kk

မိုးတွေရွာနေတယ် . . . အဲ့လိုပဲရင်ထဲမှာငိုနေမိတယ်....
ဒီအိမ်လေးထဲကနေအပြင်ကိုငေးကြည့်ရင်း…ကျွန်မရဲ့မျက်ဝန်းအိမ်ထဲက…မျက်ရည်စတချို့ ခုန်ဆင်းသွားတယ်။ လက်ထဲကကိုင်ထားတဲ့ကော်ဖီခွက်ကို တစ်ချက်မော့လိုက်တဲ့နောက် မျက်လုံးက ကော်ဖီခွက် ကိုရောက်သွားရင်း မျက်ရည်လေးခုန်ဆင်းသွားတယ်။ကော်ဖီခွက်ထဲမှာကော်ဖီမရှိတော့မှန်း သတိမထား လောက်အောင် ကျွန်မ ရင်တွေပူမှန်းမသိပူနေမိတယ်။ သတိရခြင်းနဲ့ လွမ်းဆွတ်ခြင်းက အတိတ်ကိုရောက်သွားတယ်။အဲ့ဒီနေ့က ကျွန်မရုံးစတက်တဲ့နေ့ပေါ့ . . . နွေရာသီ ရဲ့နေကပူလို့ကောင်းတုန်း . . . အလုပ်စဆင်းရက်ဆိုတော့ လူက အူကြောင်ကြောင်ဖြစ်နေတာပေါ့။ ဒါပေမဲ့ အူကြောင်ကြောင်ဖြစ်ရတာ သိပ်မကြာလိုက်ပါဘူး။ ကျွန်မနဲ့အတူအလုပ်ဝင်တဲ့လူက ကျွန်မအပါအဝင်အားလုံးပေါင်း ငါးယောက်ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်မိတ်ဆက်လိုက်ပြီး . . လျှောက်တဲ့ရာထူးတွေက အတူတူပဲမို့ ခင်မင်ခဲ့ကြတယ်.ကျွန်မတို့ အဖွဲ့ဖြစ်သွားတယ်။ အခန်းချင်းမတူပေမယ့် ထမင်း စားလည်းအတူတူ tea time လည်းအတူတူပေါ့…အဲ့ဒီထဲမှာ

ကျွန်မနဲ့ဝါသနာတူ စိတ်တူကိုယ်တူတစ်ယောက်ပါတယ်။ ထူးခြားချက်ကတော့ အဲ့ဒီတစ်ယောက်က ယောက်ျားလေးဖြစ်နေတာပဲ။ ကျွန်မတို့အဖွဲ့မှာနာမည် ပြောင် တွေရှိကြတယ်။ သူ့နာမည်အရင်းက မိုးတိမ်အောင် ဒါပေမဲ့ သူ့ကိုနာမည်အရင်းမခေါ်ဘဲ မိုးတိမ်အောင်ကိုပြောင်း ပြန်လုပ်ပြီးမောင်တိမ်အိုးလို့ခေါ်တယ်။ နောက်တစ်ယောက်ကစကားသိပ်များတဲ့ မင်းမောင် သူ့ကိုတော့ တော်ကီ။ ပြီးရင်အစားပုပ်တဲ့ ဝတုတ် သူ့နာမည်အရင်းက အေးပွင့်ဖြူ။ နောက်တစ်ယောက်ကကော်ဖီအလွန်ကြိုက်လို့ ဘိန်းစားလို့ခေါ်တဲ့ ထက်ထက်မောင်။ ကျွန်မကိုတော့ သူတို့တွေ ကလူကောင်သေးသေးလို့မို့ ဘွန်ဇိုင်းတဲ့လေ။ ကျွန်မနဲ့ သူကအကြိုက်ချင်းတော် တော်တူတယ်။ ဥပမာ ကျွန်မ ကငါးမကြိုက်သလို သူလည်းမကြိုက်ဘူး ပြီးတော့ ထီးဆောင်းရမှာတောင် ပျင်းတာခြင်းတူနေတယ်။ နောက်ပြီး ဝါသနာတူတာကတော့ ကျွန်မလည်း ကဗျာ ကြိုက်သလို သူလည်းကဗျာချစ်တယ်။ ကျွန်မတို့ နှစ်ယောက်က အကြိုက်ချင်းတူတာတွေများတော့ ပိုပြီးတွဲဖြစ်တယ်။ ဒါကိုကျန်တဲ့သူတွေက ကျွန်မတို့ နှစ်ယောက်ကိုစကြတာပေါ့။ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက် ကတော့ အေးဆေးပါ။တစ်ရက်သူနေမကောင်းလို့တဲ့ ရုံးမတက်ဘူး။သူ ရုံးမတက်တာနဲ့ကျွန်မဘာလို့နေလို့မရမှန်းမသိဘူး။ ကျွန်မ မျက်နှာမကောင်းတာကို အတူ တွဲနေတဲ့ ဟိုသုံးကောင်က သိတယ်။ ထမင်းစားချိန်ရောက်တော့ အရင်ဆုံး ဝတုတ်က

'ဟဲ့..ဘွန်ဇိုင်း နင်ဘာဖြစ်နေတာလဲ..'
'ဘာမှမဖြစ်ပါဘူးဟာ'၊
'လိမ်မနေပါနဲ့ဟာ... နင်လိမ်လို့မရပါဘူး မျက်နှာကအီးမှန်ထားတဲ့ရုပ်နဲ့. . . '
အဲ့ဒီမှာတင်ဘိန်းစားမကထပြီး ' ဟဲ့..ဘွန်ဇိုင်း နင်တို့နှစ်ယောက်က ဘာတွေလဲ..ဘာတွေဆိုလည်း ပြောပြဟာ မလျှိုနဲ့နော် . . . ငါတို့ကသဘောတူတယ်
နင်တို့နှစ်ယောက်ကို သိလား. . . '
'နင်တို့ထင်သလိုမဟုတ်ပါဘူးဟာ...'
အဲ့ဒီမှာတင် တစ်ချိန်လုံးငြိမ်နေတဲ့ တော်ကီက
'ဘွန်ဇိုင်း..နင့်ကို
ပြောစရာရှိတယ်မောင်တိမ်အိုး က နင့်ကိုကြိုက်နေတာသိလား…ငါနင့်ကိုပြောမယ် ပြောမယ်နဲ့ ဒီကောင်မရှိတုန်း ပြောရတာ သူကမပြောခိုင်း ဘူးဟ
သူကနင်စိတ်ဆိုးသွားမှာစိုးလို့တဲ့လေ'
'တော်ပါဟာ... လျှောက်ပြောမနေကြနဲ့ သူသိ သွားလို့ မျက်နှာပူစရာတွေဖြစ်ကုန်ဦးမယ်. . . '
'
တကယ်ပြောတာဟ... နင်ကလည်း သူငါ့ကို ရင်ဖွင့်တာကြာလှပြီ... ဒီကောင့်ကို ငါကဖွင့်ပြောလို့ ပြောတာလည်းမရဘူး . . . ယုံပါဟာ ငါအတည်ပြောတာပါ. . .'

ကျွန်မဘာမှပြန်မပြောနိုင်အောင်မသိစိတ်က ပျော်သွားတာလားဆိုတာ ကျွန်မကိုယ်တိုင်ကလွဲလို့ဘယ်သူမှမသိနိုင်ပါဘူး။ နောက်နေ့ သူရုံးတက်တော့ ကျွန်မရှက်နေတာလား၊ ဘာလို့မှန်းမသိ မျက်နှာချင်းမဆိုင်မိအောင်ရှောင်မိတယ်။ သူကတော့မသိပါဘူး...နောက်ဆုံး တော်ကီပြောပြလိုက်လားမသိပါဘူး အပြန်ကျတော့ သူကျွန်မကို အိမ်ပြန်လိုက်ပို့ရင်း ဖွင့်ပြောလာတယ်။ နောက်ဆုံး ကျွန်မနဲ့သူ ချစ်သူဖြစ်သွား ကြတယ်ဆိုပါတော့။ သူနဲ့ကျွန်မချစ်သူသက်တမ်းမှာသိပ်ကိုပျော်ခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြလို့ ဘေးလူတွေတောင် အမြင်ကတ်ကြတဲ့ အထိပါပဲ။ ဒါပေမဲ့ ကျွန်မအိမ်က ရည်းစားထားတာကို မကြိုက်ဘူး။ တစ်ရက်သိသွားတာပေါ့။ ရုံးအဆင်း မှာ ကျွန်မတို့ကို အိမ်ကမိသွားပါလေရော။ ကျွန်မကို အလုပ်မသွားခိုင်းဘူးလေ။ နောက်ဆုံးထွက်ပေါက် မရှိတဲ့ဘဝမှာ အနေကြာလာတဲ့ကျွန်မ သူ့ကိုလည်း မေ့မရတော့ သူ့နောက်ကိုခိုးရာလိုက်သွားခဲ့တယ်။ သူငယ် ချင်းတွေကလည်းအစစအရာရာကူညီကြတယ်။ ကျွန်မတို့ နှစ်ဦးသဘောတူလက်မှတ်ထိုးလိုက်ကြ တယ်။ ကျွန်မကို ကျွန်မရဲ့အိမ်က အိမ်ရိပ်တောင်မနင်း နဲ့တဲ့လေ။ အစကတော့ ကျွန်မ ဝမ်းနည်းခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ရှည်လများ မွန်းကျပ်နေတဲ့ စိတ်တွေကို လွတ်မြောက်ခွင့်ပေးလိုက်တယ်။

ကျွန်မတို့နှစ်ယောက်ရဲ့ ဘဝအစက သုညနဲ့စခဲ့တယ်။ သူ့အိမ်မှာ ကျွန်မ လိုက်နေရတယ်။ သူကတစ်ဦးတည်းသောသားမို့ သူ့အိမ်က ကျွန်မကိုချစ်ရှာပါတယ်။ သူ့အိမ်ကအခန်းကျဉ်းလေးထဲမှာ ကျွန်မတို့ဘဝစခဲ့တယ်။ တစ်နှစ်လောက်နေ တော့ ကျွန်မတို့ နှစ်ယောက်တည်းနေဖို့ အိမ်ခန်းလေး ငှားခဲ့ကြတယ်။ တိုက်ခန်းလေးပေါ့။ ငှားတယ်ဆိုပေမဲ့ ကိုယ့်အိမ်လိုသဘောထားပြီး အိမ်ခန်းလေးကို အတူတူ ပြင်တယ်။ သူရောကျွန်မပါ ကြိုက်တဲ့ အဖြူရောင်လေး ကိုတစ်အိမ်လုံးကိုဆေးသုတ်တယ်။ ခန်းဆီးလေးကို ကြတော့ အချစ်သင်္ကေတပန်းရောင်၊ အိပ်ခန်းထဲမှာ အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်၊ ဖက်လုံးအားလုံးကို အဖြူရောင်လေးတွေနဲ့ပဲဆင်ထားတယ်။ ကျွန်မတို့ရဲ့ အချစ်ကမ္ဘာလေးကပျော်စရာတွေနဲ့ ပြည့်နှက်နေတာပေါ့။ မနက်အိပ်ရာနိုးရင် ကျွန်မက သူ့ကို အနမ်းလေးပေးပြီး နှိုးနေကြ၊ သူကလည်း သူအရင်နိုးရင် ကျွန်မကိုအနမ်း လေးနဲ့ နှိုးလေ့ရှိတယ်။ ဒီလိုပါပဲ ကျွန်မတို့ရဲ့ ချစ်စံအိမ် လေးက ပျော်စရာတွေနဲ့ ပြည့်နေတော့တာပေါ့။ ရုံး ပိတ်ရက်တွေမှာ သူငယ်ချင်းတွေခေါ်ပြီး အိမ်မှာ မုန့်တစ်ခုခုလုပ်စားကြတယ်။ သူငယ်ချင်းတွေက ကျွန်မ တို့နှစ်ယောက်ကိုအားကျလို့ပေါ့။ နောက်တော့ သူက ကျွန်မကို ကလေးယူခိုင်းတယ်။ အမှန်အတိုင်းပြောရင် ကျွန်မကလေးမယူချင်သေးတာအမှန်။ ကျွန်မအလုပ်လုပ်ရင် မလွတ်လပ်မှာစိုးတာရယ် ရုံးကကလေးရှိတဲ့ သူတွေရဲ့ ဒုက္ခတွေကိုကြည့်ပြီး ကျွန်မကြောက်မိတာတော့ အမှန်။ ကျွန်မ သူမသိအောင်တားဆေးတွေ သောက်မိတယ်။ သူကတော့ ကလေးမရသေးဘူးလား ဆိုပြီး ကျွန်မကို ခဏခဏမေးရှာတယ်။ သူမေးတိုင်း ကျွန်မ ကိုယ့်ကိုယ်ကိုယ်မလုံသလို ခံစားရတယ်။ တစ်ည သူမသိအောင် သောက်နေကျဆေးကို ခိုးသောက်နေ တုန်း သူရောက်လာတယ်။ လန့်ဖျပ်ပြီး လက်ထဲက ဆေးတောင် ပြုတ်ကျသွားတယ်။ ကျွန်မသောက်နေတဲ့ ဆေးကတ်ကိုကြည့်ပြီး ကျွန်မကို စူးစိုက်ကြည့်နေ လိုက်တာများ သူကျွန်မကို ဘာမှမလုပ်ဘဲနဲ့ အလိုလို နေရင်းမျက်ရည်တွေကျလာတယ်။ သူကျွန်မကို ကြည့်ပြီး လှည့်ထွက်သွားတယ်။

သူလှည့်လိုက်ချိန်မှာမျက်ရည် တစ်စက်က ကျွန်မခြေထောက်ပေါ် ကျဖြစ်အောင်ကျသွားတယ်။ ညတော်တော်နက်မှ သူပြန်ရောက်လာတယ်။ မူးနေတာလည်း လူမှန်းသူမှန်းမသိ။ ကျွန်မ သူ့ကိုတွဲပြီး အခန်းထဲခေါ်ခဲ့တယ်။ ကျွန်မတို့ နှစ်ယောက် ရဲ့ အခန်းလေး ပန်းရောင်လွှမ်းခဲ့ပြန်တယ်။ မနက် ကျွန်မ နိုးတော့ သူမရှိတော့ဘူး။ တစ်နေ့လုံးလည်း သူနဲ့ ရုံးမှာ မတွေ့ခဲ့ဘူး။ အဲ့ဒီညက ကျွန်မတို့နှစ်ယောက်ရဲ့ အိပ်ခန်း လေးထဲကို သူမရောက်လာဘူး။ ပထမဦးဆုံး သူမရှိတဲ့ ညကို ကျွန်မတစ်ယောက်တည်း အိပ်မပျော်ခြင်းတွေနဲ့ အတူ မျက်ရည်မိုးတွေ ရွာသွန်းနေခဲ့တယ်။ မနက်မိုးလင်း ခါနီးမှ အိပ်ပျော်သွားတဲ့ ကျွန်မကို အနမ်း နဲ့ နှိုးပေးနေကျ သူက ဘယ်ရောက်သွားမှန်းမသိ၊ ကျွန်မ အိပ်ရာထ နောက်ကျခဲ့တယ်။ မနက်ခင်းကို အသက်မပါသလို အလုပ်ကိုထွက်လာခဲ့တယ်။ အလုပ်ရောက်တော့ သူများကြိုရောက်မလားလို့ ရှာကြည့်တာ သူ မရှိဘူး။ ဒါနဲ့ တော်ကီ့ကို ဖုန်းဆက်တော့...
'
ဒီကောင် ညက ငါ့အိမ်ရောက်လာတယ်။ အရက် တွေသောက်လာပြီး မထနိုင်လို့ ကျန်နေခဲ့တယ်။ ငါက အခု လမ်းမှာ'

တော်ကီ့ကိုကျွန်မစောင့်နေရင်း ကျန်တဲ့သူငယ်ချင်း တွေကို ရင်ဖွင့်ရင်း ငိုမိတယ်။ ဒါနဲ့ပဲသိပ်မကြာခင်မှာ တော်ကီရောက်လာတယ်။ သူ့အခန်းထဲ အိတ်တွေကို အရင်ထားပြီးသူလုပ်စရာရှိတာအရင် သွားလုပ်တယ်။ ကျွန်မတို့ထမင်းစားချိန်မှာဆုံကြတယ်။ ဆိုင်ရောက် တော့ တော်ကီက

'ကဲ…ဘွန်ဇိုင်းပြောဦးဘယ်လိုဖြစ်တာလဲ'

ကျွန်မလည်း ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်။ နင်တို့နှစ်ယောက်က သိပ်ချစ်ကြတော့ ငါတို့ လည်း ကြားမဝင်ချင်ဘူးဟ။ ဒါပေမဲ့ အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်တော့မှာမို့ ဝင်ရတော့မယ်။ ဒီည ငါဒီကောင်ကိုခေါ်လာခဲ့မယ်။ နင်လည်းသိပ်စိတ်ညစ် မနေနဲ့တဲ့ ကျွန်မကိုအားပေးကြပါတယ်။ သူတို့ရှေ့မှာခေါင်းညိမ့်လိုက်ရပေမဲ့ ရင်ထဲမှာတော့ပူနေမိတယ်။ ဒီလိုနဲ့ ညနေတိုင်းနှစ်ယောက်အတူတူ ဝယ်နေကျ ဈေးကို တစ်ယောက်တည်း ဝယ်ချင်တာတွေဝယ်ပြီး ပြန် လာတယ်။ အိမ်ရောက်တော့ ညနေစာချက်စရာရှိ တာချက် တော်ကီပါ ပါလာမှာဆိုတော့ ဆန်ကိုပိုထည့် လိုက်တယ်။ ဟင်းကိုလည်း သူကြိုက်တတ်တဲ့ ဟင်းကို ရွေးချက်ထားလိုက်တယ်။ ချက်ပြုတ်လို့ပြီးပြီဆိုတော့မှ ခဏနားပြီး ရေချိုး။ ရေချိုးပြီး သိပ်မကြာဘူး တော်ကီနဲ့ သူရောက်လာတယ်။ သူကျွန်မကိုစကားမပြောပါဘူး။ ကျွန်မထမင်းစားတာတောင် စကားတစ်ခွန်းမှမပြောလို့ တော်ကီ့ကို အားနာရသေးတယ်။ ဒါပေမဲ့ တော်ကီက မျက်နှာရိပ် မျက်နှာကဲနဲ့ ရပါတယ်ဆိုတဲ့သဘော။ မိုး နည်းနည်းချုပ်တော့ တော်ကီပြန်သွားတယ်။ ကျွန်မ လည်း အိပ်ရာအဆင်သင့်ပြင်ထားတယ်။ သူ့ကို တောင်းပန်မလို့ သူ့အတွက် ကော်ဖီဖျော်ပေးရင်း ဧည့်ခန်းကိုသွားလိုက်တယ်။ သူစာဖတ်နေတဲ့ဘေးမှာ ကော်ဖီခွက်ကိုချရင်း စကားပြောမလို့ ကြံသေးတယ်။ ဘွန်ဇိုင်းနင်ဘာလို့ အဲ့ဒီဆေးတွေ သောက်တာလဲတဲ့။ ကျွန်မဖြေလိုက်ရင် သူကျွန်မကို မိခင်စိတ်မရှိဘူးလို့ များ ထင်နေမလား၊ ကျွန်မ မဖြေဘဲထားလိုက်တယ်။ သူလည်းဆက်မမေးပါဘူး။ နင်အိပ်ချင် အိပ်တော့ လေလို့ သူကဆိုတော့ ကျွန်မ ချက်ချင်းထွက်မလာသေးပဲ

'နင့်ကို
ငါပြောစရာရှိတယ် အဲ့ဒါ...' ကျွန်မစကား မဆုံးခင်မှာပဲ
'နောက်နေ့မှပြောဟာ...
ဒီမှာငါစာဖတ်နေလို့...'

ပြောပြီးကျွန်မကိုလှည့်တောင်ကြည့် မနေတော့ဘူး။ ကျွန်မလည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘာစကားမှ မဆိုဘဲ အိပ်ခန်းထဲဝင်ခဲ့လိုက်တယ်။ တစ်အိမ်လုံးမှာနှစ်ယောက်ရှိရဲ့သားနဲ့ ကျွန်မတစ်ယောက်တည်း ညကို ကုန်ဆုံးစေခဲ့တယ်။ ဒီလိုနဲ့ ကျွန်မနဲ့ သူ့ရဲ့ ဆက်ဆံရေး က အေးဆက်လာခဲ့တယ်။ သူငယ်ချင်းတွေကိုလည်းမပြောပြဖြစ်တော့ဘူး။ တစ်ရုံးတည်းနေပြီး ထမင်းတောင် အတူမစားတော့ ရုံးကလူတွေကလည်း ကိုယ်တွေ နှစ် ယောက်ကို တီးတိုးတီးတိုးပေါ့။ သူ မရှက်ပေမဲ့ မိန်းကလေးဖြစ်တဲ့ ကျွန်မရှက်မိတယ်။ ဒါပေမဲ့ သူ့ကို တော့ဘာမှပြောမထွက်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ အချိန်နည်း နည်းကြာလာတော့ သူခြေလှမ်းပျက်လာတာ သတိထား မိတယ်။ နောက်ပြီးဘာမပြောညာမပြောနဲ့ ကျွန်မနဲ့ အတူလုပ်နေတဲ့ အလုပ်ကနေထွက်သွားတယ်။

အစကတော့ ကျွန်မကတော့ ကျွန်မလည်းသတိမထားမိဘူး၊ သတိမထား ဆိုသူနဲ့ ကျွန်မကအလုပ်မှာလည်းမတွေ့ဖြစ်ဘူး၊ အိမ်မှာ လည်းစကားမပြောဆိုတော့ သတိမထားမိလိုက်ဘူး။ အဲ့ဒီအပေါ် သူကောင်းကောင်းအသုံးချသွားတယ်။ ရုံးကလူကြီးကကျွန်မကိုခေါ်ပြီးသူဘာလို့အလုပ်ထွက် တာလဲလို့ ခေါ်မေးတော့မှ ဘာမှမသိတဲ့ကျွန်မ အဖြေက ဘာရှိမှာလဲလေ။ ဒီလိုပဲငြိမ်နေရတာပေါ့။ ကျွန်မ အိမ် ရောက်တော့ သူအိမ်ပြန်မရောက်သေးဘူး။ တော်ကီ့ဆီ ဖုန်းဆက်ကြည့်တော့လည်း သူ့ဆီလည်းမလာဘူးတဲ့။ တစ်လက်စတည်း အလုပ်အကြောင်း ဘာကြားလဲ မေးမိတော့ ငါလည်းမသိလိုက်ဘူးတဲ့။ ကျွန်မလည်း မိန်းမဝတ္တရားမပျက်အောင် အချက်အပြုတ်လုပ်ရင်းသူ့ ကို စောင့်နေမိတယ်။ တစ်ယောက်တည်း ညစာစားတဲ့ အကျင့်လည်း ကျွန်မရခဲ့ပြီလေ။ ခုလည်း ကျွန်မတစ် ယောက်တည်း ထမင်းစားရင်း ဆက်စောင့်နေမိသေး တယ်။ မိုးတော်တော်ချုပ်တဲ့အထိ သူရောက်မလာခဲ့ ပါဘူး။ နောက်ဆုံး မစောင့်နိုင်တော့တဲ့ ကျွန်မ အိပ်ပစ် လိုက်တယ်။ အနမ်းတွေမရှိတော့တဲ့ မနက်ခင်းမှာ နိုးနိုးချင်း သူရောက်လာသလား ကျွန်မရှာမိတယ်။ သူအိပ်နေကျ စာကြည့်ခန်းမှာ သူရှိမနေခဲ့။ အိမ်ရဲ့ ခြေရာလက်ရာ ဘာတစ်ခုမှလည်းမပျက်။ ဒါဆို သူ ညကပြန်မအိပ်ဘူးပေါ့။ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ရက်တွေဆက်လာတော့ ကျွန်မစိတ်ထဲ တစ်မျိုးဖြစ်လာတယ်။ သူ့ကို ကျွန်မ ဒီတိုင်းကြည့်နေလို့တော့ မဖြစ်တော့ဘူး။ စုံစမ်းစရာ ရှိတာ စုံစမ်းရတော့တာပေါ့။ ကျွန်မရဲ့ စုံစမ်းမှုထဲမှာ သူငယ်ချင်းတွေလည်း ကူညီပေးကြ လို့ ကြာကြာ မစုံစမ်း ရဘဲ သိခွင့်ရခဲ့တယ်။ သူလုပ်နေတဲ့ အလုပ်၊ သူဘယ်မှာ နေနေတယ်ကအစ ကျွန်မသိခွင့်ရခဲ့တယ်။ ဒါဆို… ဒါဆို..သူကျွန်မဆီကို ပြန်မလာတော့ဘူး ပေါ့။ တကယ်ပဲ ထွက်သွားတာလား၊ ကျွန်မရဲ့ ပြစ်ချက်က ခင်ပွန်းသည်က ထားသွားခဲ့ရလောက် အောင် ကြီးမားခဲ့သလား၊ ကျွန်မ တကယ် ကိုမသိခဲ့တာပါ။ ကျွန်မသူ့ကို လွှတ်ထား ပေးမိတာဟာ နောက်ဆုံး သူကျွန်မကို ထားသွားဖို့အတွက် လမ်းစဖြစ် သွားခဲ့သလား။ တွေးရင်း တွေးရင်း သူငယ်ချင်း တွေ ရှေ့မှာ ထိန်း ထားတဲ့ကြားက မျက်ရည် တွေက တားမရဆီးမရ ရွာချ လိုက်တာ။ ကျွန်မမျက်လုံး ဖွင့်လိုက်တော့ အရင်ဆုံး ဘိန်းစားမျက်နှာကိုတွေ့တယ်။
ပြီးတော့ ကျန်တဲ့သူတွေလေ။ မပါတာဆိုလို့ သူ တစ်ယောက်ပဲရှိတယ်။ ဘယ်လိုဖြစ်လို့ ကျွန်မအခန်းထဲရောက်နေမှန်းမသိလိုက်ဘူး။ ခေါင်းကတော့ တော် တော်ကိုက်နေတာ။ လက်ကနာရီကို ကြည့်မိတော့ ညနေစောင်းနေပြီ။ အလိုလိုနေရင်း မျက်ရည်ဝဲ မိတယ်။ ကျွန်မသူငယ်ချင်းတွေက စိတ်မကောင်းတဲ့ မျက်နှာတွေနဲ့ကြည့်နေကြတယ်။

ကျွန်မအားမရှိလို့ မူးလဲသွားတာတဲ့လေ။ အနားမှာသူရှိမနေခဲ့တာ ကျွန်မ အတွက် ပိုပြီးအားကုန်ခမ်းတယ်ဆိုတာ ကျွန်မကလွဲလို့ ဘယ်သူ သိမှာလဲ။ ကျွန်မ ခွင့်ရက်နည်းနည်းယူလိုက်ရတယ်။ ပြီးတော့ နေကောင်းပြီး ရုံးမတက်ချင်လို့ အိမ်မှာပဲနေ လိုက်တယ်။ သူနဲ့ ကျွန်မ မတွေ့ဖြစ်တာ သုံးလကြာခဲ့ပြီး နောက် ဒီနေ့တော့ သူနဲ့ ကျွန်မရဲ့ နှစ်ပတ်လည်နေ့လေး။ အိမ်မှာနေတဲ့ရက်တွေဟာ ကျွန်မအတွက် ငရဲခန်းနဲ့ တူနေတာမို့ ဒီနေ့တော့ အပြင်ထွက်ဖို့ စဉ်းစားလိုက် တယ်။ ကျွန်မရေချိုးပြီး သူဝယ်ပေးဖူးတဲ့ အင်္ကျီလေး ရှာဝတ်ပြီး ထွက်လာလိုက်တယ်။ တစ်နေရာအရောက် ကျွန်မ မျက်လုံးပြူးသွားတယ်။ သူမှဟုတ်ပါလေစ..ဟုတ်တယ် သူမှသူအစစ်.. ။ ကျွန်မရင်တွေ ပြိုလဲသွား သလား၊ ခြေထောက်တွေမခိုင်တော့လောက်အောင် ယိုင်နဲ့နေတယ်။ သူမမြင်အောင်ကျွန်မ ပုန်းကွယ်ပြီး နေလိုက်တယ်။ သူတို့အပျော်တွေ ပျောက်မှာစိုးလို့ပါ။ ဒီနေ့မှ အပြင် ထွက်လာတဲ့ ကျွန်မ ကိုယ့်ကိုယ့်ကိုယ်ပဲ အပြစ်တင် လိုက်မိတယ်။ သူ့ဘေးမှာပါလာတဲ့ ကောင်မလေးက ကျွန်မထက်ချောတာ တော့အမှန်ပဲ။ သူတကယ်ကျွန်မကတော့ကိုပြတ်ပြီဆိုတာသိလိုက်ရတာနဲ့ ခြေထောက်တွေ မခိုင်ချင်တော့ဘူး။ ကားတစ်စီးကို အမြန်ငှားပြီး အိမ်ကို အမြန်ပြန်လာခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ ကျွန်မတစ်ယောက်တည်း ကြိတ်ငိုတာ ဘယ်နှနာရီ ကြာမှန်းမသိ ဗိုက်ဆာလာတော့မှ နာရီကြည့်လိုက် တော့ ညခုနစ်နာရီ။ ဟုတ်သားပဲ မနက်ကတည်းက ကော်ဖီတစ်ခွက်ကလွဲလို့ ဗိုက်ထဲ ဘာအစာမှ မရှိဘူးလေ။

မီးဖိုချောင်ထဲဝင်ပြီး ဟိုရှာဒီရှာနဲ့ နောက်ဆုံး ခေါက်ဆွဲခြောက်ထုပ်တွေ့တာနဲ့ ကြက်ဥလေးနဲ့ ပြုတ်စား လိုက်တယ်။ ကျွန်မခုတစ်လော အစားမစားချင်ဘူး ဖြစ်နေတယ်။ ပြီးတော့အစာမရှိလို့လားမသိ အန်အန် နေတာ။ မနက်ဖြန်တော့ ဆေးခန်းပြကြည့်ဦးမှပါ။ ခေါက်ဆွဲပြုတ်စားပြီး အိပ်လိုက်တာအိပ်မက်ထဲမှာ သူနဲ့ ဟိုကောင်မလေးကိုတွေ့တယ်။ သူကျွန်မကို လက်ညှိုး ထိုးပြီးပြောဆိုနေတာများ သူမဟုတ်တဲ့အတိုင်းပဲ။ ကျွန်မ လန့်ပြီးနိုးလာတယ်။ အချိန်ကိုကြည့်တော့ မိုးစင်စင်လင်းနေပြီ။ မျက်နှာသစ် ရေချိုးပြီး ဆေးခန်း ထွက်လာတယ်။ ဆေးခန်းကအပြန် ကျွန်မခြေထောက် တွေ လေးလံနေသလိုနဲ့ မြေကြီးနဲ့လည်း ထိမနေဘူး။ ဟုတ်တယ်.. ကျွန်မအတွက် အဖော်အဖြစ်ရောက်ရှိ လာမယ့် ကလေးလေးအတွက် ကျွန်မတစ်ယောက် တည်းမွေးမြူရမယ်ဆိုတာတွေးလိုက် ရင်စိတ်ထဲလေးမိ ပေမဲ့ သူ့ရဲ့သွေးဆိုတာသိနေတော့ ပျော်မိတယ်။ ကျွန်မ ဒီအိမ်လေးထဲမှာ အထီးမကျန်တော့ပါဘူး။ သူမသိအောင် အရစ်ကျနဲ့ ဝယ်ခဲ့တဲ့ ဒီအိမ်လေးကသူမရှိလည်း ကျွန်မ နဲ့ ကျွန်မရဲ့ ရင်သွေးလေးအတွက် အဖော်အဖြစ် ရှိနေခဲ့တယ်။ ပြီးတော့…သူများပြန်လာရင်ဆိုတဲ့စိတ်နဲ့ ..ဒီအိမ်လေးထဲမှာ…ကိုယ်ဝန်ဆောင်မိခင် တစ်ယောက် က သူ့ခင်ပွန်းကို မျှော်နေမိတယ်ဆိုတာ……

ခက်ရိပ်ညို

Go to top