ayenw

လက်ရှိ မြန်မာနိုင်ငံရဲ့ တိုးတက်မှုအခြေအနေထဲမှာ ခရီးသွားလုပ်ငန်းနဲ့ အိမ်အလှဆင်လုပ်ငန်းတွေက အင်အားတောင့်တင်းနေပါတယ်။ အသစ်အဆန်း တီထွင်ဖန်တီးထားတဲ့ အိမ်အလှဆင်ပစ္စည်းတွေနဲ့ တံခါးဖွင့်ဝါဒကျင့်သုံးလာတဲ့ ဒီနေ့၊ ဒီအချိန်ရဲ့ ခရီးသွားလုပ်ငန်းတွေအကြောင်းကို မြန်မာနိုင်ငံသား ကိုအေးနေဝင်းနဲ့ စကားပြောဖြစ်တဲ့အခါ..... 

 

အခုအချိန် မြန်မာနိုင်ငံမှာ ဟိုတယ်လုပ်ငန်းနဲ့ ဈေးဝယ်စင်တာတွေ၊ ပရိဘောဂဆိုင်ကြီးတွေအများကြီး ပေါ်ပေါက်လာတယ်။ အဲဒီအပေါ်မြင်တဲ့ စီးပွားရေး ရှု့ထောင့်အမြင်ကို နိုင်ငံသားတစ်ယောက်အနေနဲ့ ပြောပြပေးပါ။

ကျွန်တော့်တစ်ဦးတည်း အမြင်ပြောရရင် ဒီလိုလုပ်ငန်းတွေများလာတာ တိုင်းပြည်စီးပွားရေး တိုးတက်လာတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက ခရီး သွားလုပ်ငန်းကို လူတွေအများကြီးဆီက ဝင်ငွေယူ တဲ့ပုံစံနဲ့သွားတာ သိပ်မကိုက်ဘူး။ အဲဒီလိုလုပ်မယ်ဆိုရင် ဘယ်လို ဝန်ဆောင်မှုပေးမလဲဆိုတာ စဉ်းစားရမယ်။ ကမ်းခြေတွေ၊ ဘုရားစေတီတွေက အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားတို့မှာလည်း ရှိတာပဲ။ သူတို့နဲ့လည်း ပြိုင်ဆိုင်တိုက်ခိုက်ရမယ်။ အဲဒီတော့ မောတာပေါ့။ ဖြစ်နိုင်ရင် ပိုက်ဆံများများ သုံးနိုင်တဲ့ လူနည်းနည်းတွေကိုပဲ လက်ခံစေချင်တာ။ အဲဒါအိမ်နီးချင်းနိုင်ငံတွေမှာ မရှိသေးတဲ့ ဈေးကွက်ပဲ။ ဥပမာ-ငပလီကမ်းခြေလိုမျိုးကို ဖူးခက်၊ ပတ္တရား၊ ဘာလီတို့လို လုပ်လိုက်ရင် လူအများကြီးလာပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်။ ကမ္ဘာ့ကုလ သမဂ္ဂလိုမျိုးနှစ်ပတ်လည် အစည်းအဝေးတွေလုပ် မယ်။ ဒါမှမဟုတ်လည်း နှလုံးရောဂါကုသတဲ့ ဆရာဝန်တွေ ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးတွေ၊ ကုမ္ပဏီ လုပ်ငန်းရှင်တွေက ဝန်ထမ်းတွေအများကြီးခေါ်လာပြီး ကမ်းခြေကို ပုတ်ပြတ်ငှားပြီး ပျော်ကြမယ်။ ဆုပေးပွဲ တွေလုပ်မယ်။ ဘယ်လောက်ကောင်းလဲ။ ခံစားချက် ကလည်း ကောင်းမယ်။ လုံခြုံမယ်။ တချို့က ရင်းနှီးမြှုပ် နှံမှုများမယ်လို့ ထင်ကြမယ်။ တကယ်တော့ မဟုတ် ဘူး။ ဟိုတယ်တစ်ခုမှာ အခန်းကောင်းတွေ ၂ဝ
လောက် ကောင်းကောင်းလုပ်ထားနိုင်ရင်ရပြီ။ အခန်းတွေ ကျယ်ရမယ်။ ဇိမ်ခံပစ္စည်းတွေများမယ်။ အခန်း ရာကျော်ထားပြီး ဝန်ဆောင်မှုအားနည်းရင် မကောင်း ဘူးလေ။ ဒေါက်ခနဲနှိပ်လိုက်တာနဲ့ တစ်ကမ္ဘာလုံး ပတ်ခေါ်လို့ရမယ့် ဖုန်းလိုင်းတွေရှိရမယ်။ အရေးပေါ် ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု တွေ ချက်ချင်းလုပ်ပေးဖို့ ရှိရမယ်။ ဒါမျိုးတွေပေါ့။ အဲ့ဒီလို ကွန်ရက်ကြီးကြီးမရှိရင် ခရီးသွားလုပ်ငန်းဆိုတာ မကောင်းဘူးလေ။ အဲဒီတော့ ကမ္ဘာလှည့်ခရီးသွားလို့ သာပြောတယ်။ လာတဲ့အချိန်ကနေ ပြန်တဲ့အချိန် အထိ ဒေါ်လာ ၃ဝဝ တောင် မသုံးသွားဘူးဆိုရင် ဒီလိုလူမျိုး တွေလာတာ တိုင်းပြည်အမှိုက်ပွတာပဲရှိမှာပေါ့။ တကယ်သုံးနိုင်တဲ့ လူတွေလာမှ ကျွန်းသစ်နဲ့လုပ်တဲ့ ပရိဘောဂတွေ ဝယ်သွားမယ်။ ကျောက်သံ ပတ္တမြား တွေ ဝယ်သွားမယ်လေ။ အိမ်နီးချင်း တိုင်းပြည်တွေ လုပ်တာ မကောင်းဘူးလို့ ပြောတာမဟုတ်ဘူး။ သူတို့ နိုင်ငံနဲ့ သူတို့ဈေးကွက်ကိုက်တယ်။ ကျွန်တော်တို့ နိုင်ငံနဲ့က့ ငါ့ high earn ဖြစ်နိုင်အောင် လုပ်စေချင်တာ။ ဈေးဝယ်စင်တာတွေမှာ ဝယ်နိုင်တဲ့ လူတွေများလာ တာ၊ တစ်ခါဝယ်ရင် တစ်သက်သုံးလို့ရတဲ့ ပစ္စည်းတွေ ကို တစ်နှစ်တစ်ခါထည်လဲသုံးစွဲနိုင်တာတွေကတော့ ကောင်းတာတွေပေါ့။

အစ်ကို ကိုယ်တိုင်ရော ခရီးသွားရတာ နှစ်သက်ပါသလား။ ခရီးသွားခြင်း အကျိုးကျေးဇူးတွေအပေါ် ဘယ်လိုမြင်မိပါသလဲ။

ခရီးသွားတာကို နှစ်သက်မှုရှိ ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ခရီးထွက်ရင် စိတ်အပန်းပြေတယ်ဆိုတာ လူတိုင်းသိပြီးသားမို့ ထူးပြီးမပြောလိုတော့ပါဘူး။ ဒါပေမဲ့ ခရီးသွား ခြင်းအားဖြင့် အဓိကဖြစ်တာက ခင်မင် ရင်းနှီးမှု မရှိသေးတဲ့သူအချင်းချင်း ရင်း နှီးမှုရစေတယ်။ လူတွေအကြောင်း သိချင်ရင်ခရီးသွားပါဆိုတဲ့ စကား အတိုင်းပဲ။ ဒါလူတွေအတွက် လေ့လာစရာ၊ ဆင်ခြင်စရာတွေလိုတယ်။ အလုပ်ကိစ္စနဲ့ သွားတယ်ဆိုရင်လည်း နိုင်ငံတကာအရေးကိစ္စဖြစ်တဲ့ တကယ့်ကို နှစ်ပေါင်းများစွာ ရန်ဘက်တွေဖြစ်ခဲ့တဲ့ အစ္စရေးနဲ့ အာရပ်ကိစ္စတွေဆို အမေ ရိကန်သမ္မတက အိမ်ဖြူတော်မှာတွေ့တာမျိုးရှိတယ်။ အဲဒါအပြင် အပန်းဖြေ စခန်းမှာ ရက်ပိုင်းအနည်းငယ် အတူ နေပြီး ညှိကြတယ်။ လုပ်တိုင်းအောင် မြင်တာမျိုးတော့ မဟုတ်ဘူး။ သူ့နိုင်ငံနဲ့သူ့မူတွေဆိုတာရှိကြတာကိုး။ ဒါပေမဲ့ လူချင်းတော့ ရင်းနှီးသွားကြတယ်။ ခရီးသွားခြင်းအပေါ်မြင်တဲ့ ကျွန်တော့် အမြင်ပါ။

အခုလက်ရှိ ငွေကြေးတတ်နိုင်သူတွေက အိမ်တွေရဲ့ Interior Design တွေကို ခေတ်နဲ့လျော်ညီစွာ ဆန်းသစ်တဲ့အပြင်အဆင်တွေ ဖန်တီးကြတယ်။ ကိုယ့် အိမ်တွင်းမှာ နွေးထွေးလုံခြုံတဲ့ ခံစားချက်မျိုးရအောင် ဒီလိုပြင်ဆင်တာတွေ လိုအပ်လာပြီလို့ ထင်မိလား။

ခေတ်နဲ့လျော်ညီတိုင်းလည်း နွေးထွေးလုံခြုံ တာမဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ Interior ပြင်တာက ခေတ်မီတာထက် ကိုယ့်စိတ်ထဲမှာရှိတဲ့ ဘာသာရပ်အတိုင်းလုပ်ဖို့ လိုပါတယ်။ ၁၉ ရာစု၊ ၁၈ ရာစုကပုံစံတွေကို အားသန်ရင်လည်း ဖက်ရှင်ကျကျ ပြင်လို့ရတာပါပဲ။ နောက်တစ်ခုက နွေးထွေးလုံခြုံဖို့ဆိုရင် သက်သောင့်သက်သာရှိ တဲ့ ထိုင်ခုံတွေ လိုအပ်တယ်။ ခေတ်မီ ဆန်းသစ်တာတွေက ဓာတ်ပုံရိုက်ဖို့ပဲ ကောင်းတယ်။ ဒါ့အပြင် ကိုယ့်မိသားစုရဲ့ ဖွဲ့စည်းပုံနဲ့လည်း အံဝင်ခွင်ကျဖြစ်ဖို့လိုတယ်။ အဘိုး၊ အဘွားတွေနဲ့ မြေးလေးတွေပါရှိရင်လိုအပ်တဲ့ ပစ္စည်းတွေကပိုပြီး သက်သောင့်သက်သာ ရှိသင့်တယ်။ ထိုင်တဲ့နေရာ၊ ထမင်းစားတဲ့ နေရာနဲ့ အိပ်တဲ့နေရာတွေ သက်သောင့်သက်သာရှိမှ နေရတာအဆင်ပြေမှာလေ။

ကိုယ်တိုင် ကိုယ့်အိမ်ကို ပြင်ဆင်မွမ်းမံရတာ နှစ်သက်ပါသလား။ ဘယ်လိုပုံစံမျိုးပြင်ဆင်လေ့ရှိပါသလဲ။

နှစ်သက်တယ်။ တချို့က ပိုက်ဆံရှာပေးပြီးရင် အိမ်က မိသားစုကပဲ စီမံခန့်ခွဲဝယ်ခြမ်းတာ။ ကျွန်တော်က ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်ဝယ်ချင်တာ။ သူများကို လည်း ဘာနဲ့ဘာနဲ့ ဝတ်၊ ဘယ်လိုပြင်ဆင်ဆိုပြီး အကြံပေး လေ့ရှိတာ၊ ကိုယ့်မှာရှိတဲ့ ပစ္စည်းနဲ့ ဘယ်လိုဆင်ယင် ပြင်ဆင်ပြီး မျက်စိပသာဒဖြစ်စေဖို့ လုပ်မလဲဆိုတာမျိုး ပေါ့။ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဈေးဝယ်ထွက်ရင်လည်း လိုက်သွားရတာ အကြံÓဏ်ပေးရတာ ပျော်တယ်။ အိမ်ပြင်ဆင်မှုအပိုင်းမှာတော့ ခေတ်အရမ်းဆန်တာ မျိုးမဟုတ်ဘဲ သက်သောင့်သက်သာ ဖြစ်တာ၊ ရှေးတုန်းက ပစ္စည်းတွေကိုပဲ လှနေအောင် ပြင်ဆင်ရတာ ကြိုက်တယ်။

တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့ဆိုရင် အခုလို အရှိန်ယူနေတဲ့ ဒီတိုင်းပြည်မျိုးမှာ ပြည်သူရဲ့ ပြောင်းလဲရမယ့်အမူအကျင့်နဲ့ အစိုးရရဲ့ စနစ်ထပ်တူညီပြီး တကယ် ပြောင်းလဲဖို့ ဘာတွေလိုမယ်ထင်လဲ။

ပြည်သူရော၊ အစိုးရရော တစ်တိုင်းပြည်လုံးရဲ့ အတွေးအခေါ်နဲ့ ခံယူချက်တွေမှာ မလိုလားအပ်တာ တွေ ရှိနေတယ်ထင်တယ်။ ဒါက ဖွံ့ ဖြိုးဆဲတတိယနိုင်ငံ ဆိုတော့ ဖွံ့ဖြိုးတိုးတက်တဲ့ စိတ်ဓာတ်တွေ ရှိဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံမှာ စပြီး စီးပွားရေးဈေးကွက်ကျင့်သုံး တဲ့အချိန်မှာဆိုရင် နဝတအစိုးရလက်ထက်ကပေါ့။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေးခဲ့တယ်။ အဲဒီမှာဆိုရင် ဘုရားပေါ်တက်တာ၊ ဟိုတယ်တွေမှာ အဲဒီလိုတွေမှာ မြန်မာ လူမျိုးအတွက် ဈေးနှုန်းနဲ့ နိုင်ငံခြား သားတွေအတွက် ဈေးနှုန်းကိုခွဲထား တယ်။ အကောင်းဘက်ကကြည့်ရင် ကိုယ့်လူမျိုးကို ငွေကြေးသက်သာစေ ချင်တာ ကောင်းတယ်။ အဆိုးဘက်က ကြည့်ရင် အဆင့်အတန်းခွဲတာ။ အမေ ရိကန်မှာလည်း ၁၉၆ဝ ပြည့်လွန် နှစ်တွေတုန်းက လူဖြူ၊ လူမည်းခွဲထား တယ်။ အဲဒီမှာ နိုင်ငံခြားသားဆိုရင် ကောင်းကောင်းမွန်မွန်ဆက်ဆံကြ၊ နေရာပေးကြနဲ့ ကိုယ့်လူမျိုးက နေရာ မရဘူး။ လုပ်ငန်းရှင်ကြီးတွေကအစ ပုဂံလို နေရာမျိုးက ဈေးရောင်းတဲ့ ကလေးတွေကအဆုံး မသိစိတ်မှာကိုက နိုင်ငံခြားသားဆို ပိုဖော်ရွေနေတာ မျိုးတွေ ရှိတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ Disney Land မှာဆိုရင် နယူးယောက်က လူတွေလာရင်လည်း ဒီဈေးပဲ၊ ဂျပန်တို့၊ ကိုရီးယားတို့လာရင်လည်း ဒီဈေးပဲ။ ဝန်ဆောင်မှုလည်း ဒီတိုင်းပဲ။ ဆက်ဆံတာလည်း ဒီလိုပဲ။ တကယ် တိုးတက်တဲ့နိုင်ငံတွေကို အတုယူပြီး ပြောင်းလဲဖို့လိုမယ်လို့ ထင်ပါတယ်။

Fashion ဆိုတာ အဝတ်အစား၊ ဆံပင်၊ လက်ဝတ် ရတနာ၊ ဖိနပ်၊ ရေမွှေးစသဖြင့် ဒါတွေကိုပဲ Fashion လို့ မြင်နေကြတာများတယ်။ နေထိုင်မှု၊ သဘာဝပတ် ဝန်းကျင်၊ ကျန်းမာရေး၊ စိတ်အပန်းဖြေမှုတွေဟာလည်း မဖြစ်မနေလိုအပ်တဲ့ Fashion ဆိုတာ လက်ခံပါသလား၊ သုံးသပ်ပြပါဦး။

Fashion ဆိုတဲ့စကားကို အရင်ဆုံး အဓိပ္ပာယ်ဖွင့်ချင်တယ်။ ဖက်ရှင်ဆိုတာ အဝတ်အစားတို့၊ လက်ဝတ်ရတနာတို့ထက် ကျယ်ပြန့်ပါတယ်။ ကျွန်တော် တစ်ဦးတည်းအမြင်ကိုပြောရရင် ဖက်ရှင်ဆိုတာ ရေပန်းစားခြင်းပါ။ ရေပန်းစားနေတဲ့ အရာမှန်သမျှဟာ Fashionable ဖြစ်နေတာပါ။ အဆင့်အမြင့်ဆုံး ပြော ရရင် နိုင်ငံတစ်နိုင်ငံမှာ ကျင့်သုံးနေတဲ့စနစ်တွေ၊ အယူအဆတွေက ဖက်ရှင်ကျနေတာပဲ။ နိုင်ငံတစ်နိုင်ငံမှာ လူတွေကြိုက်နေတာက အရင်းရှင်စနစ်ဆိုရင် ဖက်ရှင်ကျတာ အရင်းရှင်စနစ်ပဲ။ တခြားနိုင်ငံတစ်ခုမှာ ကွန်မြူနစ်စနစ်ကျင့်သုံးပြီး လူတွေကြိုက်နေရင် အဲဒါဖက်ရှင်ပဲ။ လူပြောများပြီး အမြဲကျင့်သုံးနေတာ ဖက်ရှင် ဖြစ်တာပဲ။ အဝတ်အစား၊ အသုံးအဆောင်မှာလည်း ဖက်ရှင်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ အသုံးပြုသူရဲ့ သြဇာသက်ရောက်မှုပေါ် မူတည်တယ်။ လူသိများတဲ့သူ ဝတ်လိုက်တာက ဖက်ရှင်ဖြစ်သွားတာပဲ။ အသုံးအဆောင် ပစ္စည်းတွေဆိုလည်း သြဇာကြီးမားတဲ့သူသုံးတာက လူ စိတ်ဝင်စားတာပဲ။ အားကျစရာကောင်းတာပဲ။ သူ့ idea နဲ့သူ ပြုမူနေထိုင်တာ၊ တွေးခေါ်တာ၊ သူ့လုပ်ရပ်၊ အဲဒါတွေက ဖက်ရှင်ပါပဲ။

အယ်ဒီတာအဖွဲ့

Go to top