travelintw

ခရီးသွားလုပ်ငန်းတိုးတက်လာတာနဲ့အမျှ နိုင်ငံခြားသားခရီးသွားတွေအများကြီး ဝင်လာကြတဲ့အခါ သူတို့က ဘယ်အပိုင်းကို အများဆုံး စိတ်ဝင်စားကြသလဲ။

မြန်မာပြည်ကတော့ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်းဆိုပြီး ၂ ခု ထွန်းကားပါတယ်။ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ် ငန်းဆိုတာကတော့ ဘုရားတွေ၊ ပုထိုးတွေ၊ ဗုဒ္ဓဘာ သာရဲ့ အကြောင်းတွေကို အဓိကထားပြီးတော့ လေ့ လာလည်ပတ်ကြတာပေါ့။ လူ ၁ဝဝ မှာ ၇ဝ လောက်ကတော့ ယဉ်ကျေးမှုအခြေခံပြီး ခရီးထွက်လာကြတာများပါတယ်။ ဘုရားတွေဖူးမယ်၊ ဘုန်းကြီး ကျောင်းတွေကိုသွားပြီး ကိုရင်လေးတွေ၊ မယ်သီလရှင်လေးတွေကို လေ့လာမယ်။ ပြီးရင်တော့ ပြန်ကြတာပါပဲ။ ဒီကြားထဲညှပ်ပြီး သဘာဝအခြေခံခရီးသွား လုပ်ငန်းဆိုတာကတော့

သဘာဝတရားရဲ့အလှတွေ မပျက်မစီးရှိနေသေးတဲ့အတွက် ပင်လယ်ကမ်းခြေတို့၊ တောတိုးတောင်တက်ခရီးလေးတွေ ထွက်ဖြစ်ကြ တယ်။

Tourist များလာတာနဲ့အမျှ ကိုယ့်နိုင်ငံရဲ့ ထိန်းသိမ်းထားတဲ့ ယဉ်ကျေးမှုအပိုင်းမှာရော ဘာတွေထိခိုက်လာတတ်လဲ။

Side Effect တွေရှိပါတယ်။ အခုတောင် Facebook မှာတက်လာတယ်။ ရွှေတိဂုံဘုရားမှာ နိုင်ငံခြားသားတစ်ယောက်က ဖိနပ်စီးပြီးတက်လာတဲ့ ပုံစံကိုတွေ့တယ်။ တွေ့တော့ တစ်ချို့ကလည်း Guide တွေကို အပြစ်တင်ကြတယ်။ အမှန်မှာတော့ Guide တွေနဲ့သွားတဲ့အခါမှာ ကျွန်တော်တို့က ဒီလိုအလားတူ ကိစ္စတွေကိုလုံးဝအဖြစ်မခံပါဘူး။ တာဝန်ယူမှုနဲ့ အမြဲပြောနေကြပါတယ်။ ဒီလိုမျိုးဓာတ်ပုံတက်လာတယ်ဆိုတာက တချို့ Tourists တွေက Guide မပါတာ တွေရှိတယ်။ Guide မပါဘဲနဲ့ သူ့ဘာသာသူ ကျောပိုး အိတ်လွယ်ပြီးတက်လာတဲ့ Tourist မျိုးကို ပြောရမယ့် တာဝန်က ဂေါပကရဲ့တာဝန်ပါ။ ဘုရားဆို တာက တက်စရာအပေါက် ၄ ပေါက်ပဲရှိတယ်။ စောင်းတန်း ၄ သွယ်မှာရှိတဲ့ ဂေါပကတွေက ဒါကိုမြင်ရမယ်။ ပြောရမယ်။ ဘုရားမှာလုံခြုံရေးရဲတွေလည်း ရှိပါတယ်။ သူတို့တွေကလည်း ပြောရမယ်။ တစ်ခါတလေကျရင် ကျွန်တော်တို့ မြန်မာလူမျိုးက မြန်မာအချင်းချင်းပြော ရဲဆိုရဲရှိပေမဲ့ နိုင်ငံခြားသားဆိုရင် ကြောက်သလိုလို ရွံ့သလိုလိုနဲ့ မပြောရဲသလိုလုပ်တာတွေလည်း ရှိတယ်။ ဒါရဲ့ အကျိုးဆက်က ယဉ်ကျေးမှုကို လာထိပါတယ်။ မသိရင် ကျွန်တော်တိွုှ့သကမငျအွကငိန တွေကပဲ ဝိုင်းဖျက်ဆီးနေသလိုနဲ့ ကျွန်တော်တို့ Tourist Guide တွေက အမြဲတမ်းယဉ်ကျေးမှုကို ရှေ့တန်းကနေ ကာကွယ်နေလို့ ဧည့်သည်တွေနဲ့တောင် ရန်ဖြစ်ရတယ်။ ကျွန်တော်ဆို ဖိနပ်မချွတ်နိုင်တဲ့ ဧည့်သည်ကို ခြေအိတ်ပါချွတ်ခိုင်းတယ်။ ခြေအိတ်ပါမချွတ်နိုင်ရင် ဘုရားရင်ပြင်ပေါ်မတက်နဲ့လို့ ပြောခဲ့တယ်။ အလစ်မှာ တက်ကြတာတွေလည်းရှိတယ်။ ဧည့်သည်က အယောက် ၂ဝ၊ ၃ဝ ဆိုတော့ ကျွန်တော်တို့လည်း အားလုံးကို လိုက်မကြည့်နိုင်ဘူး။ လူဦးရေများလာတာနဲ့အမျှ ထိန်းရသိမ်းရတာ အရမ်းခက်တယ်။ ဒါက ဘုရားနဲ့သက်ဆိုင်တာတွေပါ။ တခြားလူမှုရေးကိစ္စ တွေလည်း အများကြီးရှိလာတယ်။

apl8-9

ဒီလို Side Effects တွေကို ဘယ်လိုကာကွယ် ထိန်းသိမ်းကြရလဲ။

ကျွန်တော်တို့ကတော့ တရားဝင်လိုင်စင်ရ ဧည့်လမ်းညွှန်ဖြစ်တဲ့အတွက်ကြောင့် တရားမဝင်တဲ့ လုပ်ရပ်တွေကို ဘယ်လိုမှ ပူးပေါင်းပြီး ကူညီပေးလို့ မရပါဘူး။ ဧည့်သည်တစ်ယောက်က မူးယစ်ဆေးဝါးသုံးစွဲချင်တာ၊ ဆေးခြောက်ရှာခိုင်းတာတွေလည်း ကြုံရဖူးတယ်။ တချို့ဧည့်သည်တွေကျတော့ မိန်းက လေးတွေရှာခိုင်းတယ်။ ကျွန်တော်တို့ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနကနေ လိုင်စင်ထုတ်ပေးထား တာဖြစ်တဲ့အတွက် အားလုံးကို တာဝန်ခံရပါတယ်။ လိုင်စင်မရှိဘဲ ရမ်းလုပ်နေတဲ့သူတွေကတော့ သူတို့ဘာသာသူတို့ ဒုစရိုက်မှုတွေလုပ်ရင် လုပ်လိမ့်မယ်။ ဧည့်လမ်းညွှန်တွေမှာလိုက်နာရတဲ့ စည်းကမ်းတွေ ရှိ ပါတယ်။ ဒါကြောင့် ဥပဒေနဲ့မညီတဲ့ တောင်းဆိုမှုတွေ ကို လုံးဝကို မလုပ်ပေးပါဘူး။ ရှေးဟောင်းပစ္စည်း ခိုးထုတ်တဲ့ ကိစ္စတွေမှာလည်း Tourist Guides တွေက အားပေးအားမြှောက်လုံးဝမလုပ်ပါဘူး။ ကိုယ့်ဧည့်သည်ကိုတော့ ကိုယ်နိုင်တာပေါ့။ ကိုယ့်ဧည့်သည်မဟုတ်တဲ့ တခြားနိုင်ငံခြားသားတွေကို တော့ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ပါဘူး။ မြန်မာနိုင်ငံကိုလာတဲ့ ဧည့်သည်တွေထဲမှာ Guide ငှားတဲ့ လူရှိတယ်။ Guide မငှားဘဲနဲ့ ကိုယ့်ဘာသာကိုယ် အလည်အပတ်ထွက်နေတဲ့ ဧည့်သည်လည်း ရှိတယ်။ NGO က နိုင်ငံခြားသားတွေလည်းရှိတယ်။ Guide တစ်ယောက်ချင်းစီကတော့ ကိုယ်တာဝန်ယူထားတဲ့ ဧည့်သည်တွေအပေါ်မှာ ဥပဒေချိုးဖောက်မှုတွေ မရှိအောင် ကျွန်တော်တို့က တတ်နိုင်သလောက် ဥပဒေဘောင်ထဲကနေ ကာကွယ်ပေးနေရပါတယ်။

Guide မငှားတဲ့ ခရီးသည်တွေအနေနဲ့ လွတ်လွတ်လပ်လပ်သွားကြတဲ့အခါမှာ ဘာတွေ Risk ဖြစ်လာနိုင်သလဲ။

Guide မငှားတဲ့ ခရီးသည်မှာ Risk ကအရမ်းကြီးတယ်။ ဟိုတစ်ခါက ကျောက်ပန်းတောင်းမှာ ဂျပန် Tourist ကောင်မလေးတစ်ယောက် Guide လည်း မပါဘူး။ သူ့ဘာသာသူ ဆိုင်ကယ်ငှားစီးတယ်။ ဆိုင်ကယ်သမားက သူ့ကိုပြန်ပြီး Rape လုပ်တယ်။ အဲဒီအချိန်မှာ သူက အော်တယ်။ အော်တော့ သူ့ကို လည်ပင်းညှစ်လိုက်တဲ့အခါမှာ အသက်ဆုံးရှုံးရတာ တွေဖြစ်လာတာအထိ ရှိတယ်။ တခြားမှာလည်း Accident ဖြစ်တာတွေ၊ အလုခံရတာတွေ၊ အရိုက်ခံ ရတာတွေ၊ ပိုက်ဆံအိတ်အခိုးခံရတာတွေ အများကြီးပါပဲ။ ဒလဘက်မှာ Guide မဟုတ်တဲ့ လူကိုသွားပြီး ဆရာတင်မိတဲ့အခါကျတော့ ပိုက်ဆံတွေ အများကြီးကို အနိုင်ကျင့်ပြီး တောင်းတာတွေလို Risk တွေကတော့ ကျောပိုးအိတ်လွယ်ခရီးသည်တွေအတွက် လုံခြုံရေးမှာအရမ်းလိုအပ်ပါတယ်။ နဂိုကတည်းက မဟုတ်တာလုပ်ချင်တဲ့ စိတ်အခံရှိတဲ့ လူတွေကတော့ Guide မပါရင်ပိုလွတ်လပ်တာပေါ့။ ဘုရားခေါင်း ပြတ်လေးတစ်ခုကို အိတ်ထဲကောက်ထည့်လာမယ်။ ဒါကို Guide သာရှိရင် ပြောမှာပဲလေ။ Guide မပါ တဲ့ဧည့်သည်ဆိုတော့ အရမ်းလွတ်လပ်တယ်။ သူ့ဘာသာသူကောက်ထည့်ရင်ထည့်မယ်။ ကောင်းနေတဲ့ဟာကို ချိုးပြီးတော့ ယူရင်လည်းယူလာမယ်။ ဒါတွေကတော့ သူတို့စိတ်ကြိုက်လုပ်ကြတာပေါ့။

apl6-7

Guide သက်တမ်းတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတွေကိုလည်း မျှဝေပေးပါဦး။

ပထမဖြစ်ရပ်တစ်ခုက နိုင်ငံခြားသား ပိုက်ဆံ ပျောက်တဲ့ကိစ္စပါ။ ဒေါ်လာတစ်သောင်းလောက်ပါတဲ့ ပိုက်ဆံအိတ်ကို ဧည့်သည်က ပုဂံကိုရောက်လာပြီး လည်တော့မယ့်အခါမှာ သူ့ပိုက်ဆံအခိုးခံလိုက်ရပြီလို့ ကျွန်တော့်ကိုလာပြောတယ်။ သူ့ကို Tourist တွေသီးသန့်စီးတဲ့ သင်္ဘောပေါ်ကနေသွားကြိုရတာ။ Hotel ကိုရောက်လို့လည်တော့မယ်ဆိုတဲ့အခါကျမှ သူ့ပိုက်ဆံပျောက်တယ်ဆိုပြီး ဖြစ်ရော။ ဘယ်မှာပျောက်တာလဲလို့မေးတော့ သင်္ဘောပေါ်မှာပျောက်တယ်တဲ့။ သင်္ဘောသားတွေ ခိုးထားလိုက်တယ်လို့ သူက ပြောတယ်။ သင်္ဘောကလည်း နိုင်ငံခြားသားတွေ သီးသန့် စီးနေတဲ့ 'ပန်တော်'ဆိုတဲ့ အကောင်းစားသင်္ဘောကြီးပါ။ ပုဂံ-မန္တလေးတစ်လျှောက် မြစ်ကြောင်းအတိုင်း ဆွဲနေကြတာ။ သူတို့မှာ ဘာနာမည်ပျက်မှမရှိခဲ့ဖူးဘူး။ သင်္ဘောသားတွေလည်း ဒီလိုလုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံတယ်။ ဒါကြောင့် သူကျေနပ်အောင် သင်္ဘောကိုပြန်သွားတယ်။ အကျိုးအကြောင်းပြောပြတော့ သင်္ဘောက ဝန်ထမ်းတွေလည်း ဝိုင်းရှာပေးကြတယ်။ ဒါပေမဲ့လည်း သူ့အခန်းထဲမှာ လုံးဝမရှိဘူး။ အဲဒီ ဧည့်သည်ဂျာမန်လင်မယားနှစ်ယောက်မှာ အဘိုးကြီး ကတော့ သင်္ဘောပေါ်မှာ ပျောက်တယ်ပဲ ပြောနေတယ။် ဒါနဲ့ ကျွန်တော်တို့ ပြန်လာပြီးတော့ အဘိုးကြီးကို သေချာမေးကြည့်တယ်။ သူကတော့ သင်္ဘောပေါ်မှာပဲလို့ ပြောတယ်။ ကျွန်တော်လည်း သူတို့ထွက်လာခဲ့တဲ့ ခရီးစဉ်တောက်လျှောက်ကိုမေးပြီးတော့ ရန်ကုန်က Tourist ကုမ္ပဏီရယ်၊ သူတို့တည်းခဲ့တဲ့ Hotel တွေကိုပြန်ပြီး Check ကြည့်တော့ ညနေလောက်ကျမှ ဖုန်းပြန်ဝင်လာတယ်။ မန္တလေးဆီဒိုးနားဟိုတယ်က အခန်းတာဝန်ခံက စစ်ကြည့်တဲ့အခါ ဟိုတယ်အခန်းထဲမှာရှိတဲ့ မီးခံသေတ္တာထဲမှာအိတ်လေးတစ်အိတ်နဲ့ ပိုက်ဆံတွေကို ပြန်တွေ့တယ်။ ဂျာမန်ကြီးက သူ့ပိုက်ဆံ တွေကို မီးခံသေတ္တာထဲ ထည့်ပိတ်တယ်။ အခန်းက ပြန်ထွက်တဲ့အခါမှာ မီးခံသေတ္တာကို သတိမထားလိုက်မိ ဘဲနဲ့ သင်္ဘောပေါ်ကိုတက်တယ်။ သင်္ဘောပေါ်မှာလည်း ငွေသုံးစရာမလိုတော့ သတိလက်လွတ်နဲ့ ၂ ရက် ၃ ရက်ကြာအောင် စီးလာတယ်။ ပုဂံရောက်ပြီးလည်တော့မယ်ဆိုမှ သူ့ပိုက်ဆံ သင်္ဘောပေါ်မှာ အခိုးခံရပါ တယ်လုပ်တာ။ နေရာသိတော့မှ Agency ကနေ လူလွှတ်ပြီး ပိုက်ဆံယူခိုင်းရတယ်။ သွားယူတဲ့ ကောင်လေးက ပိုက်ဆံယူပြီး မန္တလေးလေဆိပ်ကနေ ပုဂံကိုလိုက်လာပြီးပေးဖို့လုပ်တဲ့အချိန်မှာ လေဆိပ်လုံခြုံရေး က X-Ray နဲ့စစ်တဲ့အခါ ဒေါ်လာတစ်သောင်းလောက် နဲ့တွေ့တော့ သူ့ကိုသူခိုးဆိုပြီး ဖမ်းချုပ်ထားကြတာ။ ကျွန်တော်တို့သိတော့မှ အဖြစ်မှန်ကို ပြန်ရှင်းပြပြီး သူလည်း အဆင်ပြေပြေနဲ့ ပိုက်ဆံလာပေးလို့ ရတော့တယ်။ ဒီလိုအဖြစ်မျိုးကတော့ အမှတ်တရပါပဲ။ ကိုယ့် နိုင်ငံမှာ ဒေါ်လာသောင်းနဲ့ချီပြီး ပျောက်တယ်။ မနက်က ပျောက်တယ်လို့ သိရတာ ညနေကျတော့ အရာမယွင်းဘဲ သူ့လက်ထဲပြန်အပ်နိုင်တယ်ဆိုတော့ မှတ်မိနေတယ်။

ဒုတိယဖြစ်ရပ်မှာလည်း ပိုက်ဆံပျောက်တာပဲ။ ခုနကတော့ မြန်မာတွေရဲ့ ရိုးသားမှုကြောင့် ပြန်ရတယ်။ ဒီတစ်ခုကတော့ နိုင်ငံခြားသားက ကျွန်တော်နဲ့အတူ မန္တလေးစွမ်းဟိုတယ်ကနေ ထွက်လာတယ်။ ၅ မိနစ် လောက်ပဲ မောင်းရသေးတယ်။ နိုင်ငံခြားသားက ပိုက် ဆံအိတ်မေ့ကျန်ခဲ့တယ်ဆိုပြီး ပြန်သွားတယ်။ သူ့ အခန်းကိုပြန်ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ ပိုက်ဆံ အိတ်မရှိတော့ဘူး။ ဘယ်လိုရှာရှာမတွေ့ဘူး။ ဒီတစ်ခါ နိုင်ငံခြားသားကတော့ သြစတြေးလျနိုင်ငံသားပါ။ သူက သူ့ပိုက်ဆံအိတ်ကျန်ခဲ့တယ်ဆိုတာ လုံးဝသေချာ တယ်။ သူ့အခန်းထဲကိုလည်း ဟိုတယ်က ကောင်လေး နှစ်ယောက်ပဲ ဝင်ကြတယ်။ ကျွန်တော်တို့လည်း အချိန် မရတာနဲ့ အဲဒီဝန်ထမ်းကောင်လေးနှစ်ယောက်ကို ခေါ် တယ်။ သူတို့အိတ်တွေကိုရှာကြတယ်။ ဒါပေမဲ့ မတွေ့ ဘူး။ ဒါနဲ့ပဲ ရန်ကုန်ကိုဆင်းလာခဲ့တယ်။ နောက်တစ် နေ့မနက်မှာ ကျွန်တော်ကန်တော်ကြီးပဲလေ့စ် ဟိုတယ် ကိုသွားပြီး နိုင်ငံခြားသားကိုသွားခေါ်တဲ့အခါ မန္တလေး စွမ်းဟိုတယ်က အရာရှိနှစ်ယောက်က Lobby မှာ စောင့်နေကြတယ်။ ကျွန်တော့်ကိုမြင်တော့ လာနှုတ် ဆက်ပြီး အကျိုးအကြောင်းပြောပြတယ်။ ကျွန်တော် တို့ ပြန်သွားပြီးတဲ့နောက်မှာ ဝန်ထမ်းတွေရဲ့ Locker တွေကို ဖွင့်ပြီးရှာကြတယ်။ အဲဒီအချိန်မှာ အခန်းထဲကိုဝင်ပြီး သန့်ရှင်းရေးလုပ်တဲ့ ဝန်ထမ်းကောင်လေးနှစ်ယောက်ထဲက အသက် ၂ဝ လောက်ရှိတဲ့ ကောင်လေး ရဲ့ အံဆွဲထဲမှာ ဧည့်သည်ပျောက်သွားတဲ့ ပိုက်ဆံအိတ်ကိုရှာတွေ့တယ်။ ဒေါ်လာ ၄ဝဝ လောက်ပဲ ပါတယ်။ အဲဒီကောင်လေးလည်း ထောင်ကျသွားတယ်။

ဖြစ်ရပ် နှစ်ခုရဲ့ ပထမတစ်ခုမှာ ဒေါ်လာတစ်သောင်းပျောက်တယ်။ မြန်မာတွေရိုးသားလို့ ပြန်ရတယ်။ ဒုတိယတစ်ခုမှာ ဒေါ်လာ ၄ဝဝ လောက်ပဲ ပျောက်ပေမဲ့ တဒင်္ဂဖြစ်လာတဲ့ လောဘစိတ်ကြောင့် ယူထားလိုက်မိတယ်။ မေ့ကျန်ခဲ့တယ်ထင်လို့ ယူထားလိုက်ပေမဲ့ ဧည့်သည်က ချက်ချင်းပြန်လှည့်လာတဲ့ အခါကျတော့ သူ့မှာပြန်ပေးဖို့ခက်သွားပြီ။ လူကြီးအဆူ ခံရမှာစိုးလို့ဖွက်ထားရင်းကနေ ရှာတွေ့တော့ ခိုးမှုနဲ့ ရဲလက်အပ်ခံလိုက်ရတယ်။ ကောင်လေးလည်း နိုင်ငံ ခြားကိုသွားပြီး အလုပ်လုပ်ဖို့ရည်မှန်းချက်တွေလည်း ပျက်သွားခဲ့တယ်။ လူတစ်ယောက်ရဲ့ ဘဝက တဒင်္ဂအမှားလေးကြောင့် ပျက်သွားတာပေါ့။

မြန်မာနိုင်ငံမှာ Tourist တွေနဲ့ အမြဲဖြစ်တတ်တဲ့ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ကိစ္စတွေရော ကြုံခဲ့ဖူးလား။

ယဉ်ကျေးမှုအရဆိုရင် အဓိက ဖိနပ်ပြဿနာပါပဲ။ မြန်မာတွေဟာ ဖိနပ်ကိုနိမ့်ကျတယ်လို့ ယူဆတယ်။ နိုင်ငံခြားသားတွေဟာ ခြေထောက်ကိုနိမ့်ကျတယ်လို့ မယူဆဘူး။ မြန်မာတွေဟာ ခေါင်းကိုအထွဋ်အမြတ်ထားတယ်။ နိုင်ငံခြားသားတွေက ခေါင်းရော ခြေထောက်ရောဆိုတာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေပဲ။ ဘယ်ဟာကမှ ပိုပြီးမမြင့်မြတ်သလို ပိုပြီး မနိမ့်ကျဘူးဆိုတဲ့ အယူအဆမျိုးသူတို့မှာရှိတယ်။ သူတို့က ပစ္စည်းတစ်ခုခုကို ခြေထောက်နဲ့ ပြချင်ပြမယ်။ မြန်မာအနေနဲ့ ကြည့်မယ်ဆိုရင် ဒါက အရမ်းရိုင်းတယ်။ သူတို့ အနေနဲ့ဆိုရင် လက်နဲ့ပြတာနဲ့ ခြေထောက်နဲ့ပြတာက အတူတူပဲ။ လူကိုတမင်နှိမ်ပြီး ခြေထောက်နဲ့ပြတာလည်း
မဟုတ်ဘူး။ ရိုင်းတယ်လို့လည်း မယူဆကြဘူး။ အဲဒီမှာ အထင်လွဲစရာလေးတွေ ရှိတတ်တယ်။

Tourist Guide သက်တမ်းတစ်လျှောက်မှာ ဘယ်လိုပြောင်းလဲမှုတွေ ကြုံခဲ့လဲ။

သိသိသာသာပြောင်းလဲသွားတာကတော့ လေကြောင်းလိုင်းတွေပါ။ ကျွန်တော်တို့ အလုပ်သင်တဲ့ အချိန်ကဆိုရင် Air Mandalay တစ်ခုပဲရှိတယ်။ Air Mandalay မစီးဘူးဆိုရင် အစိုးရ Flight မြန်မာ့လေကြောင်းကိုပဲ စီးရမယ်။ လေကြောင်းခရီးကို အားကိုးလို့မရတဲ့ အနေအထားတစ်ခုပေါ့။ ၁၉၉၆ ခုနှစ် လောက်မှာ လေကြောင်းလိုင်းနည်းလို့ ကားတွေနဲ့ပဲ ခရီးထွက်ရတာများတယ်။ ရန်ကုန်ကနေကားနဲ့ စထွက်တာ မန္တလေး၊ ပုဂံ၊ အင်းလေးစတဲ့ နေရာတွေကို ပတ်ပြီးကားနဲ့ပဲ ပြန်လာရတယ်။ ဒီဘက်ခေတ်မှာတော့ လေကြောင်းလိုင်းတွေက အများကြီးဖြစ်လာတယ်။ လေယာဉ်ဆင်းလို့ရတဲ့ မြို့တွေလည်း များလာတယ်။ သူတို့မရောက်တဲ့ နေရာဆိုတာတော်တော်ရှားသွား ပြီ။ ပြီးတော့ လမ်းတွေတော်တော်ကောင်းသွားတယ်။ ကျွန်တော်တို့ စလုပ်တုန်းက ဆိုလမ်းတွေမှာ တွင်း တွေ၊ ချိုင့်တွေနဲ့။ အင်းလေးကိုသွားဖို့ဆိုရင် သာစည်ကိုလွန် တာနဲ့ တောင်ပေါ်လမ်းတက်ပြီ။ တက်ပြီဆိုတာနဲ့ လမ်းတွေကြမ်း၊ လမ်းမှာညအိပ်ရတာတောင် ရှိတယ်။ နယ်တွေမှာကအစ Hotel တွေရှိလာတယ်။ တော်တော်ကို အဆင့်မြင့်လာပါပြီ။ အရင်ကဆို မြန်မာခရီးသွားတွေတည်းတဲ့ နေရာတွေမှာ ကြမ်းပိုးတွေ ကိုက်   ကကိုက်နဲ့ စိတ်တွေလည်း ညစ်ပြီးတည်းခဲ့ရတယ်။

ap2l8-9

ဆုတ်ယုတ်သွားတာကတော့ စီးပွားရေး အရမ်းဆန်လာကြတယ်။ အရင်က Hotel တစ်ခုကိုသွားတယ်ဆိုရင် Guide နဲ့ Hotel နဲ့ဆိုတာ နွေးနွေးထွေးထွေးနဲ့ မိသားစုပမာပါပဲ။ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးတယ်။ ကျွန်တော်တို့က Free လိုချင်လို့ပြောတာမဟုတ်ပါဘူး။ ဒီဘက်ခေတ်ပိုင်းမှာံHotel တွေက အရမ်း Business ဆန်လာတယ်။ လူမှုရေး ဆိုတာသိပ်မရှိတော့ဘူး။ ဧည့်သည်ကို အမြင့်ဆုံး Hotel ခတွေ တိုးတောင်းဖို့၊ ၅ဝ လောက်တန်တဲ့ အခန်းကို ၁ဝဝ တောင်းတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က နိုင်ငံခြားသားတွေ အလုံးအရင်းနဲ့ ဝင်လာတုန်းကဆို Hotel တွေမှာ ကျင့်ဝတ်ပိုင်းလုံးဝမရှိတော့ဘူး။ လာတဲ့ ဧည့်သည်ကို လုံးဝတွယ်မယ်ဆိုတဲ့ ပုံစံမျိုးတွေဖြစ်လာပြီးတော့ ပိုက်ဆံပိုရတဲ့လူကို Booking တွေဖျက်ပြီး လက်ခံတာတွေအထိ ဖြစ်လာတယ်။ ဓားပြတိုက်တဲ့ ဈေးကွက်ကြီးလိုဖြစ်လာတဲ့အခါမှာ Hotel တွေက ပိုက်ဆံကို အလုအယက်ဝိုင်းယူကြပြီး ဆက်ဆံနေကျ မိတ်ဟောင်းတွေဖြစ်တဲ့ Tourist Guide တွေလာရင်လည်း အခန်းမပေးချင်ကြတော့ဘူး။ စီးပွားရေးအရမ်းဆန်လာကြပြီးတော့ ဆက်ဆံရေးက အေးစက်စက်တွေဖြစ်လာတယ်။ နိုင်ငံခြားသားတွေအပေါ်မှာလည်း ပိုက်ဆံသာ တိုးကောက်တာ ဝန်ဆောင်မှုကဘာမှတိုးမလာဘူး။ အရင်ရှိခဲ့တဲ့ ဝန်ဆောင်မှုထက်တောင် ပိုကျသွားတယ်။ ဒီတော့ ခဏလေးပဲ ခရီးသွားလုပ်ငန်းက ဝင်ငွေတွေ ကောင်းပြီး အဆင်ပြေခဲ့တယ်။ ဒီ Tourist တွေက နိုင်ငံခြားကိုပြန်ရောက်တော့ မြန်မာပြည်က သိပ်ဈေးကြီးတယ်။ ဝန်ဆောင်မှုက တအားညံ့တယ်။ မတန်ဘူးဆိုတာတွေဖြစ်လာတယ်။ ကျွန်တော်တို့နိုင်ငံက လူ့စွမ်းအားအရင်းအမြစ်တွေလည်း မရှိတော့ဘူး။ တကယ်တော်တဲ့ တတ်တဲ့ Hotel ဝန်ထမ်းတွေ၊ Management မှာတော်တဲ့ လူတွေ အကုန်လုံးက နိုင်ငံခြားကိုထွက်ကုန်ကြပြီ။ UAE တို့၊ ကာတာတို့၊ ဒူဘိုင်းတို့က Hotel တွေကခေါ်တဲ့အခါ ရောက်သွားကြတယ်။ ဒီက Hotel ကြီးတွေမှာ ဈေးတွေသာမြင့်လာတယ်။ ဝန်ထမ်းတွေရဲ့ Quality က နိမ့်သွားတယ်။

စီးပွားရေးအရမ်းဆန်လာတဲ့ အပေါ်ကိုရော ဘယ်လိုမြင်မိလဲ။

ယဉ်ကျေးမှုကို စီးပွားရေးက ဝါးမျိုတာပေါ့။ ပုဂံ မှာဆိုရင်လည်း ရှေးဟောင်းဇုန်နဲ့ မလွတ်တဲ့နေရာတွေမှာ ဟိုတယ်နေရာတွေ အတင်းချပေးလိုက်တော့ နေရာမလွတ်တဲ့ ဘုရားကိုပါသူ့ပိုင်မြေဆိုပြီး အတင်းခြံဝင်းခတ်လိုက်တယ်။ ဒါကြောင့် Hotel ဝင်းထဲကို ဘုရားကအလိုလိုနေရင်း ရောက်ပြီးတော့ ဘုရားဖူး ချင်ရင်တောင်ဝင်လို့ မရတာမျိုးတွေရှိလာတယ်။ ထပ်ပြီးယဉ်ကျေးမှုပျက်တာက ခရီးသွားကုမ္ပဏီတွေက သူ့ထက်ငါဝန်ဆောင်မှုပေးချင်ဇော၊ နာမည်ရချင် ဇောနဲ့ခရီးသွား Agent က ကိုယ့်ကုမ္ပဏီနဲ့ပဲ အလုပ်လုပ်ချင်လာအောင် Temple Dinner ဆိုပြီးတော့ ဘုရားဝင်းတွေထဲမှာ ညစာတွေတည်ခင်းကျွေးတာ တွေရှိလာကြတယ်။ မင်းလှခံတပ်လိုခံတပ်တွေထဲ မှာခေါ်သွားပြီးတော့ စားကြသောက်ကြနဲ့ပေါ့။ နိုင်ငံခြားသားတွေစားပြီဆိုရင် ဝိုင်တွေ၊ ဘီယာတွေပါပြီ နိုင်ငံခြားသားကတော့ မသိပါဘူး။ ခရီးသွားကုမ္ပဏီတွေကပဲ လုပ်ကြတာ။ တို့မြန်မာတွေကပဲလုပ်ကြတာပါ။ ဒါတွေက ယဉ်ကျေးမှုအပိုင်းမှာ ဆုတ်ယုတ်မှုတွေ ပေါ့။

ကိုယ်နဲ့အတူတူသွားလာခဲ့တဲ့ Tourist တွေရဲ့ Feedback အနေနဲ့ ဘာတွေပြန်ကြားရလဲ။

အများစုကတော့ ကျေနပ်ကြတယ်။ ကျွန်တော် နဲ့အတူ ၅ ကြိမ်လောက်ပြန်လာပြီး လည်ပတ်တဲ့ ဧည့်သည်တွေတောင်ရှိတယ်။ သူတို့တွေဆို အရမ်း သဘောကျလို့ ၂ နှစ်တစ်ခါ၊ နှစ်စဉ်လာတဲ့ လူတွေပါ။ အခုမှ အသက်ကြီးလာလို့ ကွယ်လွန်သွားကြတာ။ မြန်မာပြည်မှာ မပျက်မစီးသေးတဲ့ သဘာဝအလှတွေ အများကြီးရှိပါတယ်။ ဒါကို ကျွန်တော်တို့က ပါးပါးနပ်နပ်နဲ့ ခရီးသွားလုပ်ငန်းမှာ ဝင်ငွေရအောင် ကိုင်တွယ်တတ်ဖို့ အများကြီးလိုပါတယ်။ ကျွန်တော်တို့မှာ ကုန် ကြမ်းတွေရှိတယ်။ အဲဒီကုန်ကြမ်းကို ဘယ်လိုပြစားမလဲဆိုတဲ့ အိုင်ဒီယာတွေလိုနေတယ်။ ကျွန်တော်တို့ နိုင်ငံကလှပြီးသားပါ။ လူတွေကလည်း သဘော ကောင်းကြတယ်လို့ ပြောကြပါတယ်။ တစ်ခုခက်နေတာက အဲဒီအလှအပတွေ၊ ဖော်ရွေတဲ့ လူတွေကို ဘယ်လို အကျိုးရှိရှိ စီမံခန့်ခွဲမလဲဆိုတဲ့ အပိုင်းမှာ အရမ်းညံ့တယ်။ ကျွန်တော်တို့ဆီမှာကတဲ့ကြီးတွေ ရိုက်လိုက်တာများတယ်။ ထိုင်းလိုမျိုးယဉ်ကျေးမှုကို ပြရမှာ။ ဆင်တွေလည်း ဒီနိုင်ငံမှာ အများကြီးရှိတယ်။ ဆင်တွေကို သစ်ပဲဆွဲခိုင်းနေကြတယ်။ ဆင်တွေကိုသာ သေချာပြစားရင် ပိုက်ဆံတွေအများကြီးရမှာ။ Management သာကောင်းရင် ကျွန်တော်တို့ နိုင်ငံက ထိပ်ဆုံးကိုရောက်သွားမှာပါ။

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနကရော ဘယ်လောက်အထိ ပံ့ပိုးပေးလဲ။

သူတို့ကတော့ Support ဆိုတာထက် Regulation တွေချတဲ့အလုပ်ကိုလုပ်တာများတယ်။ စည်းကမ်းနဲ့ ညီမညီဆိုတာမျိုးတွေ၊ အမိန့်တွေ၊ စည်းကမ်းတွေ ထုတ်တာများတယ်။ Support အနေနဲ့ ကြီးကြီး ကျယ်ကျယ်မရှိပါဘူး။ သူတို့လိုင်စင်တွေ ထုတ်ပေးမယ်။ စည်းကမ်းနဲ့ညီလား မညီလား လိုက်ကြည့်မယ် ဆိုတာတွေပဲ ရှိတယ်။ စည်းကမ်းနဲ့ ညီမညီကို Control လုပ်နေတာလောက်တော့ ရှိတယ်။ ဒါပေမဲ့ ဒီကဏ္ဍကြီးကို တိုးတက်အောင်တော့ အထောက်အပံ့ကြီး ကြီးမားမားမလုပ်ပေးနိုင်ဘူး။ ထိုင်းတို့လို နိုင်ငံတွေမှာဆိုရင် အစိုးရက အရမ်းကူညီတယ်။ Tourism အတွက် ရန်ပုံငွေကိုထောင်ထားတာ။ အဲဒီရန်ပုံငွေနဲ့ CNN တို့၊ BBC တို့လို လူကြည့်များတဲ့ ရုပ်သံတွေမှာ ကြော်ငြာပေးနေတာမျိုးရှိတယ်။ ဒီမှာက ခရီးသွားရန်ပုံငွေဆိုတာလည်း မရှိဘူး။ ကုမ္ပဏီတွေက ကိုယ့် ပိုက်ဆံနဲ့ကိုယ်ကြော်ငြာမှပဲ ကြော်ငြာဖြစ်ကြတယ်။ အစိုးရက စိုက်ပြီးတော့ Promote လုပ်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။

Visit Myanmar Year 1996 လိုမျိုး ခရီးသွား နှစ်သတ်မှတ်လိုက်တဲ့အပေါ်ကိုရော ဘယ်လိုမြင်မိလဲ။

၁၉၉၆ တုန်းကတော့ လူကြီးပိုင်းတွေ ကမန်းကတန်းထလုပ်ကြတာပါ။ ခရီးသွားနှစ်ဆိုတာ ပါးစပ်ကပဲပြောလို့ ရတာမဟုတ်ပါဘူး။ ခရီးသွားနှစ်လို့ နိုင်ငံတကာကိုကြေညာနိုင်ဖို့ဆိုရင် ကျွန်တော်တို့နိုင်ငံဘက်က အများကြီး Ready ဖြစ်ဖို့လိုတယ်။ ဥပမာ- ခရီးသွားတွေ အများကြီးပြုံပြီးဝင်လာတယ် ဆိုပါစို့။ ဘယ်မှာလဲတည်းဖို့ Hotel တွေ၊ လူ ၁ဝ သန်းအိပ်ဖို့ Hotel တွေ၊ ဒီနိုင်ငံမှာ လုံလုံလောက်လောက် ရှိရဲ့လား။ ဒီလူတွေကို တစ်မြို့ကနေ တစ်မြို့ပြောင်းပေးဖို့ လေကြောင်းလိုင်းတွေစုံရဲ့လား။ ဘာမှမရှိပါဘူး။ ကိုယ့်ဘက်က ဘာမှ Ready မရှိဘဲနဲ့ ခရီးသွားနှစ်ဆို တာလုပ်လို့မရပါဘူး။ ခရီးသွားနှစ်လုပ်မယ်ဆိုရင် နိုင်ငံတကာက ကိုယ့်မြန်မာနိုင်ငံကို လာလည်ချင်လောက်အောင် ကြော်ငြာပိုင်းကအစ နိုင်ငံတကာ ခရီးသွားတွေသိအောင်လုပ်ပေးရမယ်။ ခါတိုင်းနှစ်က ဒေါ်လာ ၁ဝဝ ပေးရတဲ့ ခရီးတစ်ခုကို ခရီးသွားနှစ်မှာ ဒေါ်လာ ၆ဝ နဲ့ပေးနိုင်မလားဆိုတဲ့ Offer မျိုးရှိရမယ်။ ဒါမှသူများ နိုင်ငံမသွားဘဲ ကိုယ့်နိုင်ငံကိုလာလည်မှာပေါ့။ ၉၆ တုန်းက ခရီးသွားနှစ်လို့သာ ဆိုင်းဘုတ်ကြီး ချိတ်ပြီးတော့ ဘာမှလည်းမထူးဘူး။ အရင်တုန်းက အတိုင်းပဲ။ အရင်တုန်းက ၁ဝဝ ဆို အခုလာလည်း ၁ဝဝ ပဲ။ ဒီတော့ ဘာပိုထူးမှာလဲ။

အစိုးရအပြောင်းအလဲကာလလည်း ဖြစ်တော့ မြန်မာ နိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ ဘာတွေပြောင်းလဲစေချင်လဲ။

ကျွန်တော်ကတော့ မြန်မာနိုင်ငံမှာ တာဝန်ယူမှုဆိုတာရှိနေစေချင်တယ်။ ကျွန်တော်တို့ နိုင်ငံက ဘယ်လိုဖြစ်နေလဲဆိုတော့ ပိုက်ဆံတော့ ကောက်တယ်။ ပိုက်ဆံကောက်ပြီးရင် ကိုယ့်ဘက်က ဘာပြန်လုပ်ပေးမယ်ဆိုတာ မရှိဘူး။ နိုင်ငံခြားသားတစ်ယောက်က Zone တစ်ခုမှာလည်ပတ်ဖို့ ငွေပေးရတယ်။ သူလည် တယ်။ သူအိမ်သာတက်ချင်တယ်။ ဘယ်သွားတက်ရမှန်းမသိဘူး။ ဒေါ်လာတွေအများကြီးဝင်နေတဲ့ အင်းဝလိုမြို့မှာ လမ်းတွေစုတ်ပြတ်ပြီးတော့ မြင်း တောင်ကောင်းကောင်းပြေးလို့ မရဘူး။ ဘုရားမှာ ဖိနပ်တော့ချွတ်ခိုင်းတယ်။ ရင်ပြင်ပေါ်မှာ ကွမ်းတံတွေး၊ ကျောက်ခဲတွေ၊ ဆူးတွေအပြည့်နဲ့။ အများကြီးပြုပြင် ရဦးမယ်။ ပိုက်ဆံပေးပြီးလည်တာ ဖြစ်တဲ့အတွက် သန့်ရှင်းသပ်ရပ်မှု၊ လမ်းတွေကောင်းမွန်မှု၊ Safe ဖြစ်ဖို့လိုပါတယ်။ ဒီကိစ္စတွေကိုလည်း ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနက ကြည့်နေရမယ်။ ပို့ ဆောင်ရေးပိုင်းမှာ အဆင်မပြေရင် ပို့ဆောင်ရေးဝန်ကြီးဌာနကို ပြောရမယ်။ လမ်းတွေကောင်းအောင် ဖောက်ဖို့ဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပြောရမယ်။ ခရီးသွားလာရေး ဝန်ကြီးဌာနကတော့ သူကိုယ်တိုင်လမ်းဖောက်တဲ့ ဝန်ကြီးဌာနမဟုတ်လို့ သူကလမ်းမဖောက်ဘူးဆိုတာမှန်တယ်။ ဒါပေမဲ့ သူက အမြဲစောင့်ကြည့်နေရမယ်။ ငွေကိုတော့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကောက်တယ်။ တခြားဌာနတွေက သူတို့ပိုက်ဆံမရလို့လာမလုပ်ပေးကြဘူး။ ဒီတော့ ငွေယူတာက ဌာနတစ်ခု၊ တကယ်လုပ်ရမှာကဌာနတစ်ခု။ ဒါတွေအားလုံးကို အစိုးရအသစ်လက်ထက်မှာ ဌာန တစ်ခုနဲ့တစ်ခုချိတ်ဆက်ညီအောင်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကနေအမြဲမပြတ်ကြည့် နေပြီးတော့ သတိပေးနေတာမျိုးဖြစ်စေချင်ပါတယ်။

Tourist တွေကြောင့် ဘယ်လိုဆုတ်ယုတ်မှုတွေ ရှိလာနိုင်သေးလဲ။

Tourist တွေကြောင့်ဖြစ်တဲ့ Side Effect တွေထဲမှာ Indirect Impact က Tour တွေအရမ်းများလာတဲ့အတွက် Local တွေရဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးသွားတာမျိုးဖြစ်တတ်တယ်။ ဥပမာအားဖြင့် ကန်စွန်းရွက်တစ်စည်းကို ၅ဝ နဲ့ရောင်းနေတဲ့ ဈေးတစ်ခုမှာ ဒီဈေးနှုန်းက အားလုံးအတွက် အဆင်ပြေတယ်။ အဲဒီဈေးအနားမှာ Hotel ကြီးတစ်ခုကို Tourist 100, 200 လောက်ရောက်လာပြီးတော့ Dinner အတွက် ကန်စွန်းရွက်တစ်စည်းကို ၁ဝဝ ပေးပြီးလာ ဝယ်သွားတော့ ကန်စွန်းရွက်ရောင်းတဲ့ သူကရွာသား တွေကို ၅ဝ နဲ့မရောင်းတော့ဘူး။ Tourist တွေက ၁ဝဝ နဲ့ ဝယ်နေတာကြာတော့ ၁ဝဝ ရမှပဲ ရောင်းချင်တော့တယ်။ ဆိုလိုချင်တာက ဈေးကြီးမြင့်တဲ့ဒဏ်ကို ဒေသခံတွေကခံရတာပါ။ မြန်မာပြည်ရဲ့တချို့နေရာတွေမှာ လည်းဖြစ်နေပါတယ်။ ချောင်းသာ၊ ငွေဆောင်ကို သွားတယ်။ ဟိုတယ်အခန်းငှားရင် နိုင်ငံခြားသားတွေ ရောက်လို့ ပြည့်နေပါပြီ။ တည်းချင်ရင် ဘယ်လောက်ပေးရမယ်ဆိုပြီး ဖြစ်လာပြီ။ ဈေးကြီးမြင့်မှုဒဏ်ကို ဒေသခံတွေက အလိုလိုနေရင်းခံရတာပါ။

စည်သူဟိန်း

Go to top