဲ့ ဧည့်သည်ဖြစ်တဲ့ ကျွန်မကိုတော့ အိမ်ကိုလာနားတဲ့ အခိုက်အတန့်မှာ အနောက်တိုင်းစာ ဆီဦးထောပတ်တွေ မကျွေးဘဲ ကျွန်မနှစ်သက်တဲ့ ဈေးတန်းထဲက မုန့်မျိုးစုံကို မရိုး ရအောင် စီစဉ်ပေးတတ်တယ်။ သမီးက ဟိုမှာ ပေါင်မုန့် တွေ၊ ကြက်ဥတွေ မုန်းအောင်စားနေရတာဆိုတော့ ဒီရောက်ရင် ဘယ်စားချင်တော့မလဲနော်လို့ တစ် ယောက်တည်းပြော၊ တစ်ယောက်တည်း ဖြေရှင်းချက် ထုတ်ပြီး ကျွန်မရောက်နေတဲ့ တစ်လလုံး အိမ်က မိသားစုတွေ ဈေးထဲက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ၊ အကြော်စုံ၊ ကောက်ညှင်းပေါင်း၊ ဘိန်းမုန့် တွေကို မရိုးအောင်စားရတတ်တယ်။

မေမေဈေးသွားနေတုန်းမှာ ဧည့်ခန်းကို ကျွန်မ တံမြက် စည်းလှည်းရတယ်။ အဝါနုရောင် လွှမ်းခြုံထားတဲ့ ဧည့်ခန်းလေးက အိမ်တစ်အိမ်မှာ အမှန်တကယ်လိုအပ် တဲ့ နွေးထွေးခြင်း အငွေ့အသက်တွေကို ဖြန့်ကြက် ပေးထားတယ်။ မီးဖိုထဲဝင်ကြည့်တော့ နောက်ထပ် ဘာဆိုဘာမှ ရှင်းလင်းဖို့မလိုအောင် ညစာစားပြီးက တည်းက အားလုံးကို ရှင်းလင်းဆေးကြောထားတာမို့ မီးဖိုခန်းက သပ်ရပ် သန့်ရှင်းနေပါတယ်။ အပေါ်ထပ်တက်ပြီး ဧည့်ခန်းကျယ်ကြီးကို တံမြက် စည်းလှည်း၊ တစ်ဆက်တည်းဆိုသလို ဝရန်တာကနေ မြင်ရသလောက် မြင်ကွင်းတွေကို ငေးမောကြည့်မိတော့ ကွန်ကရစ် လမ်းမတစ်လျှောက်လုံး သစ်ရိပ်တွေနဲ့ ပကတိ အေးချမ်းနေတာကို တွေ့ရတယ်။ အိမ်ရှေ့ မျက်နှာစာမှာ လူနေအိမ်ခြေမရှိဘဲ ရေစီးနေဆဲဖြစ်တဲ့ ရိုးလေးတစ်ခုရှိတယ်။ ရိုးတစ်လျှောက်မှာတော့ သစ်ပင် ဝါးပင်ကြီးတွေက စီစီရီရီပေါ့။

ခြံထဲကိုဆင်းပြီး ခြံရှေ့က ပန်းတွေ စိုက်ထားတဲ့ အုတ်ဘောင်တွေကို သံပန်းတံခါးကနေ တစ်ဆင့်ကြည့် မိတော့ ထွေထွေထူးထူး ရှင်းလင်းစရာမလိုသေးတာ ကို တွေ့ရတယ်။ မီးခိုးရောင်နဲ့ အဖြူရောင်သုတ်ထား တဲ့ ဒန်းလေးကတော့ ခြံရဲ့ ထောင့်တစ်နေရာမှာ တိတ် တိတ်ဆိတ်ဆိတ် သူ့သခင်မကို မဝံ့မရဲ မျှော်နေပုံရ တယ်။ အိမ်ဘေးမှာတော့ စင်လေးနဲ့ တင်ထားတဲ့ သစ်ခွပင် တချို့နဲ့ တိုက်ဘေးကပ်ရက်က အုတ်ဘောင် လေးမှာ စိုက်ထားတဲ့ စားပင်လေးတွေကို တွေ့ရတယ်။ ငရုတ်သီးစိမ်း၊ ချဉ်ပေါင်ပင်၊ ပူဒီနာပင်လေးတွေက အုတ်ဘောင်လေးထဲမှာ စီစီရီရီပါပဲ။

ခြံပတ်ပတ်လည်မှာ အရိပ်ရပင်တွေစိုက်ဖို့ နေရာ မလောက်ငှတာကြောင့် ခြံရှေ့က အုတ်ဘောင် တစ် ဖက်တစ်ချက်မှာသရက်ပင် နှစ်ပင်စီစိုက်ထားတယ်။ ဒီသရက်သီးတွေက တစ်ခါတုန်းက ကျွန်မကိုယ်တိုင် ရှမ်းပြည်က သယ်လာတဲ့ စိန်တစ်လုံးတွေ။ မေမေက သရက်စေ့လေးကနေ အပင်ဖြစ်လာအောင် စိတ် ရှည်လက်ရှည် ပျိုးခဲ့တာမို့ ခဏလေးနဲ့ အသီးသီးသလို အရသာကလည်း ချိုချိုမွှေးမွှေးလေး။ အိမ်ရဲ့မျက်နှာစာ တန်း မှာ လူနေအိမ်ခြေတွေမရှိတော့ သစ်ပင်ကြီးတွေ ကို စိတ်တိုင်းကျ စိုက်ခွင့်ရကြတာပေါ့။ ကျွန်မတို့ အိမ်ရှေ့ တည့်တည့်မှာ ဝါးရုံကြီးသုံးရုံ အတန်းလိုက် ရှိနေသလို ဝါးရုံပင်အောက်နားမှာ ဝါးလေးတွေနဲ့ ရိုက်ထားတဲ့ ခုံတန်းလေးရှိပါတယ်။

ဝါးပင်တွေရဲ့ သက်တမ်းက ကျွန်မတို့နဲ့ မတိမ်း မယိမ်းလို့ ဖေဖေပြောခဲ့ဖူးပါတယ်။ ဝါးပင်လေးတွေကို တယုတယပျိုးခဲ့တဲ့ ဖေဖေမရှိတော့ပေမဲ့ ဖေဖေ့ ဝါးပင်ရိပ်ကို ခိုခဲ့သူတိုင်း ဝါးပင်တွေနဲ့အတူ ဖေဖေ့ကို တသသ မှတ်မိနေတတ်ပါတယ်။ ဒီဝါးပင်တွေက နွေ ရာသီဆို သိပ်အဖိုးတန်တာ သမီးရဲ့လို့ ဖေဖေ တဖွဖွပြော ခဲ့ဖူးတယ်။ ငယ်ငယ်တုန်းက ဝါးပင်တွေရဲ့ တန်ဖိုးကို သိပ်နားမလည်ပေမဲ့ နားလည်ရမယ့် အချိန်ရောက် တော့ အလိုလိုသိလာရတာပါပဲ။ မီးပျက်လို့ လေအေးစက်၊ ပန်ကာတွေ မကူနိုင်တဲ့ နေ့လယ်ခင်းတွေဆို ဝါးရွက်တွေ ကြား လေတိုးသံကိုနားထောင်ရင်း ဝါးရုံအောက်မှာ အရိပ်ခိုရင်း မိသားစုလိုက် လေညှင်းခံကြ၊ ထိုင်ကြတယ်။ ဝါးလုံး လေးလေးလုံးနဲ့ ရိုက်ထားတဲ့ ခုံတန်းလျားလေးမှာ ထိုင်ပြီး အိမ်ဘက်ကိုငေးမောရင်း အတိတ်ရဲ့ အရိပ် တွေကို ပြန်ဖော်မိကြတယ်။ ဒီတိုက်လေးပြန်မဆောက် ခင်တုန်းက ဒီမြေနေရာလေးမှာ ဘိုးဘွားတွေ ဆွေမျိုး တွေနဲ့စည်ကားခဲ့ဖူးတဲ့ ပျဉ်ကာ၊ သွပ်မိုး၊ ပျဉ်ထောင် အိမ်ကြီးတစ်လုံး ရှိခဲ့ဖူးတယ်။ အဘိုးရော၊ အဘွားပါ ဒီအိမ်လေးမှာ ခေါင်းချခဲ့ကြတာပေါ့။

ဆေးအစိမ်းရောင်နဲ့ အဝါရောင်ရောစပ်ပြီး သုတ်ထားတဲ့ နှစ်ထပ်တိုက်ပုပုလေးကို ဆောက်ပြီးပြီး ချင်း လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ချောကလက်ရောင်နဲ့ ပန်းရောင်လေးစပ်ပီး သုတ်ခဲ့ဖူးတာ။ ခြံတံခါးကိုလည်း အဖြူရောင်လေးသုတ်ခဲ့တာ အမှတ်ရမိတယ်။ အချိန် ကြာလာတော့ မိုးဒဏ် လေဒဏ်ကြောင့် အိမ်က ဆေး အရောင်တွေ၊ ခြံတံခါးက ဆေးအရောင်တွေ ပျက်စီး လာတယ်။ အခုတော့ မဖြစ်မနေ ဆေးပြန်သုတ်ရတာမို့ မောင်လေးက သူ့စိတ်ကြိုက် အရောင်တွေစပ်ပြီး တိုက်လေးကို အရောင်ပြောင်းထားပြန်တယ်။ ကိုယ်တိုင် က စိတ်ကူးယဉ်ပြီး အရောင်နုနုလေးတွေကို နှစ်သက် သူ ကဗျာဆန်ချင်သူမို့ ကျွန်မရွေးမိတဲ့ အရောင်တွေက ရာသီဥတုဒဏ်ကို ကြာကြာမခံနိုင်တာ သေချာတာ ပေါ့။

ကိုယ်တိုင်က အဝေးကနေ ညွှန်ကြားရသူမို့ အိမ် ကို ဆေးရောင်ပြောင်းဖို့ဆိုလာချိန်မှာ အင်တာနက်ပေါ် မှာ တွေ့သမျှ အိမ် အတွင်းပိုင်း ၊ အပြင်ပိုင်း အပြင်အဆင် တွေကိုရှာဖွေပြီး မောင်လေးကို ပို့ပေးရတယ်။ မောင်လေး က အနီးစပ်ဆုံးအရောင်တွေ ရှာဖွေပြီး အရောင် ပြောင်းထားပေးရှာတယ်။ တကယ်တော့ ဒီအိမ်လေးကို စဆောက်ကတည်းက ကျွန်မက အဝေးကနေ လမ်းညွှန် ပေးခဲ့ရတယ်။ မောင်လေးက အနီးကပ်ကြီးကြပ်ပြီး သူ့လက်၊ သူ့ခြေ ၊ သူ့သဘောနဲ့ဆောက်ခဲ့ပြီး လိုအပ်တာ တွေကို ကျွန်မကို လှမ်းပြောတတ်တယ်။ အိမ်အတွင်း အပြင် အသေးစိတ်ကို ကျွန်မစိတ်တိုင်းကျ မွမ်းမံ ပေးထားတယ်။

အိမ်ဆောက်ဖို့ မြေရှင်းချိန်ကစလို့ အတွင်းပိုင်း က လိုအပ်ချက်တွေ အကုန်ပြည့်မီဖို့ အချိန်သုံးနှစ် လောက်စောင့်ခဲ့ရတယ်။ သုံးနှစ်တာ ကာလအတွင်း အိမ်တစ်လုံး သရုပ်ပီပြင်ဖို့ ကျွန်မ နားမလည်ခဲ့တဲ့ အသိ ပညာတွေ အများကြီး ဆည်းပူးလိုက်ရတယ်။ ကျွန်မ ငါးနှစ်ထက်မနည်း အလုပ်လုပ်ပြီး စုဆောင်းထားတဲ့ ချွေးနှဲ စာတွေ အကုန်လုံးကို တရင်း တနှီးမြှုပ်နှံခဲ့ရတယ်။ ဒီအိမ်လေးထဲမှာ ကျွန်မရဲ့ ချွေးစက်တွေနဲ့ လုပ်အားခတွေ တစိမ့်စိမ့်ပျော်ဝင် နေ ခဲ့တာ အခုချိန်အထိလို့ ဆိုလို့ရပါတယ်။ အလုပ်ခွင်ထဲ က သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ နင်အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင် စိတ်တိုင်းကျ မွမ်းမံဖို့ရော ပြုပြင်ထိန်းသိမ်းဖို့ရော ဘာရော နင့်ဘဝတစ်ဝက်နီးပါးမောရလိမ့်မယ်တဲ့။

သူပြောသလိုအထိုက်အလျောက် မောခဲ့ရပေမဲ့ အိမ်လေးအကြမ်းထည်ပြီးဆုံးတဲ့ အချိန်ကစလို့ အခုချိန်ထိ အိမ်လေးကိုတစိမ့်စိမ့်ကြည့်ရင်း ပီတိဖြစ်ခဲ့ရတာကိုတော့ မငြင်းနိုင်ပါဘူး။ ကျွန်မ စိတ်တိုင်းကျ ဖန်တီး ထားတဲ့ အိမ်လေးမှာ မေမေရယ်၊ မောင်နှမတွေ ရယ်၊ ဧည့်သည်တစ်ယောက်လို ရံဖန်ရံခါ ပေါ်လာတတ် တဲ့ ကျွန်မရယ် တစ်သက်လုံး နေသွားလိုတဲ့ ဆန္ဒတစ်ခုက တော့ ရင်ထဲမှာ ရှိနေဆဲပါ။ လေအေးပေးစက်က အငွေ့အသက်တွေနဲ့ အမြဲလိုလို အေးခဲနေတတ်တဲ့ ဒုတိယအိမ်လေး တစ်လုံးကတော့ တစ်နှစ်မှာတစ်လလောက် ပျောက်သွားတတ်တဲ့ ကျွန်မကို တိတ်တိတ်ဆိတ်ဆိတ် စောင့် မျှော်နေရှာရော့မယ်။ သံယောဇဉ်များတတ်သူမို့ အဝေး က အိမ်လေးကိုရော ကျွန်မအမြဲတမ်းနေလိုတဲ့ ဆန္ဒရှိတဲ့ အိမ်လေးကိုရော သံယောဇဉ်တွယ်ရပါတယ်။

နှိုးစက်သုံးခုလောက်နဲ့ ကမန်းကတန်းနိုးထ၊ မနက်စောစောလေးနာရီမှာ ရေချိုးခန်းထဲမှာ ရေတွေ တဝုန်းဝုန်းလောင်းချိုး ၊ ညကတည်းက ပြင်ဆင်ထားတဲ့ အဝတ်အစားတွေ ကောက်ဝတ်၊ ရေခဲသေတ္တာထဲက ထမင်းဘူးတွေ ဝုန်းဒိုင်းကျဲ ဆွဲထုတ်ပြီး ငါးနာရီတိတိမှာ အိပ်ခန်းတံခါးပိတ်လို့ အလုပ်ဝင်ဖို့ အသင့်ဖြစ်နေတဲ့ နေ့ရက်ပေါင်းများစွာဟာ ကျွန်မအတွက် အမှတ်တရ ပေါင်းများစွာနဲ့ ပြည့်နှက်နေခဲ့ပါ တယ်။နာမကျန်းတဲ့ ကျွန်မ၊ ပျော်ရွှင်လန်းဆန်းတဲ့ ကျွန်မ၊ ပင်ပန်းနွမ်းလျနေတဲ့ ကျွန်မ၊ တက်ြ<ွကလန်းဆန်းနေတဲ့ ကျွန်မ၊ မျက်ရည်များတွေတွေ စီးကျနေတဲ့ ကျွန်မ၊ ဒေါသတကြီးအော်ဟစ်ပေါက်ကွဲနေတဲ့ ကျွန်မ စတဲ့ ခံစားချက်ပေါင်းများစွာနဲ့ ကျွန်မတစ်ယောက်တည်း ဒုတိယအိမ် လေးထဲမှာ ဆယ်စုနှစ် တစ်စုနီးပါး ရုန်း ကန်နေရဆဲပါပဲ။ ဒုတိယနေရာ ယာယီ အိမ်လေးတွေမှာ ဘဝတူ အိမ်ဝေးမိတ်ဆွေ တွေကို မိသားစုတွေထက် ပိုခင်တွယ် ပိုအားကိုးရတာ ဘဝအတွေ့အကြုံသစ်တစ်ခု လိုပေါ့။ ရင်ဘတ်တွေဖွင့်ပြ မျက်ရည်တွေတွေကျနေကြ သူတွေကြား ဟန်ဆောင်ပြုံးလေး ပြုံးတတ်ရင်ပဲ ဒဏ်ရာ မဲ့ လူသားတစ်ယောက် ဟီးရိုးတစ်ယောက်ဖြစ်နေ ခဲ့တယ်။

ကျွန်မလုပ်နေရတဲ့ အလုပ်ကလည်း ဝန်ထမ်းတွေ အများကြီးနဲ့ ထိတွေ့ပြီး အရေးကိစ္စပေါင်းစုံကို တာဝန် ယူ ဖြေရှင်းပေးရတဲ့အလုပ်။ အိမ်လို့တဖွဖွ ရွတ်…. မိသားစုကိစ္စ လို့ ခေါင်းစဉ်တပ်ပြီး အပြေးအလွှား လာ တွေ့… ငါ့မေမေ ငါ့ဖေဖေ အရေးအပေါ် အခြေအနေမှာလေ ဆိုလာသူတွေရဲ့ မျက်ရည်စတွေကြားမှာ လိုက်ပါစီးမျောရင်း ကိုယ့်ကိုယ်ကိုယ် မေ့လျော့နေတဲ့ ကျောက် ရုပ်တစ်ရုပ်လိုဖြစ်နေခဲ့ရတယ်။ အိမ်ဝေးငှက်တွေက သင်ပေးကြတဲ့ အိမ်ရဲ့ အရေးပါမှု၊ မိသားစုရဲ့ ကြီးမြတ်မှုတွေ တန်ဖိုးတွေကို အနီးကပ်ဆုံးတွေ့မြင်ခံစားနေရပေမဲ့ ဆန္ဒရှိတဲ့ အိမ်ကလေးဆီအပြီး မပြန်နိုင်သေးသူတွေထဲမှာ ကျွန်မ လည်းပါဝင်နေဆဲပါ။ အဝေးက အိမ်လေးရယ်၊ ကျွန်မ အိပ်မက်တွေနဲ့ ရင်းနှီးတည်ဆောက်ခဲ့တဲ့ အိမ်ကလေးရယ်၊ မတူညီနဲ့ နေရာနှစ်ခုက မတူညီတဲ့ ဘဝရဲ့ ရသ တွေပေးတယ်ဆိုပေမဲ့ ကျေးငှက်လေးတွေရဲ့ တေး ဆိုသံနဲ့နိုးထရတဲ့ မနက်ခင်းတွေကိုသာ ပိုလို့ လွမ်းဆွတ်တသရပါတယ်။

ကျွန်တော်တို့မှာ အိမ်လေးတွေရှိနေတယ်။ ဒါပေမဲ့ အိမ်ထဲမှာ ကျွန်တော်တို့ မရှိနိုင်ခဲ့ဘူးလို့ ဆိုလာသူ သူငယ်ချင်းများစွာကို ထပ်တူထပ်မျှ စာနာမိရတယ်။ အိမ်တစ်လုံးရဲ့ တန်ဖိုးကို အိမ်ဆောက်ဖူးသူတွေသာ သိနိုင်မှာပါ။ အိမ်တစ်လုံးရဲ့ နွေးထွေးမှုကိုတော့ အိမ် ပျောက်ဖူးသူတွေသာ သိနိုင်မှာပါ။ ကျွန်မက အိမ် ဆောက်ဖူးသူလည်း ဖြစ်သလို အိမ်ပျောက်နေဆဲ သာမန် မိန်းမတစ်ယောက်လည်း ဖြစ်ပါတယ်။ ငှက်ကလေးတွေ တေးသီသံနဲ့ နိုးထပြီးရင် တိတ်ဆိတ်အေးစက်နေတဲ့ ကမ္ဘာလေး တစ်ခုထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိ ကျင်လည် ပျော် မွေ့ရဦးမှာပါပဲ။ နွေးထွေးတဲ့ အသိုက်အမြုံလေးမှာ ခေတ္တခဏ အားမွေး ပြီး တောင်ပံတွေ ဖြန့်ကြက်ပြီး ခရီးဆက် နှင်ရပါဦးမယ်။ ပစ္စုပ္ပန်အိမ်နဲ့ အနာဂတ်အိပ်မက် အိမ်တွေကြား အကြိမ်ကြိမ် ကူးလူး ပျံသန်းရပါဦးမယ်။ ကျွန်မရဲ့ ခရီးဆုံးပန်းတိုင်ကတော့ နွေးထွေး တဲ့ အရိပ်တွေနဲ့ ပြည့်နှက်နေတဲ့ အစိမ်း ရောင်အိမ်ကလေးထဲက အဝါရောင်ဖျော့ ဖျော့ အိပ်ခန်းလေးပဲ ဖြစ်ပါတယ်။

နှင်း ( မာယာ)

Go to top