Open

အိမ်တစ်လုံးထဲမှာ လူနှစ်ယောက်နေထိုင်သည့် အခါ အလိုအပ်ဆုံးကဘာလဲ။ ပိုးဒါလီအခါခါ စဉ်းစားဖူးခဲ့ပါသည်။ ငွေကြေးလား၊ ချစ်ခြင်းမေတ္တာလား၊ နားလည်မှုလား၊ သည်းခံစိတ်ရှည်မှုလား၊ ဂရုစိုက်မှုလား၊ ထောက်ပံ့ကူညီမှုလား၊ ပွင့်လင်းရိုးသားမှုလား၊ အနစ်နာခံမှုလား၊ တာဝန်ကျေပွန်မှုလား၊ ယုံကြည်မှုလား၊ သစ္စာစောင့်သိမှုလား၊ အလိုလိုက်မှုလား၊ ပျော်ရွှင်မှုလား၊ စိတ်ချင်းထပ်တူကျမှုလား….ခွဲခြမ်းစိတ်ဖြာရင်း ပိုးဒါလီစိတ်တွေ ရှုပ်ထွေးသွားရသည်။ တကယ်ဆို ပိုးဒါလီအသက်အရွယ်က သိပ်မငယ်တော့ပါဘူး။ ၂၇ နှစ်ရှိပြီ။ အိမ်တစ်လုံးထဲမှာ လူတစ်ယောက်ယောက်နှင့်အတူတူ နေထိုင်ဖြတ်သန်း ကြည့်ချင်စိတ်တွေလည်းခဏခဏပေါ်ခဲ့ဖူးသည်။ ပိုးဒါလီကိုချစ်သည်လို့ ယူဆရတဲ့ လူတစ်ယောက်ယောက်နဲ့ပေါ့။ ပိုးဒါလီဘက်က ရက်ရက်ရောရောနဲ့ လူတစ်ယောက် ကိုချစ်ပစ်ဖို့တော့ နှစ်နှစ်ကာကာမစဉ်းစားချင်သေးပါဘူး။ ပိုးဒါလီက

လွတ်လွတ်လပ်လပ် နေထိုင်သွား လာရတာကိုပဲ အရမ်းကြိုက်သည်။ အိမ်တစ်လုံးထဲမှာ ပိုးဒါလီတစ်ယောက်တည်းသာ နေထိုင်လိုသည်။ တစ် ယောက်တည်း အိပ်ရာထချင်ထ၊ Education Guide ပီပီ၊ စာသွားသင်စရာရှိတဲ့နေရာ အလှအပပြင်ဆင် လွတ်လွတ်လပ်လပ်သွား၊ ကြိုက်တဲ့ အစားအစာတွေ ကြိုက်သလို ဝယ်စား၊ အိမ်ကိုပြန်လာ၊ အိပ်ချင်တဲ့အချိန် အိပ်ရာထဲဝင်အိပ်၊ ပိုးဒါလီရှာဖွေသည့်ပိုက်ဆံတွေကို ပိုးဒါလီဘာသာတစ်ယောက်တည်း စိတ်ကြိုက် သုံးချင် ဖြုန်းချင်သည်။ အခုပိုးဒါလီမှာ အဖေကွယ်လွန်ပြီးနောက် အမွေခွဲဝေကြရာက ရသင့်သလောက်ရခဲ့သည့်ငွေမှာ ပိုးဒါလီစုဆောင်းထားသည့် ငွေများထည့်ပေါင်းကာ အင်းစိန်ဘူတာ သံလမ်းနံဘေးက လမ်းကျဉ်းလေးမှာ အသင့်အတင့် တိုက်ခန်းလေး တစ်ခုတော့ ပိုင်ဆိုင်ထား သည်။ ပထမထပ်မှာမို့ တိုက်ခန်းလေးက ဆင်းရ ၊ တက် ရအဆင်ပြေသည်။ စာသင်လို့ရသမျှ ငွေတွေ စုဆောင်း ကာ သည်တိုက်ခန်းလေးကိုနိုင်သလောက် ဖြည့်စွက်ပြင်ဆင်ထားရသည်။

ရှစ်တန်းကိုးတန်းဆယ်တန်း ကျောင်းသားတွေ အိမ်သို့ နားရက်မရှိ လှည့်လည်စာသင်ပြပေးရသဖြင့် တစ်နေကုန် စာသင်ချိန်တွေက ပတ်ချာလည် ပြည့်နေ သည်။ သည်တော့ တိုက်ခန်းကိုနံရံဆေးသုတ်တဲ့ ကိစ္စ လေးမှာတောင် အချိန်က တော်တော့်ကိုပေးရသည်။ အားမည့်ရက်လေးတစ်ရက်မရရအောင် ဆွဲထုတ်ကာ ဆေးသုတ်သမားတွေကို စောင့်ကြပ်ကြည့်ရှုပေးခဲ့ ရသည်။ သည်လို တဖြည်းဖြည်း စိတ်ရှည်လက်ရှည် စောင့်လုပ်ခဲ့လို့လည်း သံပန်းတံခါးတွေ ဘာတွေနှင့် လုံခြုံစိတ်ချရကာ အတန်အသင့်နေချင့်စဖွယ် အိမ် လေးတစ်လုံး ပိုးဒါလီပိုင်ဆိုင်ခွင့်ရခဲ့ပြီ။ ပိုးဒါလီက မိမိကိုယ်ကိုယ် လှလှပပ ပြင်ဆင်နေထိုင်ရတာကို
မက်မောသလို မိမိနေထိုင်ရာသုခဘုံ သည်တိုက်ခန်း အိမ်လေးကိုလှသည်ထက်လှလာအောင် ပြင်ဆင် မွမ်းမံရတာကိုလည်း သဘောကျပါသည်။ ဒါပေမဲ့လည်း နောက်ထပ်ပြင်ဆင်မွမ်းမံစရာတွေ များပြားစွာ ကျန်သေးသည်။ အဲကွန်း၊ ရေခဲသေတ္တာ၊ ချက်ပြုတ်စားသောက် စရာ လျှပ်စစ်ပေါင်းအိုး၊ လျှပ်စစ်ဒယ်အိုးနှင့် အခြားပစ္စည်း လေးများ ပြည့်စုံစွာ ဝယ်ခြမ်းထားရဦးမည်။ အိမ်တစ်လုံး ထဲမှာ လူသားပီပီသသ နေထိုင်နိုင်ဖို့ လိုအပ်သည့် ပစ္စည်းတွေ ထည့်သွင်းရပါဦးမည်။ လောလောဆယ် တော့ ပိုးဒါလီတတ်နိုင်သလောက်ပဲပေါ့။

ပိုးဒါလီ သဘောအကျဆုံးကတော့ တစ်နေကုန်သွားလာလှုပ်ရှားပြီး အိမ်ပြန်ရောက်သည့်အခါ ရေချိုးသနပ်ခါးအဖွေးသားလူးပြီး မိမိအိပ်ခန်းထဲမှာ ခဏတစ်ဖြုတ် ဘာမှမလုပ်ဘဲမျက်နှာကြက်ကို မော့ကြည့်ကာ ငြိမ်ငြိမ်ကလေးလှဲလျောင်းနေရသည့် အချိန်လေးပါပဲ။ မျက်နှာကြက်မှာ ကြယ်ပုံ၊ လပုံ ရောင်ပြန်တုံးလေးတွေကပ်ထားသည်မို့ မော့ကြည့်လိုက်တိုင်း အမှောင်ချထားသည့် အခန်းထဲမှာ ကြယ်တွေလတွေကိုလက် လက်တောက်တောက်ကလေး မြင်နေရသည်။ ကလေးဆန်ကောင်းဆန်နေတဲ့ ပုံစံဖြစ်ပေမဲ့ ဒီလိုကလေး တစ်ယောက်လို လွတ်လပ်စွာ ပြုမူနေထိုင်ရသည်ကို လည်း ပိုးဒါလီအလွန်အမင်း သဘောကျပါသည်။

ပိုးဒါလီက စာအုပ်ဖတ်ရတာကိုလည်း ဝါသနာပါ ပါသေးသည်။ ပြေးပြေးလွှားလွှားတစ်အိမ်ပြီးတစ်အိမ် ကူးသန်းသွားလာနေရသူမို့ စာဖတ်ရမည့်အချိန် သီးသန့်မရှိ။ အိမ်သာဝင်တိုင်း စာအုပ်တစ်အုပ် ကောက်ကိုင် ဖတ်၊ မှတ်သားလေ့လာရသည်။ သည်လိုနဲ့ပဲ အိမ်သာထဲမှာ နောက်ဆုံးထိုင်ခုံတစ်လုံးချကာ ဖတ်လက်စ စာအုပ်တွေကို ဆင့်ကာဆင့်ကာ ထပ်တင်ထားရတော့သည်။ အိမ်တစ်လုံးမှာ စိတ်တိုင်းကျ တစ်ယောက်တည်း နေနေကျဖြစ်တော့ ယောက်ျားတစ်ယောက်နှင့် အတူ တကွ အိမ်တစ်လုံးထဲမှာ ထာဝရနေထိုင်သွားရဖို့ အရေးကို ပိုးဒါလီအတွေးထဲမှာတောင်လုပ်ကြည့်လို့ မရခဲ့ပါဘူး။

ဒါပေမဲ့ အချစ်ဆိုတဲ့အရာက အတော်ကြီး ထူးဆန်းသည်။ စိတ်က ချစ်ရကောင်းနိုးနိုး ကိုယ့်နှလုံးသားလေးကိုယ် တဒေါက်ဒေါက်ခေါက်သံပြုလှုပ်နှိုးလျက် စဉ်းစားခန်းဝင်နေချိန်မှာပဲ လူကအဲသည် တံခါးပေါက်ကနေ အလိုလိုထွင်းဖောက်ကာ အဲသည်အိမ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်သွားခဲ့လေပြီ။ ချစ်သည့်စိတ်တစ်ခုက လူတစ်ယောက်နှင့်အတူ နေထိုင်ပစ်လိုက်ဖို့ ကို အသံတိတ်အမိန့်ပေးခဲ့ပါသည်ထင်ပါရဲ့။ တိတ် ဆိတ်သောအမိန့်ပေးသံအောက်မှာ ပိုးဒါလီနှင့်တကွ ပိုးဒါလီ၏ အရာရာတို့ ကျဆုံးသွားခဲ့သည်။
xxxxx

'ပိုးလေး ဘာတွေစဉ်းစားနေလဲ'

ဝင်သက်ထက်သက်တစ်ခုက ပိုးဒါလီပါးပြင်ကို နူးညံ့စွာတိုးဝင်လာလျှင် ပိုးဒါလီ ခစ်ခနဲတစ်ချက်ရယ် လျက် ၊ ခါးပေါ်က လက်တွေကို ဆွဲယူတင်းကျပ်စေလျက် ကိုဇော့်မျက်နှာကို စေ့စေ့ပြန်ကြည့်မိရင်း 'ဘာမှမစဉ်းစားပါဘူး ကိုဇော်ရယ်'လို့ အလိုက် သင့်ပြန်ပြောလိုက်သည်။ တကယ်တော့ ပိုးဒါလီ အိမ်တစ်လုံးမှာ သွေးမတော်သားမစပ် လူသားနှစ်ယောက် အတူတူနေထိုင်ကြခြင်း ဆိုတာကို စဉ်းစားနေမိသည်ပဲ။ မိမိကို တင်းတင်းဖက်ကာ မျက်လုံးများ ပြန်မှေးမှိတ်လျက် မှိန်းအိပ်နေသည့် ကိုဇော့်မျက်နှာကို ပိုးဒါလီ စိတ်လွတ်လက်လွတ်ကြည့်နေမိသည်။

အနည်းငယ်လုံးဖောင်းဟန်ရှိသည့် မျက်နှာတစ်ခု၊ သောက်ထားသည်ဖြစ်စေ၊ မသောက်ထားသည်ဖြစ်စေ အမြဲလိုလို ရီရီဝေဝေဖြစ်နေတတ်သည့် မျက်လုံးများ၊ စင်းဖြောင့်ဖြောင့် နှာတံနှင့် စကားကို လုံးလုံးထွေးထွေး ဖြည်းဖြည်းလေးလေး ပြောတတ်သည့် နှုတ်ခမ်း။ အဲ သည်လူက ပိုးဒါလီရဲ့ခင်ပွန်းသည်ပေါ့။ နယ်မြို့ကလေးမှာ ရှိသည့်အမေ့ကို သမီးယောက်ျားယူလိုက်ပြီလို့ ဖုန်း တစ်ချက်သာဆက်လိုက်ပြီး အဲသည် လူရဲ့အိမ်ကို ပိုး ဒါလီရဲ့ပိုင်ဆိုင်သမျှ ပစ္စည်းတွေ အနည်းအကျဉ်းလောက် သာသယ်ဆောင်လာပြီး အဲသည်လူနှင့်အိမ်တစ်လုံးရဲ့ အမိုးအောက်မှာ အတူတူနေထိုင်ဖြစ်သွားသည်။ အမေ ကပိုးဒါလီကို ယုံကြည်သူ၊ သမီးရဲ့သွက်လက်ချက်ချာ မှုနှင့်အတူ ထက်မြက်သည့် လုပ်ရပ်တွေကို အမြဲ ယုံကြည်ထောက်ခံသူမို့ အမေ့ကို ရှည်ရှည်ဝေးဝေး ပြောပြနေဖို့မလိုတော့ပါ။ အမေက 'ငါ့သမီး ပျော်တယ်မို့ လား၊ ပျော်ရင်ပြီးတာပဲ၊ ငါ့သမီးကို အမေစိတ်ချတယ်' ဆိုသည့် စကားတစ်ခွန်းသာ တုံ့ပြန်ခဲ့သည်။

ဒါပဲလေ၊ အိမ်တစ်လုံးမှာ လူတစ်ယောက်နှင့် အတူနေထိုင်ဖို့ ဘဝနှင့်အချိန် ပေးဆပ်ထိုးအပ်လိုက် ပြီပဲ၊ နောက်ထပ် ဘာကို အကုန်အကျခံ ဆက်သနေ ရဦးမှာလဲ။ ယောက်ျားနှင့်မိန်းမ မည်သူ့ဘက်ကိုမှ အပိုစရိတ်တွေလည်း မကုန်ကျစေချင်ပါ။ လက်ထပ် စာချုပ်လား၊ ဒါကိုလည်း ပိုးဒါလီ အယုံအကြည်မရှိပါဘူး။ ရှေးရှေးတုန်းကတောင် ပုဆိုးတန်းတင် အကြင်လင် မယားဘဝ ဆိုတာမျိုးတွေ ရှိခဲ့ကြတာပဲ။ မိမိနေထိုင်တဲ့ အိမ်ရဲ့ တောင်ဘက် ခုနစ်အိမ်၊ မြောက်ဘက် ခုနစ်အိမ် အသိပေးလိုက်ရုံနဲ့ နှစ်ကိုယ်တူ ဘဝထူထောင်ကာ အိမ်တစ်လုံးရဲ့အမိုးအောက် တူယှဉ်တွဲလို့ ရဲရဲပြေးဝင် ခဲ့ကြတာပဲမဟုတ်လား။ ယခုခေတ်က အိုင်တီခေတ် ပီပီ အင်တာနက် ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေများ သည်။ ဖေ့စ်ဘွတ်မှာ relationship လုပ် friend list ထဲရှိသမျှ မိတ်ဆွေအပေါင်းကို အသိပေးလိုက်တာနဲ့ အိမ်တစ်လုံးမှာ ယောက်ျားတစ်ယောက်နဲ့ အတူတကွ နေထိုင်ပစ်လိုက်လို့ရတာပဲမဟုတ်လား။ သည်ခေတ်ထဲ က အမျိုးသမီးလေးပီပီ ပိုးဒါလီ သည်သို့သာ ယူဆသည်၊ စာချုပ်နှင့် စာရွက်စာတမ်းတွေကို ပိုးဒါလီ အယုံအကြည် လုံးဝမရှိပါ။

တစ်သက်မှာ တစ်ခါမို့လို့ ဆိုကာ မင်္ဂလာဆောင် တွေကို ခမ်းခမ်းနားနားကြီး ကျင်းပလေ့ရှိသည့် စုံတွဲ တွေကိုလည်း ပိုးဒါလီ အားကျခြင်းမရှိပါ။ တချို့က လက်ဖွဲ့ ပြန်ရခြင်း၊ မရခြင်း၊ အရင်းကြေ မကြေ၊ အမြတ် ရ မရ၊ ဒါတွေနှင့် တွက်ချက်ကာ အရှုံးအမြတ်အသာအနာ တွက်ဆတတ်ကြသေးသည်။ ဒီလိုစိတ်ထားတွေနဲ့ မင်္ဂလာဆောင်နှင်းပြီးမှ အိမ်တစ်လုံးမှာ ယောက်ျားတစ်ယောက်နှင့်အတူနေထိုင်ရခြင်းကို ပိုးဒါလီ လိပ်ပြာသန့်မည်မဟုတ်။

ယခုအနေအထားကို ပိုးဒါလီ တကယ်ပဲ နှစ် သက်သဘောကျမိပါသည်။ လောလောဆယ်တော့ သဘောမကျစရာ မတွေ့မိသေးပါ။ ကိုဇော်က အနှစ် ၂ဝနီးပါး နိုင်ငံခြားမှာ နေထိုင်ရာက အခု မြန်မာပြည်ကို ပြန်ရောက်လာသည်။ အစ်မနှစ်ယောက် ညီမတစ် ယောက်ရှိပြီး မိသားစုအားလုံးက ပြည့်စုံကုံလုံသူတွေ ချည်းပင်။ ကိုဇော်နေဖို့ သီးသန့် တိုက်ခန်းတစ်ခန်း အိမ်ရာတစ်ခုမှာ ချက်ချင်းစီစဉ်ပေးခဲ့သည်တဲ့။ အမေနှင့် သူ့ညီအစ်မတွေက တစ်ယောက်တစ်လှည့် ကိုဇော့်ကို အပြိုင်အဆိုင်လာလာကြည့်ရှုကြသည်။ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာနေခဲ့သည့် သူတို့သား၊ သူတို့ မောင်ကို မြန်မာပြည်ပြန်လာခိုက် လိုလေသေးမရှိ
ထားသည်။ အဝတ်အစားကအစ နေ့စဉ်စားစရာ အဆုံး အားလုံးက အလုအယက် စောင်မကြည့်ရှုကြသည်။ ကိုဇော့်ကို အိမ်ရာထူထောင်စေချင်နေသည့် အမေ ညီအစ်မတွေက သူတို့မိတ်ဆွေတွေရဲ့ သမီး၊ သူငယ်ချင်း မိန်းကလေးတစ်ယောက်ယောက် ကို, ကိုဇော်ကြိုက်နိုး နိုးနှင့် ဓာတ်ပုံတွေ ယူလာလာပြကာ အောင်သွယ်ပေးနေ ကြ သည်။ ကိုဇော်က ဘယ်သူ့ကိုမှ မကြိုက်ခဲ့ဘဲ ပိုးဒါလီ နှင့် ဖေ့စ်ဘွတ်ခ်မှာ မိတ်ဆွေဖွဲ့ စကားစမြည်ဆိုကြရင်း စကားတွေ ကျွံနစ်ကုန်လို့လား၊ စိတ်တွေလွန်ချစ်ကုန်လို့ လားမသိ။ ပိုးဒါလီနှင့် အွန်လိုင်းမှာ ချစ်သူဖြစ်သွားပြီး မြန်မြန်ဆန်ဆန်ကြီးပင် ယူလိုက်ကြခြင်းပင်။ မြန်မာပြည် မှာ အလုပ်လုပ်ရင်ကောင်းမလား၊ ဘာလုပ်ရမည်လဲ ရွေးချယ်စဉ်းစားနေတုန်းမှာပဲ ပိုးဒါလီနှင့် အတူနေ ဖြစ် သွားသည်။ ကိုဇော့်အိမ်ကတော့ ပိုးဒါလီတို့ဘက်က လိုမဟုတ်။ ခမ်းခမ်းနားနားတွေ မင်္ဂလာဆောင်စေချင်သည်တဲ့။ ပိုးဒါလီက လက်မခံတော့ အားလုံးလက်လျှော့ သွားပြီး ပိုးဒါလီဆန္ဒကိုဦးစားပေးလိုက်ကြသည်။ လော လောဆယ်တော့ အဆင်ပြေနေသည်ပဲ။

သည်အိမ်ကိုရောက်သည်မှာ မကြာသေးပါ။ ကြာလာရင်ကော ဘာတွေ အဆင်မပြေတာတွေ ကြုံရနိုင်မလဲ၊ ငွေကြေးပြဿနာလား၊ တစ်ယောက်က တစ်ယောက်ကို မယုံမကြည် စိတ်မချမှုတွေလား……သူ့ဆွေမျိုး ကိုယ့်ဆွေမျိုး ပြဿနာတွေလား…။ သည်သို့ မိမိမှာ တွေးပူမိခဲ့ပါသော်လည်းပဲ တကယ့်တကယ်မှာ ကြုံလာရသည်က ပိုးဒါလီ တွေးပူ မိသလို ကိစ္စမျိုး မဟုတ်ဘဲအသေးအဖွဲလို့ ယူဆရတဲ့ ကိစ္စလေးတွေ….။
xxxxxxx

'ပိုးလေး ခဏနေဦး ခဏလေး ခဏလေး'

မီးဖိုခန်းထဲ သုတ်သုတ်ပျာပျာပြေးဝင်သွားသည့် ကိုဇော့်ကိုကြည့်ကာ ပိုးဒါလီ 'ကျွတ်'လို့ အသံတစ်ချက်ထွက်မိသွားသည်။ ပိုးဒါလီသိလိုက်ပြီ။ အမှိုက် အိတ်ကိုကျစ်နေအောင် ကိုဇော်ပြင်ထုပ်နေသည်ကို ကြည့်ပြီး သေချင်စော်နံအောင် စိတ်ပျက်ထွက်သွား သည်။ အိမ်သံပန်းတံခါးကိုဖွင့်ရင်း လက်ကနာရီကို တကြည့်ကြည့်လုပ်မိသွားသည်။ မိုးက ရွာနေသည်။ ထီးတစ်ဖက်၊ စလင်းဘက်အိတ်ကတစ်ဖက်။ ဒါကို ဒီအမှိုက်တွေထည့်ထားသည့်ကြွပ်ကြွပ် အိတ်သယ် သွား ကာ လမ်းထိပ်က အမှိုက်ပုံသို့ သွားပစ်ပေးခဲ့ရဦးမည်တဲ့။ ပိုးဒါလီ စိတ်ပျက်သည်။ ကိုဇော်က ဘီယာနှင့် အရက်အကောင်းစားတွေဝယ်သောက်ဖို့တော့ ဘယ်
တော့မှ အနှမြောမရှိတတ်။ ဘာမဟုတ်တဲ့ အမှိုက်ကိစ္စကျမှ ...။ အမှိုက်သိမ်းလှည်းတွေ လာချိန်ထွက်စောင့် ပေးပြီး မုန့်ဖိုးလေးဘာလေး နှစ်ရာသုံးရာလောက်ပေးလိုက်ဖို့ကျတော့ ကပ်စေးနှဲနေတတ်သည်။ ပိုးဒါလီ အပြင်ထွက်ချိန် အမှိုက်အိတ်သယ်သွားရတတ်သလို သူကိုယ်တိုင်လည်း အပင်ပန်းခံပြီး လမ်းထိပ်အမှိုက်ပုံးထဲသွားသွားထည့်တတ်သည်။ ပိုးဒါလီကိုယ်တိုင် မလုပ်ချင်သလို ကိုဇော့်ကိုလည်း မလုပ်စေချင်။ ဖက် ပြိုင်ပြောနေရင်ပိုကြာမှာစိုးလို့သာ တစ်ခါတည်းဆွဲယူကာ ပိုးဒါလီထွက်လာခဲ့ရသည်၊ လူက စိတ်မကျေမချမ်းဖြစ်လိုက်ရတာ မပြောပါနှင့်တော့။ အင်းလျားလမ်းထဲက တပည့်မလေးအိမ်မှာ စာ သင်နေရင်း၊ ပိုးဒါလီ ကိုဇော့်နှင့်နေထိုင်ရသည့် အချိန် များကို အသေးစိတ်မြင်ယောင်တွက်ဆနေမိရင်း သက်ပြင်းတွေ အခါခါသာချနေမိတော့သည်။
xxxxxx

အစပိုင်းမှာ ကိုဇော်က ပိုးလေးသဘော ပိုးလေးသဘောနှင့်အရာရာပြုံးလျက်အလိုလိုက် အကြိုက် ဆောင်ခဲ့သော်လည်း ပြက္ခဒိန်ရက်စွဲတွေ ကုန်လွန်တာ နှင့်အမျှ ပိုးဒါလီမထင်မှတ်သည့် ကိုဇော့်အမူအကျင့် များက ထောင့်တစ်ထောင့်ကနေ တစ်လွှာချင်း တစ် လွှာချင်း ကွာကျကာ စိတ်ထားအမှန်ပေါ်လာတော့ သည်။ တခြားတော့မဟုတ်။ ကိုဇော်က ဇီဇာကြောင်လွန်းသည်။ ပိုးဒါလီ မီးဖိုခန်းထဲ ချက်ပြုတ်နေလျှင် ကူညီပေးတာမျိုးမဟုတ်ဘဲ ပိုးဒါလီလုပ်ပုံကိုင်ပုံက အချိုးမကျလို့ နောက်က လိုက်လုပ်ပေးနေရသည့် ပုံစံမျိုး ကိုဇော်ကပြလာသည်။ ဥပမာ ပိုးဒါလီ ဆေးပြီးသား ပန်းကန်၊ ခွက်များ ၊ ရေစစ်သည့်စင်မှာ တင်ထား သည်ကို
ရုတ်တရက်ဆွဲယူ ဇွတ်အတင်းလာဝင်ဆေးတာမျိုး၊ ပိုးဒါလီက ဆေးပြီးသားပါပြောလည်း ဆပ်ပြာ နဲ့ဆေးရဲ့လား ဆိုကာ ခွက်ကို ဆွဲယူ နမ်းကြည့် လုပ်တာ မျိုးပိုးဒါလီ အသည်းယားလှပါရဲ့။ ပိုးဒါလီက ဒီဟာလုပ်နေလျှင် ကိုဇော့်အနေနှင့် ပိုးဒါလီမလုပ်သည့် တခြားအလုပ် တစ်ခုခုကို လုပ်နေဖို့သင့်လှသည်။ သို့ သော်ကိုဇော်က သည်လိုမဟုတ်ဘဲ၊ ပိုးဒါလီလုပ်လက်စအလုပ်ကို ကြားဖြတ်ဝင်ဝင်လုပ်တာမျိုး စွက်ဖက် လုပ်လုပ်လာ သည့်အခါ ပိုးဒါလီ စိတ်ပျက်လက်ပျက် ဖြစ်ရသည်။ စာသင်ရာက ပြန်ရောက်လာလျှင် ပိုးဒါလီက အဝတ် အစားတွေလဲပြီး လျှော်ဖို့ခြင်းထဲတောင် မထည့်ဖြစ် သေးလျှင် သုတ်သုတ်ပျာပျာ အခန်းထဲ
ပြေးဝင်လာကာ ပိုးဒါလီအဝတ်တွေကို သိမ်းကျုံး ကောက်ယူသွားတော့ သည်။ ခဏကြာ အဝတ်လျှော်စက် မွှေ့သံလှည့်သံကြား ရ တော့သည်။ အရေးမှမကြီးဘဲ ခဏထားလိုက်ပါလား ကိုဇော်ရယ်လို့ ပြောမိလျှင် ဘာလို့အရေးမကြီးရမှာလဲ အဝတ်ဆိုတာ ချက်ချင်း လျှော်ရတယ်၊ အဲလို ပုံမထားရ ဘူးတဲ့။ ပိုးဒါလီကတော့ မလျှော်ချင်သေးတဲ့အဝတ် တွေ ခြင်းတစ်ခုထဲ ထိုးသိပ်ဖိထည့်ထားလိုက်တာပါပဲ။ လုပ်ချင်စိတ်ပေါ်လာမှ ထလုပ်ပစ်တာမျိုး။ တစ်ကိုယ်တည်း စိတ်လွတ်လက်လွတ်နေထိုင်ခဲ့သည့် ပိုးဒါလီမှာ စိတ်တွေ ကျဉ်းကျပ်ရတော့သည်။

ညညသနပ်ခါးလူးကာ အိပ်တတ်သည့် ပိုးဒါလီမှာ သနပ်ခါးစက်ကြမ်းပေါ်ကျလျှင် နောက်က ရေအဝတ် နှင့် လိုက်တိုက်သည့်ကိုဇော့်လုပ်ရပ်ကြောင့် သနပ်ခါးပင် မလိမ်းချင်တော့အောင် စိတ်ပျက်မိတော့သည်။ သနပ် ခါးစက်လေး ကြမ်းပြင်ပေါ်ကျတာကို အဆိပ်ရည်တွေ ဖိတ်စဉ်ကျသလို အူလျားဖားလျား နောက်က လိုက်သုတ်နေမှတော့ ဘယ်လိုလုပ် ပိုးဒါလီ စိတ်လွတ်လပ်တော့မည်လဲ။ မျက်နှာသုတ်ပဝါတွေကို ပိုးဒါလီရေသုတ်ပြီး ခဏလေးအခန်းထဲ လွှားမထားလိုက်နဲ့...တစ်ခါတည်း ချက်ချင်းသိမ်းဆွဲယူကာ သုတ်သီးသုတ်ပျာပုံစံနှင့် ဝရန်တာ သို့ အပြေးတစ်ပိုင်းသွားကာ ကြိုးတန်းမှာ ပြန့်ပြူးနေ အောင် ချိတ်လှမ်းတော့သည်။ သံဆန်ဒါကွက်တွေရှိ လျက်နှင့်အောက်သို့ ပြုတ်မကျနိုင်မှန်းသိလျက်နှင့် လှမ်းလိုက်သမျှ အဝတ်ထည်တိုင်းကို တစ်ဖက်တစ် ချက် ညှပ်ကလစ်တွေနှင့် လိုက်ချိတ်ရပြန်သေးသည်။ ပိုးဒါလီက အရေးမကြီးလုပ်ရန်မလို ဟု ထင်ထားသည့် အသေးအဖွဲအိမ်အလုပ်ကလေးတွေကို ကိုဇော်က ပြာ လဲ့မှာ ဇာချဲ့နေခြင်းပဲလို့ ပိုးဒါလီသဘောပေါက်လာခဲ့ သည်။ မလုပ်လည်းရနေသည့် အပိုအလုပ်တွေနှင့် ကြိုးရှုပ်ကာ ဗျများနေသည် လို့ ကိုဇော့်ကို မြင်လာသ လို ကိုဇော့်ဘက်ကလည်း ပိုးဒါလီက မိန်းမဖြစ်ပြီး သိမ်း ထုပ်ရှင်လင်းရကောင်းမှန်းမသိ၊ ပရမ်းပတာနေတတ် သည့်မိန်းမ လို့ အထင်ရောက်လာသည်။ ခွန်းကြီးခွန်းငယ် တုံ့ပြန်ပြောဆိုသံတွေက ဘာမဟုတ်သည့် အသေးအဖွဲ ကိစ္စလေးတွေဆီမှ ထွက်ပေါ်လာခြင်းကို ပိုးဒါလီ ပိုလို့ ဒေါသထွက်သည်။ အိပ်ရာနိုးနိုးချင်း ပိုးဒါလီက စောင် ခေါက်ချင်မှ ခေါက်ဦးမည်၊ ရေနွေးတည်ကာ ကော်ဖီအရင် သောက်ချင် သောက်ပစ်မည်။ သို့သော် ကိုဇော်က သည်လိုမဟုတ် ။ သူ့အစီအစဉ်အတိုင်း တစ်ဆင့်စီ လှုပ်ရှား လုပ်ကိုင်တာကိုမှ အထင်ကြီးသူ ဖြစ်နေသည့်အခါ ပိုးဒါလီစိတ်ဓာတ်ကျသည်။ အိမ်တစ်လုံးမှာ လူနှစ်ဦး အတူနေထိုင်ရင်း သဘောထားများ မတိုက်ဆိုင်တော့ ခြင်း ကို ပိုးဒါလီ လက်ခံပါသည်။ သို့သော် သူများစုံတွဲတွေ လို ကြီးကျယ်ခမ်းနား သော လုပ်ရပ်များကြောင့်မဟုတ်ဘဲ သည်သို့ သေးနုပ်လှသော ကိစ္စ၊ အရေးမကြီးသည့် လုပ်ရပ်လေးများကြောင့် ပြဿနာဖြစ်ဖြစ်နေရသည် ကို ပိုးဒါလီ စိတ်ပျက်လာလေပြီ။နောက်ဆုံးမှာ ကိုဇော့်နှုတ်က 'အလကားမိန်းမ' ဆိုသည့် အသုံးအနှုန်းကြားလိုက်ရချိန်မှာ ပိုးဒါလီ စိတ်တွေ ထိန်းမရတော့ဘဲ ဒေါသအိုးပေါက်ကွဲတော့ သည်။ 'အလုပ်မလုပ်တဲ့ လင်ယောက်ျားက အလုပ်လုပ်နေတဲ့မိန်းမကိုများ အလကားမိန်းမလို့ ပြောရဲသေးတယ်' ဒီစကားတစ်ခွန်းကြောင့် ကိုဇော်က အသည်း ပေါက်အောင် နာကျင်သွားသလို ပိုးဒါလီကလည်းအလကားမိန်းမဆိုသည့်စကားတစ်ခွန်းကို နားထဲ ကထုတ်မရအောင် ခါးသည်းစက်ဆုပ်သွားခဲ့ပြီ။
xxxxxx

အိမ်ခန်းလေးထဲ ခြေချဝင်ချိန်မှာ မိုးက စုပ်စုပ်ချုပ် ခဲ့ပြီ။ အခုတော့လည်း သည်တိုက်ခန်းကျဉ်းလေးထဲမှာ ပိုးဒါလီတစ်ယောက်တည်း။ မီးအမှောင်ချကာ အိပ်ရာထဲ ပက်လက်လှန် လဲလျောင်းလိုက်သည့်အခါ မိုးကောင်းကင်မှာ ကြယ်လေးတွေနှင့်လမင်းအလင်းကို မြင်လိုက် ရသလို အိပ်ခန်းလေးရဲ့မျက်နှာကြက်မှာ ဝင်းဖန့်ဖန့် လက်ဖြာတောက်နေသည့် ကြယ်ပုံလပုံ ရောင်ပြန်တုံး လေးတွေကို မြင်သည်။ ပိုးဒါလီ မငိုပါ။ လွတ်လပ်ခြင်းရဲ့ အနှစ်သာရကို မိမိရဲ့တစ်ကိုယ်စာအိမ်ခန်းလေးထဲမှာ ပန်လည် ပိုင်ဆိုင်ခွင့်ရခဲ့ပြီဆိုသည့် အသိက ပိုးဒါလီကို ထာဝရပျော်ရွှင်ချမ်းမြေ့စေပါလိမ့်မည်။

ပိုးအိမ်သူ

Go to top