eainpyay

အသက်(၂၉)နှစ်အရွယ် ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက်ဟာ အင်္ဂါနေ့မှာအိမ်ကထွက်ပြေးတယ်။
အလုံမြို့နယ်မှာနေတဲ့ အသက် (၂၉)နှစ်အရွယ် ကိုယ်ဝန်ဆောင်မိန်းမတစ်ယောက်ဟာ အင်္ဂါနေ့မှာ အိမ်ကထွက်ပြေးသွားတယ် ။

အဲ့ဒီနေ့က ညဥ့်တစ်နာရီကျော်ကျော်မှာ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာက ရုတ်တရက် လန့်နိုးလာတာ ။ မျက်စိနှစ်လုံးကို စဖွင့်မိလိုက်ကတည်းက ကျွန်မစိတ်ထဲ တော်တော်လေးညစ်သွားတယ်။ ပထမဆုံး စတွေ့လိုက်တဲ့ ကျွန်မတို့အခန်းမျက်နှာကြက်အရောင်က နွားနို့ကျိုပြီးသား ပျစ်နှစ်နေတဲ့ အဖြူမကျအဝါမကျ အရောင်မျိုးလေ။အဲဒီအရောင်မျိုးကို ကျွန်မ သိပ်အော်ဂလီဆန်တာ။ ဒီကွန်ဒိုတိုက်ခန်းကို ဆောက်တဲ့ ကန်ထရိုက်က ဒီလိုအရောင်မျိုးကို ဘာလို့မျက်နှာကြက်မှာ သုတ်ထားပါလိမ့်ဆိုပြီး ဘယ်သူမှန်းမသိတဲ့ ကန်ထရိုက်ကို ကျွန်မကျိန်ဆဲမိလိုက်သေးတယ်။ ပြောသာပြောရတယ်။ ဒီအခန်းမှာ ကျွန်မတို့လင်မယားနေလာတာဖြင့် ကျွန်မတို့ အိမ်ထောင်သက်တမ်း ၅ နှစ်ကျော်ကာလလုံးလုံးပါပဲ။ဒီကာလထဲမှာ ဒီလောက်စိတ်ပျက်ဖို့ကောင်းတဲ့ မျက်နှာကြက်ကို ကျွန်မဘာလို့များ တစ်ခါမှ မော့မကြည့် ခဲ့ဖူးပါလိမ့် ။ မျက်နှာကြက်အကြောင်းတွေးနေရင်းမှာပဲ စိတ်ပျက်ဖို့ကောင်းတဲ့ ကျွန်မယောက်ျားရဲ့ ဟောက်သံကို ကျွန်မသတိပြုမိပြန်တယ် ။ ကုန်းမြင့်မြင့်လမ်းပေါ် အတင်းထိုးတက်နေတဲ့ ဘတ်စ်ကားအဟောင်းတစ်စင်းရဲ့ ညည်းသံမျိုးလို သူ့ဟောက်သံက တော်တော်ဆိုးရွားတာပဲ ။ ဒီအိပ်ရာထဲမှာ သူနဲ့အတူ

နှစ်ယောက်တည်းအတူ အိပ်ခဲ့တာ ငါးနှစ်တာကာလအတွင်း သူ့ဟောက်သံကို ကျွန်မ နားယဉ်ခဲ့တာကြာပါပြီ။ ဒါပေမဲ့ ဒီနေ့မှ သူ့ဟောက်သံဟာ တော်တော်စိတ်မသက်သာစရာပါလားဆိုပြီး ခံစားနေရတယ် ။ မျက်လုံးက နွားနို့ဝါကြန့်ကြန့်အရောင်ပေါက်နေတဲ့မျက်နှာကြက်ကိုကြည့်ပြီး ဝက်တစ်ကောင်လို တခူးခူးဟောက်သံကို နားထောင်နေရင်း ကျွန်မ ရင်ဘတ်ထဲ ပျို့တတ်လာပါလေရော ။ သူ့ဘက်ကို လှည့်မကြည့်မိအောင် သတိထားရင်း ကျွန်မ အိပ်ရာပေါ်က ဆင်းလာခဲ့တယ် ။ မိုးရာသီမို့လို့ လား။ ဒါမှမဟုတ် ညနေက ကျွန်မရုံးက ပြန်မလာခင်မှာ ကျွန်မယောက်ျားများ အခန်းထဲက ကြမ်းကို တိုက်ထား တာလားမသိဘူး။ ကျွန်မခြေထောက်နဲ့ ထိလိုက်တဲ့ ကြမ်းပြင်က စိုထိုင်းအေးစက်နေသလိုပဲ။ အဲ့ဒီအထိ အတွေ့ကိုခံစားရမှ လူက ခေါင်းပါကိုက်လာသလိုပဲ။ ခြေသံကို ဖွနင်းပြီး မီးဖိုချောင်ဘက်ကို ကျွန်မ ထလာခဲ့လိုက်တယ်။ ရေခဲသေတ္တာထဲမှာ ဘာရှိမလဲ။စားစရာက အေးစက်နေတဲ့ ဝက်အူချောင်းတစ်ထုပ်နဲ့ ဘီစကစ်တစ်ထုပ်ရှိတယ် ။ ညဦးပိုင်းက ကျွန်မယောက်ျားသောက်လက်စ တစ်ပိုင်းကျန်နေတဲ့ ဝီစကီတစ်ပုလင်းရယ်။ ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်တွေတုန်းက ကျန်ခဲ့တှဲ့ဏ့ ဝိုင် အနီရောင်ပုလင်းလေး တစ်ပုလင်းလည်း ရှိနေတယ်။ ကျွန်မ မျက်လုံးတွေ ဘာဖြစ်လို့ကြောင်နေပါလိမ့်။ ပြီးတော့ တိတ်ဆိတ်နေတဲ့ ဒီလို ညနက်နက်မှာ တစ်ယောက်တည်းနိုးလာတဲ့ ကိုယ်ဝန်ဆောင်မိန်းမ တစ်ယောက်ဟာ ဘာကြောင့်များ မြင်မြင်သမျှကို စိတ်ပျက် လက်ပျက်ဖြစ်နေရပါလိမ့် ။ ဘီစကစ်နည်းနည်းကိုယူ ဝိုင်ပုလင်းကို ကိုင်ပြီး အိမ်ရှေ့ခန်းကို ကျွန်မထွက်လာခဲ့လိုက်တယ်။ အိပ်ခန်း ထဲမှာတော့ ဟိုဘတ်စ်ကားအိုကြီးက တခူးခူးနဲ့ တောင်တက်နေတုန်းပဲ ။ အိမ်ရှေ့ဧည့်ခန်းမှာ သူအမြဲတီးနေကျ ဂစ်တာက ကြိုးတွေကို ဖြုတ်ပြီး ဘေးနားပုံထားတာတွေ့တယ်။ ဂစ်တာကြိုးလိမ်လိမ်တွေရယ် နံရံမှာထောင်ထားတဲ့ ကြိုးမပါတဲ့ ဂစ်တာကြီးရယ်ကိုကြည့်ပြီး ကျွန်မ စိတ်တွေ ပိုရှုပ်ထွေးသွားတယ် ။ဒါ ကျွန်မတို့ မင်္ဂလာဦးမနက်ခင်းမှာ ရင်ခုန် စိတ်လှုပ်ရှားဖူးတဲ့ အိမ်တဲ့လား ။ တူနှစ်ကိုယ် ချစ်ရည်လူးတဲ့ သီရိဂေဟာလေးတဲ့လား။

ထွီ ။

ဝိုင်ပုလင်းကို တစ်ကျိုက်မော့ပြီး ကျွန်မ မဲ့ပြုံးပြုံးလိုက်မိသလားပဲ ။ ဟော့ဒီအိမ်မှာ မနက်ခင်းဆို သူနဲ့ကျွန်မ အရင်နိုးတဲ့ လူက တိုက်အောက်ကိုဆင်းပြီး မုန့်ဟင်းခါးဖြစ်ဖြစ်၊ လက်ဖက်ရည်ဖြစ်ဖြစ် ဝယ်လာကြမယ်။ မနက်စာကို အတူတူစားပြီး သူက သူ့စတူဒီယိုကိုသွားမယ် ။ ကျွန်မက ကျွန်မအလုပ်လုပ်နေတဲ့ အလှအပရေးရာ မဂ္ဂဇင်းတိုက်ကို သွားမယ်။ ညနေကျ သူအရင်ရောက်ရင် သူက ညစာချက်..ကျွန်မအရင်ရောက်ရင် ကျွန်မက ညစာချက်။ သူက အရက်လေးနည်းနည်းထွေလာပြီဆို သူ အသံသွင်းခဲ့ ရတဲ့ အဆိုတော်တွေအကြောင်း ကျွန်မကို ပြောပြ မယ်။ ကျွန်မက တီဗီကလာနေတဲ့ ကိုရီးယားဇာတ်ကားကို ကြည့်နေရင်းက သူ့စကားကို ဝတ်ကျေတန်းကျေ နားထောင်ပေးမယ်။ သူ့ပြောစကားတွေကို ကျွန်မ နားထောင်ချင်တာ မထောင်ချင်တာ သူမသိဘူး။

အဲ့ဒီအဆိုတော်ကောင်လေးကကွာ C ကီးနဲ့ ကြုံးအော်တာြ<ွကက်ကို တုတ်နဲ့ရိုက်တဲ့အသံမျိုးပဲ ဟန်နီရာ မင်းကြားရင် ရယ်မှာသိလား။ အဲ့လိုမျိုး မရယ်ရတဲ့ ဟာသတွေပြောပြီး သူ့ဘာသာ အော်ဟစ်ရယ်မောနေမယ်။ နည်းနည်းညဥ့်နက်ရင် ကျွန်မက အခန်းထဲဝင်ပြီး စာဖတ်တယ်။ သူက နည်းနည်း နောက်ကျမှ အိပ်ရာထဲဝင်လာတယ် ။ ကျန်တာကတော့ ထုံးစံအတိုင်းပေါ့။ အင်း အခုမှ တွေးမိတာ အိမ်ထောင် သက် ၅ နှစ်ကာလတွင်း ကျွန်မတို့နှစ်ယောက်ကြား ဆက်ဆံရေးက တော်တော်ငြီးငွေ့ဖို့ကောင်းပါလား။ ဒါပေမဲ့ သူနဲ့ရတဲ့ ကိုယ်ဝန်တောင် ၆ လကျော်နေမှ ဒီအိမ်ထောင်ရေးကို စိတ်ကုန်ဖို့ ကျွန်မက တွေးမိနေ တာတော့ မဖြစ်သင့်ဘူးထင်တယ်။ အား . . .ခေါင်းတွေ ကိုက်လိုက်တာ။ ဒုတိယအကြိမ် ဝိုင်ပုလင်းကိုမော့အပြီး မှာ ကျွန်မ ခြေထောက်က ယားကျိကျိဖြစ်လာတယ်။ လွန်ခဲ့တဲ့လက သူတီးပေးတဲ့ စီးရီးတစ်ခွေအတွက် ပိုက်ဆံရလာလို့ သူ့စိတ်ကြိုက်ဝယ်လာတဲ့ အမွေးပွ ကောဇောအုန်းခွံရောင်ကြီးက အမွေးတွေလေ။တောက်..ဒီကောဇောခင်းထားတဲ့ ကြမ်းပေါ်နေ နေရတာက အင်းခွေးတစ်ကောင်ရဲ့ ကျောကုန်းပေါ်က အမွေးတွေကြား ရောက်နေတဲ့ သန်းတစ်ကောင်လိုပဲ ခံစားရတယ် ။ဒင်း တော်တော်အသုံးမကျတဲ့ ယောက်ျားပါလား လို့လည်း စိတ်ထဲရေရွတ်မိလိုက်သေးတယ်။ ငါးနှစ်လုံး နေခဲ့တဲ့ ဒီအိမ်ခန်းထဲမှာ ဒီလောက်စိတ်ပျက်ဖို့ကောင်း တဲ့ အပြင်အဆင်မျိုးတွေရှိနေတာ ကျွန်မ ဘာလို့ဒီညမှ သိရတာလဲ။

အဲ့ဒီအိမ်ခန်းကို အဓိကပြင်ဆင်တဲ့ ကျွန်မ ယောက်ျားကရော ဒီလောက်အသုံးမကျတဲ့လူမှန်း ကျွန်မဘာလို့ ဒီညမှ သိရတာလဲ။ ကျွန်မ ဒီအိမ်ခန်းကို စိတ်ကုန်နေတာလား။ သူ့ကို စိတ်ကုန်နေတာလား။ ဟင့်အင်း သူ့ကို ကျွန်မ ချစ်လို့ယူထားတာလေ။ ဒီအိမ် ခန်းကိုလည်း ကျွန်မစိတ်ကြိုက် ငှားခဲ့တာပဲ။ ကျွန်မ မိဘတွေနေတဲ့ ဆင်ခြေဖုံးက လုံးချင်း တိုက်ကြီးကို မုန်းလို့ ကျွန်မလက်ထပ်ပြီးပြီးချင်း မြို့ထဲက ဒီတိုက်ခန်းကို သူနဲ့နေဖို့ရွေးချယ်ခဲ့တာ။ ကျွန်မ အရင် နေခဲ့တဲ့ မိဘတွေ အိမ်လား။ အဲဒါ အိမ်လို့မှမခေါ်တာ။ စက်ရုပ်ကြီးတွေလမ်းလျှောက်နေတဲ့ စက်ရုံကြီးတစ်ခု လိုပဲ။ ဟုတ်တယ်။ ကျွန်မ အဖေက တရားသူကြီးအငြိမ်းစား။ အမေက ကျောင်းဆရာမဟောင်းကြီး။ ကျွန်မတို့ ငယ်ငယ်ကတည်းက ဖေဖေနဲ့ မေမေ ရယ်ရယ်ပြုံးပြုံး နေတာတစ်ခါမှ မတွေ့ဖူးဘူး။ အားလုံးဟာ ဣနြေ္ဒကြီး တစ်ခွဲသားနဲ့။ ကျွန်မ ငါးနှစ်သမီးလောက်မှာ ဖေဖေနဲ့ မေမေဟာ သုံးဆယ်ဝန်းကျင်အရွယ်ပဲရှိဦးမယ်။ အဲ့ဒီ အရွယ်မှာတောင် ဖေဖေက တစ်ခန်းအိပ်တယ်။ မေမေ နဲ့ ကျွန်မက တစ်ခန်းအိပ်ရတယ်။ ဖေဖေက အရက်လုံးဝမသောက်ဘူး။ အပြင်က အစားအသောက်တောင်မစားဘူး။ မိသားစု ထမင်းဝိုင်း မှာဆိုလည်း မေမေဟာ ထမင်းကို စိတ်လွတ်ကိုယ် လွတ်မစားရဘူး ။ ဖေဖေ့ ထမင်းပန်းကန်ကို သတိထားကြည့်နေရ တယ်။ ဖေဖေ့မျက်နှာအရိပ်အကဲကိုကြည့်ရတယ်။ ထမင်းလိုလား၊ ဟင်းလိုလား မေမေ ဟာ သူ့စားလက်စ ကို ရပ်ပြီး ဖေဖေ့ပန်းကန်ထဲ အသင့်ဖြည့်ပေးရတယ်။ဖေဖေဟာ ထမင်းတွေ၊ ဟင်းတွေကို သူ့ဘာသာ ဘယ်တော့မှ ထည့်မစားဘူး။ ညအိပ်ရာဝင်ခါနီးကျရင်လည်း မေမေဟာ ဖေဖေ့အခန်းကို သွားပြီး နှိပ်ပေးနင်းပေးရတယ်တဲ့။ မေမေ ဖေ့ဖေ့အခန်းက ပြန်မလာခင်မှာပဲ ကျွန်မက အိပ်ပျော်သွားတတ်တယ်။

ကျွန်မ ၂၂ နှစ်သမီးအရွယ်အထိ အရယ်အပြုံး မရှိတဲ့ အဲ့ဒီအိမ်ကြီးမှာ ရုပ်တည်ကြီးနဲ့ နေခဲ့ရတာ သိပ်စိတ်ပျက်စရာပဲ။ ဖေဖေနဲ့မေမေ ဟာ ကျွန်မအပေါ် လူတွေသတ်မှတ်ထားတဲ့ မိဘဝတ္တရားဆိုတာကြီးကို ကျေပွန်ကြပါတယ်။ ဒါပေမဲ့ သူတို့နဲ့ နေရတာကို ကျွန်မ စိတ်ကုန်လာတော့ သူတို့ကိုပါ ကြာလေစိတ်ပျက်လေ ဖြစ်လာမိတယ် ။ဒီလိုနဲ့ ကျွန်မ ၂၄ နှစ်သမီးမှာ သူနဲ့လက်ထပ်ဖြစ် ခဲ့တာ။ သူလက်ထပ်ခွင့်တောင်းတုန်းက ကျွန်မမေးတဲ့ မေးခွန်းကိုကြားရင် လူတိုင်းက ရယ်ချင်ကြမှာပဲ။ ကျွန်မမေးတာက 'ရှင်အရက်သောက်တတ်မှ ကျွန်မ လက်ထပ်မယ်' ဟုတ်တယ်။ အရက်မူးတဲ့လူတွေဟာ ဟာသ မြောက်တယ် ။ သူတို့ကိုကြည့်ရတာ လွတ်လပ်ပြီး စကားတွေ အများကြီးပြောနိုင်တယ်လို့ ကျွန်မယူဆ တယ်။ ကျွန်မယူတဲ့ ယောက်ျားက ကျွန်မ ဖေဖေလို ရုပ်တည်ကြီးနဲ့ တစ်နေကုန်စကားတစ်လုံးမှ မနည်းပြော တဲ့ လူမျိုးဖြစ်မှာ ကျွန်မ သိပ်ကြောက်တာ။ ဒါကြောင့် ယမကာလေးတမြမြဖြစ်နေတဲ့ အိပ်ခန်းထဲက ကိုယ် တော်ချောကို လက်ထပ်ခဲ့တာ ။ ဒီကိုယ်တော်ချောက အခုအချိန်အထိ ကျွန်မ အပေါ် ဘာလင်ဝတ္တရားမှ မပျက်ကွက်ခဲ့ပါဘူး။ သစ္စာ လည်း မဖောက်ဘူး။ ဂီတသမားဆိုပေမဲ့ အပြင်မှာ ရှုပ်သံပွေသံ လည်း မကြားရဖူးဘူး။ အိမ်ပြန်ရောက်ရင် ဝီစကီလေးသောက်ပြီး စကား တွေလျှောက်ပြောနေတာ ပဲရှိတယ်။

ဟူး . . . ဒီအကြောင်း တွေ လျှောက်သာတွေးနေ ရတယ် ကျွန်မ ဒီအိမ်အခင်း အကျင်းနဲ့သူ့ကို ငြီးငွေ့တဲ့ စိတ်၊ ဒီအခြေအနေက လွတ် မြောက်ချင်နေတဲ့ စိတ်တွေက ထိန်းမရ သိမ်းမရဖြစ်လာ နေတယ်။ ဒီလိုစိတ်မျိုး ကျွန်မ လွန်ခဲ့တဲ့ ရှစ်နှစ်သူနဲ့ လက် မထပ်ခင်က မိဘအိမ်မှာ ဖြစ် ဖူးတယ်။ အိမ်ကိုမုန်းတယ်။ အိမ်မှာနေတဲ့ လူတွေကိုပါ မုန်းလာတယ်။ အဲ့ဒီလို မျိုးပေါ့။ အဲ့ဒီတုန်းက ဖေဖေ့ အဝတ် အစားတွေထည့်တဲ့ ဗီရိုကို ကြည့်ရတာလည်း အခေါင်း ကြီးတစ်ခုကို ကြည့် ရသလို မျိုး ရွံရှာစိတ်တွေဖြစ်ဖူးတယ်။ အိမ်ခေါင်မိုး သွပ်ပြားတွေ အောက်က ယက်မတန်းတွေကိုလည်း ခါးခါးသီးသီး စိတ်ကုန်ခဲ့ဖူးတယ်။ အိမ်က ထွက်ပြေးမလို့တောင် ကျွန်မ တွေးမိသေးတယ် ။ အင်းအဲ့ဒီတုန်းက ကျွန်မဘာလို့ ထွက်မပြေးဖြစ် တာပါလိမ့်။ စဉ်းစားလို့မရတော့ဘူး။ အခုလည်း ဒီအိမ်ခန်းလေးကို ကျွန်မ ခါးခါးသီးသီးစိတ်ကုန်နေမိ ပြန်ပြီ ။ ကျွန်မယောက်ျားသီချင်းရေးတဲ့ စားပွဲပေါ်က နေကာမျက်မှန်အမည်းကြီးကိုကြည့်ပြီး ဘာကြောင့် မှန်းမသိ ကျွန်မ ဒေါသတွေထွက်လာပြန်တယ်။ ဒါနဲ့ထသွားပြီး သူ့နေကာမျက်မှန်ကို ဝရန်တာကနေ အောက်ဘက်ကို ထလွှင့်ပစ်လိုက်တယ်။ ကျွန်မ ဒီအိမ်ကို မုန်းနေပြီ။ ဒီအိမ်ကအရာဝတ္တု အားလုံးနဲ့အဝေးဆုံးကို ထွက်သွားရရင် ကျွန်မမွန်းကျပ်မှု တွေအားလုံး လွတ်လပ်သွားမယ်လို့ထင်တယ်။အိပ်ခန်း ထဲက သူကရော။ သူလည်း ဒီအိမ်ရဲ့ ငြီးငွေ့မှုသံသရာ ထဲက ခွေးသွားစိတ်တစ်ခုပဲ။

ဒီအချိန်ဆို ခြေကားယားလက်ကားယားနဲ့ ခုတင် ပေါ် အိပ်ပျော်နေတဲ့ သူ့မျက်နှာကို သွားကြည့်ရင် ကျွန်မ ဗိုက်ထဲက ဝိုင်တွေတောင် ပြန်အန်ထွက်လိမ့်မယ်လို့ ထင်ရတယ် ။ဒီအခင်းအကျင်း ဒီအတွေ့အထိ ဒီမြင်ကွင်း ဒီဆက်ဆံရေးတွေကနေ လွတ်မြောက်သွားတာနဲ့ ကျွန်မ ဟာ ကမ္ဘာပေါ်မှာအလွတ်လပ်ဆုံး အပေါ့ပါးဆုံး စိတ်အချမ်းသာဆုံး ကိုယ်ဝန်ဆောင်မိန်းကလေး တစ်ယောက်ဖြစ်သွားတော့မှာလို့ ကျွန်မ ထင်တယ်။ ငါ အိမ်က ထွက်ပြေးရင်ကောင်းမလား။ ဟောကြည့် . . . အဲ့ဒီလိုတွေးလိုက်မိတာနဲ့တင် စိတ်ထဲလွတ်လပ်သွားသလို ခံစားလိုက်ရတယ်။ ဧည့်ခန်း အံဆွဲထဲကို ဖွင့်ကြည့်လိုက်တော့ ငွေနှစ်သောင်းတွေ့တယ်။ ကဲ..အခန်းထဲ ပြန်ဝင်ယူနေရင် သူနိုးသွားလို့ ငါ ဒီအိမ်က မလွတ်မြောက်ဘဲနေလိမ့်မယ်။ မထူးဘူး။ ငွေနှစ်သောင်းကို ကျွန်မဝတ်ထားတဲ့ ဗိုက်ဖုံးဂါဝန်ရဲ့ ဘယ်ဘက်ဘေးက အိတ်ကပ်လေးထဲ ထည့်တယ်။ ပြီးတော့ အိမ်ရှေ့ သံဘာဂျာတံခါးကို အသာလေးတွန်း ဖွင့်ပြီး လှေကားအတိုင်းကျွန်မ ဆင်းလာလိုက်တယ်။ ည နှစ်နာရီလောက်ရှိရောပေါ့ ။ လမ်းမပေါ် မှာ လူတွေက ရှင်းနေတာပဲ။ ကျွန်မနေခဲ့တဲ့ အိမ်ခန်းကို သေချာ မော့ကြည့်လိုက်သေးတယ် ။ တောက်..အိမ်ဝရန်တာမှာတပ်ထားတဲ့ ဂြိုဟ်တု စလောင်းအပြာရောင်က ဘိုထိုင်အိမ်သာ ကမုတ်ကြီး ကျနေတာပဲ။ ထွီ . . . တော်တော်ရွံဖို့ကောင်းတဲ့ အသွင်အပြင်တွေနဲ့အိမ်ပဲ။ ကျွန်မ လမ်းထိပ်ကို ခပ်သွက်သွက်ထွက်လျှောက်လာတော့ တက္ကစီတစ်စီး ကို တွေ့တယ် ။ တက္ကစီကိုတားပြီး ကားပေါ်တက်လိုက်တော့ တက္ကစီသမားက ကျွန်မကို
ပြူးတူးပြဲတဲကြည့်တာ ခံလိုက်ရပြန်ရော ။

'အစ်မ ဘယ်ကိုမောင်းရမလဲ'
'ရှင့်မှာ အိမ်ရှိလား'
'ဟုတ် ရှိတယ်'
'ရှင့်အိမ်ကိုမောင်း . . ကျွန်မလိုက်မယ်'
'အဲ..အစ်မ..မနောက်ပါနဲ့ဗျာ'

တက္ကစီသမားက မျက်လုံးအပြူးသားနဲ့ ခပ် ဆတ်ဆတ်ပြောလိုက်မှ ကျွန်မလည်း အသိပြန်ဝင်လာတာ။ ဟုတ်ပါရဲ့ ဟို အော်ဂလီဆန်စရာ ပျင်းစရာ အိမ်ကလွတ်မြောက်ပြီဆိုပြီး စိတ်လွတ် ကိုယ်လွတ် ပြောချင်ရာတွေ လျှောက် ပြောလိုက်တာ။ ဒါနဲ့ ကျွန်မဘယ်ကို သွားမှာပါလိမ့်။ ကျွန်မ ဘယ်ကို သွားမှာပါ လိမ့်။ စိတ်ထဲမှာ ပေါ်လာတဲ့ နေရာတစ်ခုကို ကျွန်မ တက္ကစီ သမားကို ပြောပြလိုက်တယ်။ တကယ်တော့ အဲ့ဒီနေရာ ကို ကျွန်မလည်း ကြားပဲ ကြားဖူးတာ တစ်ခါမှ မရောက်ဖူးဘူး။ ကိစ္စမရှိပါဘူး။ အဓိကကတော့ ကျွန်မ ဒီအိမ်နဲ့ ဝေးရာထွက်ပြေးဖို့ပဲ မဟုတ်လား။အင်္ဂါနေ့ မနက်ခင်းမှာတော့ အလုံမြို့နယ် ရဲစခန်းရှေ့ကို အသက် ၃ဝ အရွယ် အမျိုးသားတစ်ယောက်ဟာ ရေးကြီးသုတ်ပြာနဲ့ ရောက်လာပါတယ်။ ခဏအကြာမှာတော့ ရဲစခန်းမှူးဟာ အလုံမြို့နယ် မှာနေတဲ့ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိန်းမတစ်ယောက်ဟာ အင်္ဂါနေ့ညမှာ အိမ်ကပျောက်သွားတဲ့အကြောင်းကို အမှုမှတ်တမ်းရေးသွင်းလိုက်ပါတော့တယ် ။

ခက်ဇော်

Go to top