nnsa

လိမ္မော်ရောင်ဖျော့ဖျော့လွှမ်းခြုံထားသော ညနေခင်းလေးက သူမ စိတ်ကို ကြည်လင်လန်းဆန်းစေသည်။ ပြန်နေကျလမ်းလေးအတိုင်း လျှောက်လာသော သူမကို နံဘေးဝဲယာက တိုက်အထပ်တွေက အုပ်မိုး ကြည့်နေကြသည်။ တိုက်အထပ်များဆီမှ ဝရန်တာ ခပ်စိပ်စပ်များဆီ အကြည့်ရောက်သွားတော့ သူမမျက်ဝန်းထဲမှာ အတိတ်ပုံရိပ်တွေ ထင် ဟပ်လာမိသည်။ ဝရန်တာဆီမှာ မတ်တတ်ထွက်ရပ်ရင်း ညနေခင်း ကိုခံစားနေကြသော ဟိုတစ်စ ဒီတစ်စလူများကို မြင်ရပြန်တော့ သူမ နေထိုင် ကြီးပြင်းခဲ့ရာ နယ်မြို့လေးက အိမ်အိုကြီးရဲ့ ဝရန်တာကို လွမ်းဆွတ်တမ်းတ စိတ်တွေ ပြင်းပြလာသည်။ ဒီလို ညနေခင်း အချိန်တွေမှာ သူမတို့ သူငယ်ချင်း တွေ ခုံတွေမှာထိုင်ရင်း စကားပြောကြသည်။ လက်ဖက်သုပ်စားရင်း

သင်္ချာတွက်ကြသည်။ ဖြတ်သန်းသွားလာဝေဖန် ပြောဆိုကြသည်။ အိမ်အိုကြီး ရဲ့ ရင်ခွင်မှာ အမျိုးမျိုးဆိုး နွဲ့နေ ထိုင်လို့ရသည်။ ညပိုင်းတွေမှာ သူမ ဖေဖေက ရေဒီယိုလေးနားထောင်ကာ ဝရန်တာမှတစ်ဆင့် လမင်းထိန်ထိန်သာနေ တတ်တာကို ငေးမောခံစားတတ်သည်။ နှစ်ပေါင်းများစွာကြာမြင့်သည့် တိုင် ခိုင်ခံ့စွာ တည်ရှိနေ တဲ့ တိုက်အိမ်အိုကြီးကို သူမ စွန့်ခွာကျောခိုင်းခဲ့တာ လေးနှစ်တာကာလရှိခဲ့ပြီပဲ။
 
အတွေးတွေဖြင့် ဖြန့်ကြက်ရင်း ဥဒဟိုသွားနေကြသော လူအများ ကြား လမ်းလျှောက်ကာ စီးနေကျ ကားမှတ်တိုင်ရောက်တော့ ကောင်းကင် လိမ္မော်ရောင်က တဖြည်းဖြည်း မှိုင်းညို့ ညို့အမှောင်ထုကို သဘာဝ တာဝန် လွှဲအပ်ပေးလိုက်ပြန်သည်။ တစ်နေ့ကုန်ဆုံးသွားပြန်ပြီ။ ထုံးစံအတိုင်း သူမ ကလည်း စီးနေကျ ဘတ်စ်ကားကို နေရာရအောင် အတင်းလုတက်ရင်း ပြုနေကျဝတ္တရားကို ပြုလုပ်လိုက်သည်။ ကားလမ်း တစ်လျှောက် မြင်နေကျ တိုက်တာအဆောက်အအုံတွေကို ငေးမောလိုက်လာရင်း ရုံးဆင်းချိန် အိမ်ပြန်ချိန်တိုင်း အသင့်စောင့်ကြိုနေ မည့် အိမ်ဆိုတဲ့အဆောက်အအုံကို စိတ်ကူးမိသည်။ အကြိမ်ပေါင်းများစွာ စိတ်ကူးထဲမှာ တည်ဆောက်ထား မိတဲ့ အိမ်ပိုင်လှလှလေးတစ်လုံးကို ဘယ်တော့မှ မရိုးအီသွားသော အတွေး တွေနဲ့ စိတ်ကူးယဉ်မိပြန်သည်။ ဒါဟာ အိမ်ပြန်ချိန်တိုင်း သူမလည်ပတ် နေကျ သူမရဲ့ စိတ်ကူးကမ္ဘာလေးပဲလေ။

လစာနည်းဝန်ထမ်းလေးဘဝနဲ့ မြို့ပြရဲ့ ကျောရိုးပေါ်မှာ လမ်းလျှောက် နေရသော သူမအတွက် တည်တံ့စွာ ခိုလှုံရမည့်အိမ်တစ်လုံးတော့ မဖြစ် မနေလိုအပ်ပါသည်။ ဒါပေမဲ့ အိမ်မရှိသော သူမအဖို့ ဆွေမျိုးများ အိမ်မှာ ခိုလှုံနေထိုင်ရင်း လိုက်လျောညီထွေ ခရီးဆက်ခဲ့ရ ပေါင်းလည်း မနည်းတော့ ပြီ။ လင်မယားစကားများသံ၊ မောင်နှမချင်း ရန်ဖြစ်သံ၊ များစွာသောအသံတွေ ကြားမှာ မောပန်းခဲ့ရတဲ့ စိတ်တွေကို ထွက်ပေါ က်ပေးလိုက်တော့ သူမ သူငယ်ချင်းတစ်စုနဲ့ စုပေါင်းကာ တိုက်ခန်း ကျဉ်းကျဉ်း လေးကို ငှားရမ်းနေထိုင်ဖြစ်သွားသည်။

အချိန်ကာလအနည်းငယ်ကို ကျော်ဖြတ်ပြီးတော့ ကံကြမ္မာက တစ်မျိုးတစ်ဖုံစေခိုင်းပြန်သည်။ ညီအစ်မ အရင်းသဖွယ် နားလည်စာနာခြင်းတွေနဲ့ နေထိုင်လာ ကြတဲ့ သူမတို့သူငယ်ချင်းတွေ အကြောင်းအမျိုးမျိုးနဲ့ ခွဲခွာရပြန်သည်။ နယ်သို့ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခြင်း၊ ပြည်ပထွက်ခွာရခြင်းတွေကို ကံကြမ္မာကစေခိုင်း တော့ သူမတစ်ဦးတည်းသာ ငေါင်းစင်းစင်းကျန်ခဲ့သည်။ အဖော်မဲ့ခြင်းနဲ့အတူ တစ်ဦးတည်း တိုက်ခန်းဆက်လက် မငှားနိုင်တော့သော သူမအတွက် နေစရာရှာရပြန် သည်။ သူငယ်ချင်းတွေနဲ့ ခွဲခွာရခြင်းနဲ့ တစ်ဆက်တည်း ပူပင်သောကကလည်း ရင်ကိုထိုးဖောက်လာပြန်သည်။ မိန်းကလေး အများစု ခိုလှုံနေထိုင်ရာ အဆောင်ဆိုသော ဂေဟာတွေကို သူမခြေဆန့်ကြည့်မိသည်။ အခန်းတစ် ခန်းမှာ ခုတင်ငါးလုံးခန့် မရမနေ ထိုးကြိတ်ထည့်ထား ပြီး သောင်းဂဏန်းတောင်းနေကြသော အဆောင်ပိုင်ရှင် များရဲ့ မျက်နှာက ခပ်တင်းတင်း၊ ကျောချစရာနေရာ အတွက်ကတ်သတ်နေကြရသော မိန်းကလေးများရဲ့ မျက်နှာကခပ်ညှိုးညှိုး၊ သူမစိတ်ပျက်စွာညည်းတွား လိုက်မိသည်။ ခုတင်တစ်လုံးပေါ်မှာတင် ထမင်းစား၊ အိပ်ရာ ဝင်နေထိုင်ရသော ကတ်ကတ်သတ်သတ် အခန်းကျဉ်းများက သူမမျက်လုံးထဲက ကန့်လန့်ဖြစ် သလို သူမစိတ်တွေကိုလည်း လေးလံစေသည်။

သူမမိဘများနဲ့ နေထိုင်ခဲ့ရာ အိမ်အိုဟောင်းကြီး ကို လွမ်းလိုက်တာ။ သူမ မှားခဲ့ပြီလား။ အဓိကအရေးကြီး ဆုံးဖြစ်တဲ့ နေထိုင်စရာ အိမ်မရှိပါဘဲ လောကရင်ခွင်ကို တစ်ယောက်တည်းထွက်လာခဲ့မိတယ်လေ။ နောင်တ ရမိသလိုလို စိတ်က ခဏတွင်းမှာပဲ ပြန်လည်ပျောက် ဆုံးသွားပြန်သည်။ မြို့ပြရဲ့ ယဉ်ကျေးမှုနဲ့ တိုးတက်နေတဲ့ ရေစီးကြောင်းထဲမှာ မျောပါနေသော သူမကို ဘယ်လို အခက်အခဲမျိုးကမှ နောက်ပြန် ဆုတ်ဖို့ တွန်းအား မပေးနိုင်ဘူးလေ။ သူမဘဝ တည်ငြိမ်ခိုင်မာဖို့၊ လုံခြုံ မှုနဲ့ စိတ်လွတ်လပ်မှု ပြည့်ဝစေဖို့ မဖြစ်မနေလိုအပ်နေသော အိမ်ပိုင်လေးတစ်လုံးကိုတော့ သူမ လိုချင်မိသည်။ လူတိုင်းကို ဘဝတွေအတွက် ခိုလှုံစရာတည်ငြိမ်တဲ့ အိမ်တွေ ပိုင် ဆိုင်စေချင်သည်။ အိမ်ငှားဘဝနဲ့ နေထိုင် ရင်း နေရာအမျိုးမျိုးကို အကြောင်းအမျိုးမျိုးနဲ့ ပြောင်းရွှေ့ နေထိုင်ကြရတဲ့ မိသားစုတွေ ဘယ်လောက်ထိများ ရှိနေကြနိုင်လဲ။

တန်ဖိုးနည်းအိမ်ရာတွေပေါ်လာသည်။ တကယ် တော့ တန်ဖိုးမနည်း။ ပြည်တွင်းကုမ္ပဏီတွေမှာ သင့်တင့် တဲ့ ရာထူးနဲ့ အလုပ်လုပ်နေကြသော ဝန်ထမ်းတွေ အတွက်တောင် လက်လှမ်းမမီနိုင်။ ဒါဆို အခြေခံ လူတန်း စားတွေအတွက် ဘယ်လိုလုပ် နီးစပ်နိုင်မှာလဲ။ ကလေး ဘဝကတည်းက Óဏဖွံ့ ဖြိုးမှု၊ ကာယသန်စွမ်းမှုတွေ အတွက် လူတွေမှာ နေရာကျယ်ကျယ်ဝန်းဝန်း၊ လေ ကောင်းလေသန့် လတ်လတ် ဆတ် ဆတ်နေရာတွေ လိုအပ်ပါသည်။ ဒါပေမဲ့ အခု သူမဖြတ်သန်းနေရတဲ့ ခေတ်ကာလကတော့ နေရာကျယ်ကျယ်ဝန်းဝန်းရဖို့ မဆိုထားနဲ့ ကျဉ်းကျပ်တဲ့ ၁၂ ပေခွဲ၊ ပေ ၅ဝ တိုက်ခန်း သေးသေးလေးတွေကိုတောင် လစဉ်ငှားရမ်းခ သိန်းချီ ပေးနေရသော ခေတ်ကာလ။

သူမလို တစ်ကိုယ်ရေတစ်ကာယသမားတောင် ဒီလိုဒုက္ခကို ရင်ဆိုင်နေရရင် မိသားစုတွေ ဘယ်လိုများ နေထိုင်ရှာဖွေစားကြသလဲ။ သူမအတွက် ကိုယ့်ဘဝ ကိုယ် ပူပန်နေရင်း အခြားသောဘဝတွေအတွက် စဉ်း စားကြည့်မိသည်။ ဒါဟာ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် နှောင့်နှေးကြန့်ကြာစေတဲ့ အဓိကအချက်ပဲဆိုတာ စိတ်ထဲမှာ အလိုလို ဖြစ်ပေါ်လာသည်။ ဒါကြောင့်သာ မိသားစုတိုင်းမှာ ကလေးငယ်လေးတွေနည်းနေပြီး တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်းပဲ မွေးဖွား ကြတာ တိုင်းပြည်အစိုးရက သတ်မှတ်ပေးထားသလား တောင် ထင်ရလောက်သည်။ တကယ်တော့ သူမအနေ နဲ့ ကျောချစရာနေရာလေးတစ်ခုရဖို့ ဒီလောက်အတွေး ခေါင်နေစရာမလိုဟု တွေးမိသည်။ ဒါပေမဲ့ ခိုလှုံရာရင်ခွင် ကောင်းကောင်းရှိနေရင် အခြားသော စွမ်းဆောင် နိုင်မှုတွေမှာ အားဖြည့်ဖို့အချိန် ပိုထွက်နိုင်ပါသည်။ ဒါဆိုရင် တိုင်းပြည်အတွက် ကဏ္ဍပေါင်း စုံမှာ ထူးချွန် သူတွေ ထွက်လာနိုင်သည်။ ချမ်းသာသောအိမ်မှ သား သမီးများက အလိုအလျောက် သူဌေးဖြစ်လာကြပြီး ရုန်းကန်ရသော အိမ်မှ သားသမီးများဘဝက မျိုးဆက် များစွာတိုင် မုန့်လုံးစက္ကူ ကပ်နေရသော ဒုက္ခကို ဘဝ ပေးအခြေအနေဟုသာ မှတ်ယူနေကြသော သူမတို့ လူမျိုးတွေကြားမှာ သူမ တကယ်ကို အသားကျနေပြီ ဖြစ်သည်။

ခပ်ဝေးဝေးမှာ လှမ်းမြင်နေရတဲ့ ရွှေတိဂုံဘုရားကို လှမ်းကြည့်ဖူးမြော်ရင်း သူမရင်ထဲ တိတ်တခိုး ဆုလေး တောင်းလိုက်မိသည်။ လောကဓံကို ရင်ဆိုင်နေရသော ဘဝတိုင်းအတွက် ခိုလှုံစရာ အိမ်တစ်လုံးစီ အပိုင်ရှိနေ ကြပါစေလို့။

နွေးနွေးစစ်အောင်

Go to top