eain st

အိမ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ရှာကြည့်လိုက်တော့ “ “The place where one lives permanently, especially as a member of a family or household. ” လို့ ဖွင့်ဆိုတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘဝအတွက် တိုးတက်ရာတိုးတက်ကြောင်း၊ ကိုယ့်မိသားစုအတွက် ကောင်းရာကောင်းကြောင်းတွေကို ရှာဖွေရင်း ရေကြည်ရာမြက်နုရာ နေရာဒေသအနှံ့ အပြားကို အလျဉ်းသင့်သလို ရွှေ့ပြောင်းပြီး နေထိုင်ကြရတယ်။ မိသားစုဝင်တွေ အားလုံးတစ်နေရာတည်းမှာ၊ တစ်မိုးတည်းအောက်မှာ တစ်စုတစ်စည်းတည်း အတူတကွ နေထိုင်ကြရတဲ့ အချိန်တွေနည်းပါးသည်ထက် နည်းပါး လာတယ်။ အဲဒီလိုနဲ့ တစ်ခါတစ်ရံမှာ အိမ်ဆိုတဲ့ စကားလုံးရဲ့အနှစ်သာရပျောက်ဆုံးနေသလို ခံစားကြရတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကိုယ်လက်ရှိနေထိုင်နေတဲ့ နေရာလေးကိုလှပသပ်ရပ်ပြီး နေချင်စဖွယ်ဖြစ်အောင် ဖန်တီးနိုင်ရင်၊ နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်လို့ဆိုရမှာ မဟုတ်လား။ ဘာရယ်မဟုတ် 'အိမ်' အကြောင်းကို အဲဒီလို စဉ်းစားမိရင်း

ကျွန်မနေထိုင်ခဲ့ဖူးတဲ့ အိမ်တွေကို လက်ချိုးပြီး ရေတွက်ကြည့်မိတော့ လောလောဆယ် နေနေတဲ့ အိမ်အပါအဝင် လက်ငါးချောင်းထက် မပိုတာ တွေ့ရတယ်။ အဲဒီ အိမ်လေးတွေကို အမှတ်ရ ချစ်ခင်သတိရစိတ်နဲ့ ဒီစာလေးကို ရေးပါတယ်။

ပထမဆုံးအိမ်လေးကိုတော့ ကလေးဘဝမို့ ဝိုးတဝါးသာ မှတ်မိခဲ့တယ်။ ကြိုးစားပြီး ပုံဖော်ကြည့်လိုက်ရင်တော့ လေးထောင့်စပ်စပ်သံဆန်ခါကွက် အစိမ်း ရောင်လေးတွေ၊ အိမ်ရှေ့က မြေကွက်လပ်ကျယ်ကျယ်၊ ခြံထောင့်တစ်နေရာက ရေတွင်းဟောင်းတစ်လုံးနဲ့ ပန်းပွင့်အနွယ် အစိမ်းရောင်တွေ ပွင့်လေ့ရှိတဲ့ ဒေါက်စရစ်ပင်… အဲဒီလောက်ပဲ အမှတ်ရတော့တယ်။

ဒုတိယအိမ်ကလေးကိုတော့ ကိုယ်အရွယ်ရောက် ကြီးပြင်းခဲ့ရတဲ့ နေရာမို့ တော်တော်လေးမှတ်မိတယ်။ အဲဒီအိမ်လေးမှာနေရင်း ကျောင်းတက်လိုက်၊ စာကျက်လိုက်နဲ့ အချိန်တွေ တစ်နှစ်ပြီးတစ်နှစ်ကုန်လာခဲ့တယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ အိမ်ကလေးဟာလည်း တဖြည်းဖြည်းနဲ့အိုဟောင်းလာတယ်။ ဒါကြောင့် အိမ်ကလေးကို အသစ်ပြန်ဆောက်ဖို့ စိတ်ကူးတိုင်ပင်ကြတယ်။ ဖေဖေက အဝေးမှာအလုပ်လုပ်နေတာမို့ မေမေ ရယ်၊ ကျွန်မတို့ မောင်နှမနှစ်ယောက်ရယ်၊ အဖိုးရယ် အိမ်ပြန်ဆောက်ဖို့ ဖြစ်မှ ဖြစ်ပါ့မလားရယ်လို့ ဖေဖေက စိတ်ပူနေပါသေးတယ်။ ဒါပေမဲ့ အဆင်ပြေခဲ့ပါတယ်။ အိမ်ကလေးကို ပြန်ဆောက်တဲ့အခါမှာ အစစ အရာရာ စီမံခန့်ခွဲပြီး တာဝန်ယူပေးသူက ကျွန်မ other half ရဲ့ မိဘတွေပါ။ ဒုတိယနှစ် စက်မှုတက္ကသိုလ်ကျောင်းသူ ကျွန်မကတော့ မတတ် တတတ်နဲ့ အိမ်ပုံစံလေးတွေ အခန်းဖွဲ့လေးတွေ ဆွဲခဲ့ပါတယ်။ ရိုးရိုး ရှင်းရှင်းပါပဲ။ အဲဒီ အိမ်ကလေးပြန်ဆောက်နေတဲ့ အချိန်မှာ ကျွန်မတို့ မိသားစုက မျက်နှာချင်းဆိုင် အိမ် အောက်ထပ်လေးမှာ ခဏငှားပြီး နေခဲ့ကြတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်က ကျွန်မတို့ကျောင်းတွေက ပိတ်ထားတာဆိုတော့ အိမ် ဆောက်တဲ့နေရာမှာ အချိန်ပြည့်နေနိုင်ခဲ့တယ်။ အုတ်ကား၊ သဲကား၊ ဘိလပ်မြေကားတွေနဲ့ သစ်ပုံတွေ၊ အုတ်ပုံတွေ၊ အလုပ်သမားတွေကြားမှာ လူးလားခေါက်ပြန် ကူးသန်းပြီး အိမ်အသစ်ကလေးအတွက် မမောနိုင်မပန်းနိုင်။

အိမ်ဆောက်တဲ့အချိန်မှာ အလုပ်တွေကတော့ တော်တော်လေးရှုပ်ပါတယ်။ အိမ်အဟောင်းကို ဖျက်တာ၊ မြေပြန်တိုင်းတာ၊ မြေသန့်တာ၊ ပြီးတော့ အန္တရာယ် ကင်း ဘေးကင်းပရိတ်ရွတ်တာ၊ နေ့ကောင်းရက်သာ ရွေးပြီး ပန္နက်ရိုက်တာ၊ အဝီစိရေတွင်းတူးတာ၊ အိမ်တိုင်ထူတာ… စသဖြင့်။ အဲဒီအထဲမှာမှ ထူးထူးဆန်း ဆန်းလုပ်ရတဲ့ကိစ္စတစ်ခုကတော့ အိမ်အဝင်ပေါက် ခြံစည်းရိုးနားမှာရှိနေတဲ့ ဓာတ်တိုင်ကို ကားဝင်စရာ တံခါးပေါက် အတွက် မလွတ်တော့လို့ တစ်ဖက်ဘေး ကိုပြန်ရွှေ့ရတာပါ။ အဲဒီနေ့မှာ ပတ်ဝန်းကျင်က အိမ် တွေကိုပါ မီးတွေ အရင်ဖြတ်၊ ဓာတ်တိုင် ရွှေ့မယ့် အကွာ အဝေးတစ်လျှောက်ကို မြောင်းတူးပြီး ကရိန်းကားနဲ့ ဓာတ်တိုင်ကိုဆွဲပြီး ရွှေ့ရတာပါ။ အဲဒီနေ့က အိမ်ရှေ့မှာ သူ့အလိုလိုပေါက်လာတဲ့ လူတစ်ရပ်ကျော်ကျော် မြင့်နေတဲ့ တမာပင်လေးကို ခုတ်လိုက်ရလို့ စိတ်မကောင်း ဖြစ်ရတာ ခုထိမမေ့ဘူး။ အိမ်ရှေ့တမာ နောက်ဖေး ခံ တက် စီးပွားတက်ဆိုတဲ့စကားကို ကြားဖူးပြီး အဲဒီ သူ့ အလိုလို ပေါက်လာတဲ့ တမာပင်လေးကို လောဘစိတ်နဲ့ မက်မောနေတာလေ။

အဲဒီအချိန်က အိမ်မိုးစရာသွပ်တွေ ဖေဖေက နိုင်ငံခြားက လှမ်းမှာပြီး ပို့ပေးတယ်။ ကားသွင်းသလိုပဲ သွင်းကုန်လိုင်စင်တွေ၊ ပါမစ်တွေလုပ်ပြီး သွင်းရတာ။ ရန်ကုန်ကို ရောက်လာတော့လည်း ကား ထုတ်သလိုပဲ ကမ်းနားလမ်းက ဆိပ်ကမ်းထဲမှာ သွားထုတ်ရတယ်။ ဖေဖေက အများကြီးပို့လိုက်တော့ အိမ်အတွက် သုံးဖို့ လိုသလောက်ချန်ပြီး ပိုနေတဲ့သွပ်တွေကို ဆိုင်မှာ သွား ပြန်သွင်းကြတယ်။ အိမ်ဆောက်ပစ္စည်းဆိုင်တွေက အဲဒီအချိန်က ၂၇ လမ်း၊ ၂၈ လမ်း၊ ၂၉ လမ်း အဲလိုလမ်း တွေထဲမှာ။ ဆိုင်တွေ အားလုံးက သွပ်တွေ ကားပေါ် တင်ပြီး လာရောင်းတဲ့ ကလေးသာသာ ကျွန်မတို့ မောင် နှမနှစ်ယောက်ကို မအူမလည်လေးတွေ၊ မောင် အချဉ် လေး၊ မအချဉ်လေးတွေလို့ မှတ်ယူကြပုံရပါတယ်။ သူတို့ အခေါ် ဂိတ် အကောင်းစား၊ အထူစား သွပ်တွေကို သူ့ ထက် ငါ အင်တိုက်အားတိုက် ဈေးနှိမ်ပြီး ပေးကြတယ်။ ကျွန်မတို့က တန်ရာတန်ကြေး ပေါက်ဈေးအတိုင်းပဲ လိုချင်တာပါ။ အမြတ်အစွန်းမရရင်နေ ဈေးမှန်မှန်နဲ့ပဲ ရောင်းချင်တာပါ။ တစ်ဆိုင်ကတော့ ပစ္စည်းကို တအား သဘောကျနေတော့ ကျွန်မတို့ တောင်းတဲ့ ဈေးနဲ့ ယူမယ်ပြောပြီး အလုပ်သမားတွေကို သွပ်တွေ ကားပေါ် က ချခိုင်းတယ်။ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင်ပြော လည်း ပြောရော ဈေးတွေ နှိမ်ပါလေရော… ကျွန်မရော မောင်လေးရော စိတ်တွေဆိုးပြီး သွပ်တွေ အခုကား ပေါ် ပြန်တင်လို့ခိုင်းပြီး ပစ်ကပ်ကား နောက်ဖုံးကို ပိတ်ပစ် လိုက်ကြတယ်။ တော်ပြီ မရောင်းတော့ဘူးဆိုပြီး ကား ထွက်မယ်လုပ်တော့မှ တခြားဆိုင်တွေက လူတွေပါ ရောက်လာပြီးပြောတဲ့ ဈေးနဲ့ယူပါ့မယ်၊ သူ့ရောင်းပါ ငါ့ ရောင်းပါနဲ့ ဖြစ်လာကြတယ်။ နောက်ဆုံးမှာ ကျွန်မတို့ လိုချင်တဲ့ ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်သွားတယ်။ နောက်ပိုင်းမှာ သူတို့အတင်းပြောတာ၊ အလုပ်သမား ခေါင်းဆောင်တွေဆီက တစ်ဆင့်ပြန်ကြားရတာ… သွပ်လာရောင်းတဲ့ မျက်မှန် မောင်နှမနှစ်ယောက် အတော်လည်တာပဲတဲ့။

အိမ်တစ်လုံးမှာ လှေကားတစ်စင်းဟာ အတော်ကို အရေးပါတယ်ဆိုတာ ကိုယ် တကယ် အိမ်ဆောက်တော့ မှ သိခွင့်ရတယ်။ အပေါ်ထပ်အတွက် လှေကားထစ်တွေ၊ လှေကား လက်ရန်းတွေ ရုပ်လုံးပေါ်လာတော့ အိမ်တက် လိုမျိုး လှေကားတက် အခမ်းအနားလုပ်ရမယ်တဲ့။ ဒီတော့ နေ့ကောင်းရက်သာ ရွေးရပြန်တယ်။ ပြီးတော့ အုန်းပွဲ၊ ငှက်ပျောပွဲနဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းပြီး လက်သမားအဖွဲ့ခေါင်းဆောင်က ရှေ့က တက်… ပြီးတော့ မိသားစုတွေ အလုပ်သမားတွေ အား လုံးတစ်ထစ်ချင်း လှေကားတက် အခမ်းအနားကို ကျင်းပ ရတယ်။ နောက်တော့ အိမ်သားတွေရယ်၊ ဖိတ်ထားတဲ့ မိတ်ဆွေတွေရယ်၊ အလုပ်သမားတွေရယ် အားလုံး အသင့်ဝယ်ထားတဲ့ ဒံပေါက်တွေ စားကြတယ်။ ပျော် စရာ အတွေ့အကြုံတစ်ခုပါပဲ။

အိမ်တစ်လုံးရဲ့ အကြမ်းထည်ပြီးတော့ အတွင်း ပိုင်း အလှဆင်တဲ့ အချိန်ဟာ ပျော်စရာအကောင်းဆုံးလို့ ကျွန်မထင်မိတယ်။ အိမ်လေးနဲ့လိုက်ဖက်ပြီး ကိုယ် လည်း စိတ်တိုင်းကျတဲ့ ပစ္စည်းတွေ လိုက်ဝယ်ရတာ တကယ်ပဲ ပျော်စရာကောင်းလှတယ်။ ကြမ်းခင်းြေ<ွက ပြား၊ နံရံကပ်ြေ<ွကပြား၊ မီးခလုတ် ၊ မီးလုံး ၊ မီးဆိုင်း၊ နံရံကပ် မီးလေးတွေ၊ တံခါးရွက်အမျိုးမျိုး ပြတင်းပေါက်နဲ့ ခြင်ဆန်ခါတွေအတွက် တံခါးလက်ကိုင်ဘုလေးတွေ၊ မီးဖိုခန်း၊ ရေချိုးခန်းတွေအတွက် ရေပိုက်ရေပန်းစတဲ့ ပစ္စည်းတွေ အမျိုးအမည်ပေါင်းများစွာကို ရွေးချယ် ဝယ်ယူရင်း တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်ပြီး လှပလာတဲ့ အိမ်ကလေးကို သိပ်ချစ်လို့ ည တစ်ရေးနိုးချိန်မှာတောင် ထကြည့်ခဲ့ဖူးတယ်။

အဲဒီအိမ်လေးပြီးသွားတော့ လှပတဲ့ ချစ်စရာ အိမ်ကလေးမှာ နေရတဲ့အတွက် သိပ်ပျော်တာပေါ့။ ဒါပေမဲ့ နောက်နှစ်အနည်းငယ် ကြာတော့ အိမ်ထောင် ကျပြီး သျှောင်နောက်ဆံထုံးပါ… ကျွန်မချစ်တဲ့ အိမ်က လေးကနေပြီး ခပ်ဝေးဝေး တစ်နေရာကို ပြောင်းရွှေ့ခဲ့ ရပါတယ်။ မီးရောင်တွေ တလက်လက်၊ တုတ်တုတ်လို့ ခေါ်တဲ့ သုံးဘီးကားသံ တညံညံ၊ ကျွန်မ နားမလည်တဲ့ ဘာသာစကားတွေ ကလောက် ကလောက်နဲ့ ပြောနေ ကြတဲ့ ဘန်ကောက်မြို့ဟာ ကျွန်မကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။ အိမ်လို့ ခေါ်လို့မရတဲ့ service apartment အခန်းရှည်လေးတစ်ခုမှာ နေရတဲ့အခါ အနည်းငယ် စိတ်ကျဉ်းကျပ်စရာကောင်းပေမဲ့ ပျော်ခဲ့ပါတယ်။ လျှပ်စစ် ထမင်းချက်အိုးရယ်၊ ရေနွေးအိုးရယ်၊ မိုက်ခရိုဝေ့ဖ် ရယ်သာ အသုံးပြုခွင့်ရှိတာမို့ အစပိုင်း မှာ အနည်းငယ် အခက်အခဲ တွေ့ ရပါတယ်။ နောက်တော့လည်း အဲဒီပစ္စည်းတွေနဲ့ပဲ ကြက်ဥ လည်း ကြော်လို့ ဖြစ်သွားသလို မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ တွေလည်း စားဖြစ်အောင် ချက်တတ်သွားပါတယ်။ အဲဒီ အခန်းမှာနေရင်း ရန်ကုန်က အိမ်လေးကို သတိရတဲ့စိတ် နဲ့အတူ အိမ်ဆိုတဲ့ ခံစားချက် သိသိသာသာ ပျောက်ကွယ် နေတာ သတိထားမိတဲ့ ကျွန်မ အမျိုးသားက 'နောက်တော့ အိမ်ခန်း ကျယ်ကျယ်လေး ရှာပြီး ပြောင်းကြတာ ပေါ့'လို့ အားပေးတတ်ပါတယ်။ 'အခုကတော့ ကလေးကလည်း ငယ်နေသေးတော့ အလုပ်နဲ့နီးတဲ့ နေရာမှာနေတာက အဆင်ပြေမှာမို့ပါ'လို့လည်း နှစ်သိမ့် စကားပြောတတ်ပါသေးတယ်။

အဲဒီဘန်ကောက်က အိမ်ခန်းကလေးမှာ သုံးနှစ်ကျော် လေးနှစ်နီးပါး နေခဲ့ပြီး ရေကြည်ရာ မြက်နုရာကို ဆက်လက်ပြောင်းရွှေ့လာလိုက်တာ၊ အခုဆိုရင် second home လို့ခေါ်လို့ ရပြီဖြစ်တဲ့ စင်ကာပူကျွန်း ပိစိလေးကို ရောက်လာပါတယ်။ ရောက်ရောက်ချင်းနေရတဲ့ အိမ်ကလေးက ကျဉ်းပေမဲ့ အိမ်နဲ့ တူတူတန်တန် နွေးထွေးခဲ့ပါတယ်။ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း၊ ထမင်းစားခန်းစတဲ့ မကျဉ်းမကျယ်အခန်းလေးတွေ ပါဝင်တဲ့ အိမ်ခန်းလေး၊ ခေတ္တခဏငှားနေရတဲ့ အိမ်ခန်းလေး ဖြစ်ပေမဲ့ စိတ်ထဲမှာ ကိုယ့်အိမ်လိုသဘောထားပြီး လှလှပပသပ်သပ်ရပ်ရပ် နေဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကျွန်မတို့ မိသားစုသုံးယောက် နေလောက်ရုံ အိမ်ခန်း သေးသေးတစ်ခန်းကို ဖေဖေ၊ မေမေတို့ရဲ့ ကျေးဇူးနဲ့ ဝယ်ဖြစ်ခဲ့ပါတယ်။ အိပ်ခန်း နှစ်ခန်းနဲ့ ဧည့်ခန်းမီးဖိုခန်းရှည်မျောမျောလေးတွေ ပါဝင်တဲ့ အိမ်ကလေးကို ကိုယ့်အိမ်ဆိုတဲ့ အသိစိတ်နဲ့ ကျွန်မ အင်မတန် နှစ်သက်မိပြန်ရော။ အိမ်ကလေးအတွက် သော့ရပြီးတော့ ကျွန်မတို့နှစ်ယောက်သား အိမ်နံရံ တွေကို အတူတူ ဆေးသုတ်ခဲ့ကြတယ်။ အိမ်ကလေးနဲ့ ထိုက်သင့်တဲ့ ပရိဘောဂပစ္စည်းတွေ စိတ်တိုင်းကျ ဝယ် ပြီးနေရာချခဲ့ကြတယ်။ ပန်းချီကားတွေ၊ မီးလုံး ၊ မီးဆိုင်းလေးတွေကိုလည်း အိမ်နဲ့သင့်တော်သလို ပြင်ဆင် ချိတ် ဆွဲခဲ့ကြသေးတယ်။ ကိုယ့်အိမ်လေးကို နေချင်စဖွယ် ဖြစ်အောင် ကိုယ်တိုင်ပြုပြင်လိုစိတ်က ကျွန်မတို့ နှစ် ယောက်စလုံးမှာ စိတ်တူကိုယ်တူရှိနေခဲ့ကြတာ။ အိပ် ခန်း ပြတင်းပေါက်က လှမ်းကြည့်လိုက်ရင် အုန်းပင် ပုလေးတွေ စီတန်းနေတဲ့ အမိုးနိမ့်နိမ့်နဲ့ လူသွားလမ်းလေး၊ သူ့နဲ့တစ်ဖက်ခြမ်းမှာရှိတဲ့ ကလေးကစားကွင်း၊ ကားရပ်တဲ့ နေရာဘေးနားက ကုက္ကိုပင်အကြီးကြီး တစ်ပင် အားလုံးဟာ မြင်နေကျ မြင်ကွင်းပေမဲ့ အချိန် တိုင်း မရိုးနိုင်အောင် ကြည့်နေဖြစ်တဲ့ မြင်ကွင်းတွေပါပဲ။ အဲဒီအိမ်ကလေးမှာ လေးနှစ်ကျော်နေခဲ့ပါတယ်။ အဲဒီနောက်မှာသားလေး ကြီးလာတာက တစ်ကြောင်း၊ မိဘတွေလာရင် ကျယ်ကျယ်ဝန်းဝန်း ချောင်ချောင်ချိချိ နေရအောင် တစ်ကြောင်းတို့နဲ့ ဒီ့ထက် ကျယ်ဝန်းတဲ့ အိမ်ခန်းတစ်ခန်း ရှာဖြစ်ခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ ကျွန်မလိုချင်တဲ့ ပတ်ဝန်းကျင်မှာ ကျွန်မ စိတ်တိုင်းကျ အိမ်ကလေးကို သာမန်ထက်သက်သာတဲ့ဈေးနှုန်းနဲ့ ရခဲ့ပြန်ပါတယ်။ အိမ်လေးရဲ့ နေရာအကွက်အကွင်း၊ အကျယ် အဝန်းနဲ့ ပေးရတဲ့တန်ဖိုးကို ကြားတဲ့သူ တိုင်းက ကျွန်မတို့ကို သိပ်ကံကောင်းတာ ပဲလို့ ပြောကြတယ်။ ရတနာသုံးပါး ကျေးဇူး၊ မိဘတွေကို ကိုယ်နဲ့အတူတူထားပြီး ပြုစု စောင့်ရှောက်လိုတဲ့ စိတ်စေတနာတွေက ကျွန်မတို့ကို ကံကောင်းစေတယ်လို့ အမြဲ ယုံကြည်နေမိတာပါပဲ။ အိမ်အသစ်ကို ပြောင်းလာခါစက အရင်အိမ်ကလေးကို မကြာခဏ သတိရနေတတ်ပေမဲ့ ကိုယ့်စိတ် ကြိုက် အပြင်အဆင်၊ လုံလောက်တဲ့ အကျယ်အဝန်း၊ အလင်းရောင်နဲ့ လေ ကောင်းလေသန့်၊ ရင်းနှီးနှစ်လိုဖွယ်ကောင်း တဲ့ အိမ်နီးချင်းတွေ၊ စိမ်းစိုလှပပြီး တိတ်ဆိတ် တဲ့ ပတ် ဝန်းကျင်၊ လိုအပ်သမျှ နီးနီးနားနားမှာ အလွယ်တကူ ရနိုင်တဲ့ သက်သောင့်သက်သာ အနေအထား၊ အစစ အဆင်ပြေတဲ့ ဒီအိမ်လေးကိုလည်း ကျွန်မ တော်တော် လေး သဘောတကျ နှစ်သက်မိပါတယ်။ ဘာလိုလိုနဲ့ ဒီအိမ်လေးကို ရောက်လာတာ အခုဆို လေးနှစ်ကျော်ငါးနှစ်နီးပါး ရှိခဲ့ပြီ။ နောက်တစ်အိမ်ပြောင်းဖို့ မစဉ်းစားနိုင်၊ မစဉ်းစားချင်အောင်ကို ကျွန်မ အိမ်လေးကို ကျွန်မ ချစ်မက်လှပါတယ်။

ဒီအိမ်ကို ပြောင်းလာတုန်းက မီးဖိုခန်းက ကျွန်မတို့ စိတ်တိုင်းကျမဟုတ်ပေမဲ့ အရင်အိမ်ရှင် ပြင်ထားတာ ခြောက်လပဲ ရှိသေး တယ် ဆိုတော့ အကုန်ပြန်ဖျက်ချပြီး အသစ်လုပ်ဖို့ကို စိတ်ထဲအားနာသလိုလို၊ နှမြောသ လိုလို ဖြစ်ပြီး ဒီတိုင်းပဲနေခဲ့တာ။ တဖြည်းဖြည်း နေကြည့် ရင်းနဲ့မှ အဲဒီမီးဖိုခန်းက ဈေးသက်သက်သာသာနဲ့ ခပ်ပေါပေါပစ္စည်းတွေကိုသုံးပြီး ပြင်ထားတာမှန်း သိ သာလာတယ်။ ကြမ်းခင်းကျောက်ပြားတွေဆိုလည်း တိုက်လို့ကို လွယ်လွယ်ကူကူ မစင်နိုင်ဘူး။ အဲဒီလို အဲဒီ လိုတွေနဲ့ စိတ်တိုင်းမကျဖြစ်ရတာတွေ များလာတော့ ဒီမီးဖိုခန်းကို ပြင်ကြမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ထုံးစံအတိုင်း အိမ်ပြင်ရမယ်ဆို သိပ်တက်ြ<ွကတဲ့ ကျွန်မ တို့ နှစ်ယောက် အလုပ်တစ်ဖက်နဲ့ မအားတဲ့ကြားထဲက ရုံးအဆင်း ညနေတွေမှာလိုအပ်တဲ့ ပစ္စည်းတွေလိုက် ကြည့်၊ တိုင်းထွာ၊ တွက်ချက်၊ ရွေးချယ် ဝယ်ယူရင်း ဟိုး ငယ်ငယ်က အိမ်အသစ်ကလေးဆောက်ရတဲ့ ခံစား ချက်မျိုးထက် မလျော့တဲ့ ခံစားချက်မျိုးနဲ့ စိတ်လှုပ်ရှား ပျော်ရွှင်ရပြန်ပါတယ်။

ငွေကြေးတန်ဖိုး မြင့်မားတဲ့၊ ခမ်းနားထည်ဝါတဲ့ ခြံကျယ်ထဲက တိုက်ကြီးပေါ်မှာနေရမှ အိမ်လို့ မည်တာ မဟုတ်၊ အိမ်ခန်းကျဉ်းလေးပဲ ဖြစ်ပါစေ ကိုယ်လက်ရှိ နေထိုင်နေရတဲ့ ကိုယ့်နေရာလေးကို လှပသပ်ရပ်ပြီး နေချင်စဖွယ်ဖြစ်အောင် ဖန်တီးနိုင်ရင်၊ နှလုံးသားတွေ နွေးထွေးရင် ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေရင် ဒါဟာလည်း အိမ်ပဲ မဟုတ်လား။

 ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုခဲ့ အိမ်... 
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်... 
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်... 
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်... 
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ 
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ 
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ...
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ...

(ဓိရာမိုရ် - အိမ်)


သက်ဝေ

Go to top