Photographer Kyaw Win Hlaing Sar

မြန်မာနိုင်ငံရဲ့ ရေမြေတောတောင် ရှုမျှော်ခင်းတွေကို အနုပညာမြောက်စွာ မှတ်တမ်းတင်နေတဲ့ ဓာတ်ပုံဆရာတစ်ဦးနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူကတော့ ဓာတ်ပုံကျော်ဝင်းလှိုင် (YUC) ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံ အနု ပညာနဲ့ပတ်သက်လို့ ဆုတံဆိပ်ပေါင်း ၂ဝဝ ကျော်ရရှိထားပြီး Asia Geographic Magazine ကပြုလုပ်တဲ့ international Photo Contest ပြိုင်ပွဲမှာလည်း နှစ်ကြိမ်တိုင်တိုင် ဆုရရှိထားသူဖြစ်ပါတယ်။ ကို ယ်ပိုင်ဓာတ်ပုံသင်တန်းကိုလည်း ဖွင့်လှစ် ထားတဲ့ ဓာတ်ပုံဆရာတစ်ဦးပါ။ သူနဲ့ပြောဖြစ်ခဲ့တာတွေက . . .

 


အခုလို ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဘဝကိုခံယူဖို့အတွက် ဘယ်လိုတွေ အစပျိုးခဲ့တယ်ဆိုတာ အရင်ဦးဆုံးသိပါရစေ။

ကျွန်တော့်မွေးရပ်ဇာတိက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မုံတောကျေးရွာကပါ။ အဲဒီကနေ ကျွန်တော် ၈ တန်းစာမေးပွဲအောင်ပြီးချိန်မှာ ဒီဓာတ်ပုံ အနုပညာကို မျိုးစေ့ချပေးခဲ့တဲ့ ဆရာမန်းတက္ကသိုလ် ဦးနေမျိုးဝင်း (ရှုတိုင်းယဉ်ပုံရိပ်ဘဏ်)ရဲ့ ကျေးဇူးနဲ့ ရန်ကုန်မြို့ကိုစတင်ပြီး အခြေချခဲ့ပါတယ်။ ၁၉၉၆ မှာ ဓာတ်ပုံနဲ့ပတ်သက်တဲ့ အခြေခံနည်းစနစ်တွေကို ကျွန်တော့်ရဲ့လက်ဦးဆရာက စတင် သင်ကြားပေးခဲ့ပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာပေါ့။ အဲဒီလို လေ့လာရင်းနဲ့ ၁၉၉၇၊ ၁၉၉၈ မှာ ဓာတ်ပုံပညာသင်ယူမှုကို ခဏပြန်နားပါတယ်။ ၁၉၉၈ ကျွန်တော် ၁ဝ တန်းဖြေပြီးနောက်ပိုင်းမှာတော့ ဆရာ့ရဲ့ သင်ကြားပေးမှုနဲ့ ဒီဓာတ်ပုံလောကထဲကို တစိုက်မတ်မတ် လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ ဆရာ့ရဲ့ သင်ကြားပေးမှုတွေပြီးတဲ့နောက် ၂ဝဝဝ ပြည့်နှစ်မှာ မြန်မာနိုင်ငံဓာတ်ပုံအသင်းကနေ ဖွင့်လှစ်တဲ့ အခြေခံ ဓာတ်ပုံပညာသင်တန်းအမှတ်စဉ် ၂၉ ကို တက်ရောက်ပြီး ဆက်လက်ပညာဆည်းပူးခဲ့ပါတယ်။ အဲဒီကနေမှတစ်ဆင့် ၂ဝဝ၃ ခုနှစ်မှာ ဆရာတက္ကသိုလ် ဦးစိုးဝင်းဖွင့်လှစ်တဲ့ အဆင့်မြင့်ဓာတ်ပုံပညာသင်တန်းကို ဆက်လက်ဆည်းပူးခဲ့ပါတယ်။ အဲဒီလိုဆရာတွေ ရဲ့ သင်ကြားပြသမှုရယ်၊ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီးတော့ရယ် ဓာတ်ပုံပညာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီကြားထဲ မှာလည်း အခါအားလျော်စွာ နိုင်ငံရပ်ခြားကလာရောက် ဖွင့်လှစ်တဲ့ ဓာတ်ပုံပညာနဲ့ပတ်သက်တဲ့ workshop တွေကို အလျဉ်းသင့်သလိုတက်ရောက်ပြီး လေ့လာဆည်းပူးပါတယ်။ ဒီနေ့အချိန်ထိလည်း ဒီဓာတ်ပုံအနုပညာလုပ်ငန်းကိုပဲ ကျွန်တော့်ရဲ့Business လုပ်ငန်းတစ်ခုအနေနဲ့ ဆက်လက်လုပ်ကိုင်နေပါတယ်။

ဓာတ်ပုံပညာနဲ့ပတ်သက်ပြီး ပြည်ပမှာသွားတက် ခဲ့တဲ့သင်တန်းတွေရော ရှိပါသလား။

ပြည်ပမှာ သင်တန်းသွားတက်ခဲ့တာမျိုးတော့ မရှိပါဘူးခင်ဗျာ။ နိုင်ငံတကာကနေ ဒီမှာလာဖွင့်တဲ့ workshop တွေတော့ တက်ပါတယ်။

ဓာတ်ပုံပညာကို business တစ်ခုအနေနဲ့လည်းလုပ်နေသူဆိုတော့ လက်ရှိလုပ်ကိုင်ဖြစ်နေတာတွေကိုလည်း သိပါရစေရှင်။

ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ ပုံမှန် business ကတော့ အစားအသောက်ပုံတွေရိုက်တယ်။ ဟိုတယ်ကြော်ငြာ၊ ဟိုတယ် Decoration တွေရိုက်တယ်။ နောက် Landscape လို့ခေါ်တဲ့ ဒီမြန်မာပြည်အနှံ့ရှုခင်းတွေ၊ မြန်မာ့ Culture တွေ၊ ပွဲတော်တွေကို မှတ်တမ်းတင်တယ်။ Calendar တွေထုတ်တယ်။ နောက်တစ်ခုက ကျွန်တော့်ရဲ့ သီးသန့်ကိုယ်ပိုင်ဖြစ်တဲ့ ဓာတ်ပုံအနုပညာသင်တန်းကိုလည်း ကိုယ်ပိုင် Private သင်တန်း အနေနဲ့ လက်ရှိသင်တန်းပေးနေပါတယ်။

ဟုတ်ကဲ့။ ဆုတွေလည်း အများကြီးရထားတာ တွေ့ရပါတယ်။ ဆုတွေနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။ အမှတ်တရဖြစ်ပြီး စိတ်လှုပ်ရှားခဲ့ ရတဲ့ ဆုတွေအကြောင်းလေး ပြောပြပေးပါ။

ဆုကတော့ ကျွန်တော်ထင်တယ်ဆုအရေအတွက် ၂ဝဝ ကျော်လောက်ရှိပါတယ်။ စိတ်လှုပ်ရှားခဲ့ရတဲ့ ဆုတွေလည်း ရှိခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှာ အခြေခံဓာတ်ပုံ ပညာသင်တန်း ကိုတက်ခဲ့တယ်။ သင်တန်းသားဘဝမှာလည်း ဆုတွေရခဲ့ပါတယ်။ ပိုပြီး အလေးထားပြီး ပြိုင်ရတဲ့ပွဲက အကြီး တန်းလို့ ခေါ်တာပေါ့၊ မြန်မာနိုင်ငံဓာတ်ပုံအသင်းမှာ လစဉ်ပြိုင်ရတဲ့ပွဲတွေရှိပါတယ်။ အဲဒီ လိုပြိုင်ရတဲ့ပွဲတွေမှာ တံခွန်စိုက်ဒိုင်းဆုကို ၃ ကြိမ်ရရှိခဲ့ပါတယ်။ ပြီးတော့ ၂ဝဝ၆ ခုနှစ်မှာ အထက်မြန်မာပြည် ဓာတ်ပုံအသင်းကကျင်းပတဲ့ နှစ်ပတ်လည်ဓာတ်ပုံပြိုင်ပွဲမှာ The Best Photographer of The Year ဆုကို ကျွန်တော် ရရှိခဲ့ပါတယ်။ ၂ဝဝ၇ မှာ မြန်မာနိုင်ငံဓာတ်ပုံ အသင်းကနေကျင်းပတဲ့ နှစ်ပတ်လည်ဓာတ်ပုံပြိုင်ပွဲမှာ The Best Photographer of the Year ဆုကို ဒုတိယတစ်ကြိမ်ထပ်မံရရှိခဲ့ပါတယ်။ ပြီးတော့ ၂ဝဝ၉ ခုနှစ်မှာ မြန်မာနိုင်ငံဓာတ်ပုံအသင်းက ကျင်းပတဲ့ တစ်နိုင်ငံလုံးဓာတ်ပုံပြိုင်ပွဲမှာ The Best Photographer of the Year ကို ၃ ကြိမ်မြောက်ရရှိခဲ့ပါတယ်။ ၂ဝ၁၁၊ ၂ဝ၁၂ ခုနှစ် ဝန်းကျင်မှာ မန္တလေးဓာတ်ပုံအသင်းကနေကျင်းပတဲ့ နှစ်ပတ်လည်ဓာတ်ပုံပြိုင်ပွဲမှာလည်း The Best Photographer of the Year ဆုကို ၄ ကြိမ် မြောက်ရရှိခဲ့ပါတယ်။ ကြားထဲမှာလည်း အမှတ်တရဆုတွေ အများကြီးရှိခဲ့ပါတယ်။ ၂ဝ၁၄ မှာတော့ Asia Geographic Magazine ကနေ ကျင်းပတဲ့ international Photo Contest မှာ Grand Prize ဆုကို ရှိခဲ့ပါတယ်။ လက်ရှိ ၂ဝ၁၅ မှာလည်း Asia Geopraphic
Magazine ကနေကျင်းပတဲ့ Architecture and Landscape ကဏ္ဍမှာလည်း First Prize ရရှိခဲ့ပါတယ်။

Asia Geographic Magazine ကနေလုပ်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖြစ်ခဲ့တဲ့အကြောင်းလေးကိုလည်း ပြောပြပေးစေချင်ပါတယ်။

ဒီပြိုင်ပွဲက International Photo Contest ပါပဲ။ အရင်နှစ်ပိုင်းကာလတွေက ကျွန်တော်တို့ မြန်မာပြည်က ဓာတ်ပုံဆရာတွေအနေနဲ့ ဒီပြိုင်ပွဲရှိတာသိပေမဲ့ အခက်အခဲတချို့ ရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးက ဝင်ကြေးပေးရပါတယ်။ ရှေ့နှစ်ပိုင်းတွေမှာ ဝင်ကြေးပေးဖို့အတွက် ကျွန်တော်တို့တွေမှာအခက်အခဲရှိပါတယ်။ တချို့တွေကျတော့လည်း စင်ကာပူမှာရှိတဲ့ သူငယ်ချင်းတွေကနေ တစ်ဆင့်ဝင်ကြေးကို ပေးသွင်းပြီးတော့ ပြိုင်ခဲ့တဲ့ ဓာတ်ပုံဆရာသူငယ်ချင်းတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ အလှမ်းကွာဝေးခဲ့တဲ့အတွက်အရင် နှစ်ပိုင်းတွေမှာ မပြိုင်ဖြစ်ခဲ့ပါဘူး။ ထူးထူးခြားခြားပဲ ၂ဝ၁၄ တုန်းက Today Media Group က Local ဓာတ်ပုံပြိုင်ပွဲကြီးလုပ်ပါတယ်။ ပြိုင်ပွဲမှာဆုရတဲ့ ဓာတ်ပုံဆရာ ၁ဝ ဦးကို သူတို့က ဒီပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင် နိုင်ဖို့ အစအဆုံး ကူညီဆောင်ရွက်ပေးပါတယ်။ အဲဒီ ၂ဝ၁၄တုန်းက ကျွန်တော် Grand Prize ဆုရခဲ့ပါတယ်။ အဲဒီတုန်းက ဆုရတဲ့ဓာတ်ပုံဆရာ ၁ဝ ဦးက ဝင်ကြေးမပေးရပါဘူး။ Today Media Group ကပဲ အကုန်အကျခံပြီး ကျွန်တော်တို့ကို ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒီနှစ်မှာလည်း Today က ဒီပံ့ပိုးမှုတွေကို ဆက်လုပ်ပေမဲ့ Entery Fee ကို ကျွန်တော်တို့ကပေးရပါတယ်။ ကျွန်တော်တို့ကအပြင် Person တစ်ယောက်အနေနဲ့ ပြိုင်တယ်ဆိုရင်တစ်ပုံကို ၁ဝ ဒေါ်လာပေးရပါတယ်။ Today Media Group က ပံ့ပိုးမှုနဲ့ ကျွန်တော်တို့ က ၅ ဒေါ်လာပဲသွင်းရပါတယ်။ ဒီပြိုင်ပွဲက International Photo Contest ပါ။ ဒါပေမဲ့ ဒီမှာယှဉ်ပြိုင်မယ့် ပုံရိပ်တွေအားလုံးက အာရှတိုက်အတွင်းမှာ ရိုက်တဲ့ပုံတွေပဲ ဖြစ်ရပါမယ်။ Asia Geographic ဖြစ်တဲ့အတွက် အဲဒီသတ်မှတ်ချက်တော့ ရှိပါတယ်။

အခုလို International Photo Contest မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ဆုတွေလည်း ရခဲ့တယ်။ အဲဒီလိုဝင်ပြိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဓာတ်ပုံပညာအဆင့်အတန်းဟာ ကမ္ဘာ့အဆင့်မီတယ်ဆိုတာ ဖော်ပြ လိုက်သလိုပါပဲနော်။ အစ်ကို့အမြင်မှာရော ဘယ်လိုကွာခြားချက်တွေ ရှိနေသေးလဲဆိုတာ သိပါရစေ။

ကျွန်တော့်အမြင်မှာတော့ ကွာခြားချက်မရှိပါဘူး။ ကျွန်တော်တို့ မြန်မာပြည်က ယှဉ်ပြိုင်တဲ့ဓာတ်ပုံပညာရှင်တွေ အကုန်လုံးက တကယ်ကို ပါရမီရှိပြီး တကယ်ကို ထူးချွန်တဲ့ ဓာတ်ပုံဆရာတွေပါ။ ယနေ့အချိန်ထိ လည်း ပြိုင်ပွဲအရပ်ရပ်မှာ ကြည့်လိုက်ရင် မြန်မာပြည်က ဆုရတဲ့ ဓာတ်ပုံဆရာတွေဆိုတာ လက်ညှိုး ထိုးမလွဲပါဘူး။ အရမ်းတော်ပါတယ်။

Food, Decoration, Landscape တွေကို ရိုက်တဲ့ ဓာတ်ပုံဆရာတစ်ယောက်အဖြစ် ရွေးချယ်ခဲ့မှုကရော။

အဲဒါက ကျွန်တော့်ကို ပညာအမွေပေးခဲ့တဲ့ ကျွန်တော့်လက်ဦးဆရာရဲ့ Professional Field ကို က မြန်မာ့ရှုခင်းအလှအပတွေ၊ ပွဲတော်တွေ၊ မြန်မာလူမျိုးတွေရဲ့ သဘာဝယဉ်ကျေးမှုတွေ ဒါတွေကို အဓိကဖော် ထုတ်ပြီးရိုက်တဲ့သူပါ။ ဆရာရဲ့အရိပ်အာဝါသအောက်မှာ ၁ဝ နှစ်ကျော်နေခဲ့ရတဲ့အတွက် ဒီ flow တွေက ကျွန်တော်တို့ရင်ထဲမှာကိန်းအောင်းပြီးသား ဒါတွေကကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား ပတ်ဝန်းကျင် တစ်ခုဖြစ်တဲ့အတွက် ပိုပြီး အဆင်ပြေလိမ့်မယ်ထင်လို့ ကျွန်တော့်အနေနဲ့ ဒီလိုင်းကိုပဲ တစိုက်မတ်မတ် ရွေးချယ်ခဲ့တာပါ။

သဘာဝရှုခင်းတစ်ခုကို ဓာတ်ပုံရိုက်တဲ့အခါသဘာဝအတိုင်းရိုက်တာရယ်၊ အနည်းငယ်ဖန်တီးယူရတာ၊ လိုအပ်တဲ့လူ၊ ပစ္စည်းစတာတွေကို ထပ်ဖြည့်ရတာနဲ့ပတ်သက်လို့လည်း ပြောပြပေးပါ ဦး။

အရေးအကြီးဆုံးကတော့ သဘာဝပေါ့။ သဘာဝတရားကြီမှာ တကယ်လှပနေတဲ့အခါမျိုးမှာတော့ ကျွန်တော်တို့အတွက် အရမ်းအဆင်ပြေတာပေါ့။ တစ်ခါတစ်ရံမှာ ကိုယ်က ဒီအချိန်၊ ဒီနေရာကို တစ်ခါပဲ ရောက်မယ်၊ အချိန်လည်းမရတဲ့အခါမျိုးဆိုရင် သဘာဝက ကိုယ့်ကိုအခွင့်အရေးမပေးတဲ့အခါမျိုးမှာ ဒီအကြောင်းအရာ၊ ဒီ location ကို လိုချင်တဲ့အတွက် ဖန်တီးယူရတာမျိုးရှိပါတယ်။

Landscape ရိုက်တဲ့ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ တစ်နှစ်ကို ခရီးဘယ်နှခေါက်ထွက်မယ်။ ဘယ်ဒေသတွေကိုသွားမယ်ဆိုတဲ့ Target မျိုးရှိ လား။

အကြိမ်ရေကတော့ ကျွန်တော့်မှာ Target မရှိပါဘူး။ အလျဉ်းသင့်သလို ထွက်ဖြစ်ပါတယ်။ ဒါပေမဲ့ ခရီးတစ်ခုသွားမယ်ဆိုရင် ကိုယ်ရောက်ပြီးသားဒေသ ကို သွားတာထက် မရောက်ဖူးသေးတဲ့ဒေသကို ရွေးချယ် ပါတယ်။

ဓာတ်ပုံပညာသင်တန်းလည်း ဖွင့်ထားတယ်ဆို တော့ အစ်ကို့ရဲ့သင်တန်းသားတွေကို ဓာတ်ပုံအနုပညာနဲ့ပတ်သက်တဲ့ ခံယူချက်သဘောထားတွေကို ဘယ်လိုလမ်းညွှန်ပြသလေ့ရှိလဲ။

သင်တန်းမှာသင်ကြားတာကတော့ ဓာတ်ပုံအနုပညာဆိုတာက Art & Science ပေါ့နော်။ Art ဆိုတာကတော့ကိုယ့်ရဲ့အနုပညာစွမ်းအား၊ Talents ပေါ့နော်။ ဒါကတော့ အရေးကြီးပါတယ်။ သင်ပေးလို့မရဘူး။ ကိုယ်ကိုယ်တိုင်လေ့ကျင့်ယူရမှာပါ။ Technique ပိုင်းကတော့ Science လို့ခေါ်တဲ့ သိပ္ပံ နဲ့ပတ်သက်တဲ့ Camera Tools တွေ မှန်ဘီလူးတွေ ဒါတွေနဲ့ ပတ်သက်လို့တော့ သင်ပေးလို့ရပါတယ်။ ဒါတွေက သိပ္ပံနည်းကျတည်ဆောက်ထားတဲ့အတွက် သူ့မှာ Formula ရှိပြီးသား ဒီအပိုင်းတွေကတော့ ကျွန်တော်တို့က Theory ရော လက်တွေ့ပါပေါင်းစပ်ပြီး သင်ပေးလို့ရပါတယ်။ အနုပညာပိုင်းကျတော့ ကျွန်တော်တို့ ပြောပြလို့ပဲရတယ်။ ဒါကတော့ ဒီလိုရှိတယ်။ ဒီအယူအဆတွေပေါ်မှာမှ ဆင့်ပွားတွေးခေါ်ပြီး လုပ်ရတဲ့အပိုင်းတွေရှိတယ်။ ဒါမျိုးလေးတွေတော့ ကျွန်တော်တို့ ပြောပြဖြစ်ပါတယ်။ သင်ကြားရေးပိုင်းမှာ နှစ်ပိုင်းပေါ့။ နောက်တစ်ပိုင်း ဖြစ်တဲ့ဓာတ်ပုံနဲ့ ပတ်သက်တဲ့သဘောထားခံယူချက်ကတော့ ကျွန်တော်အမြဲပြောတဲ့ စကားတစ်ခွန်းပါ။ ရိုးသားဖို့ပဲလိုပါတယ်။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်အခြေခံ ဒီအလုပ်ပေါ်မှာ ရိုးသားရင် အောင်မြင်မယ်လို့ ထင်ပါ တယ်။ ကိုယ့်အလုပ်အပေါ်မှာ ကိုယ်တကယ်တတ်သိ နားလည်ပြီးတော့ အားလုံးအပေါ် မှာ ရိုးရိုးသားသားနဲ့ ဖန်တီးထားတာမျိုးဆိုရင် ရေရှည် အောင်မြင်မယ်လို့ ထင်မြင်မိပါတယ်။ အဲဒီလို ကျွန်တော့်အသိကို ကျွန်တော် အမြဲ Share လုပ်ပါတယ်။

ဓာတ်ပုံအနုပညာနဲ့ပတ်သက်လို့ ဆက်လုပ်မယ့် Program အသစ်တွေရော ရှိနေသေးလား။

ဟုတ်ကဲ့ရှိပါတယ်။ ကျွန်တော့်ရဲ့ ပုံမှန် Program တွေရှိနေသလို အခုသင်တန်းကာလကတော့ ရက်ရှည်တာပေါ့။ နောက်ပိုင်းမှာတော့ ကျွန်တော်စဉ်းစားတာက workshop သဘောမျိုးပေါ့။ ရက်တိုလေးတွေ လုပ်ဖို့ စဉ်းစားထားတယ်။ သင်တန်းကာလမှာ သင်တန်းလာတက်တဲ့၊ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေက Level အဆင့် အမျိုးမျိုးပေါ့။ တချို့ကျတော့လည်း ဒါနဲ့ပတ်သက်တဲ့ Knowledge က ဇီးရိုးပေါ့။ တချို့ ကျတော့လည်း နည်းနည်းပါးပါးရိုက်ဖူးစရှိတယ်။ တချို့ကျတော့လည်း ပိုပြီး စနစ်တကျသိချင်လို့လာတက်တဲ့သူရှိတယ်။ အဲဒါမျိုးကျတော့ သင်တန်းကာလရှည်တယ်ပေါ့။ အချိန်အများကြီးပေးရတယ်။ Workshop ဆိုတဲ့ သဘော မျိုးကျတော့သိပြီးသား၊ အနေအထားတစ်ခုကို ရောက်ပြီးသားသူတွေအတွက် မွမ်းမံသင်တန်းလိုမျိုး ဖြစ်နေပါတယ်။ အဲဒီလိုမျိုးလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

အိအိထွေး တွေ့ဆုံမေးမြန်းသည်။

koyin

 

ဒီပုံလေးက စစ်ကိုင်းရုပ်စုံကျောင်းမှာ ရိုက်ဖြစ်ခဲ့တာပါ။ ရိုက်ကူးဖြစ်ရတဲ့အကြောင်းအရင်းကတော့ မန္တလေးက ဓာတ်ပုံဆရာသူငယ်ချင်းတွေနဲ့ စစ်ကိုင်း တောင်ပေါ်မှာ အပျော်ခရီးဓာတ်ပုံသွားရိုက်တဲ့အချိန်မှာ ရရှိခဲ့တာပါ။ အဓိကပြချင်တဲ့အကြောင်းအရာလေးကတော့ သက်ရှိ၊ သက်မဲ့နဲ့ အရာဝတ္ထုတွေရဲ့တည်ရှိပုံ၊ နောက်တစ်ချက်က နတ်သားရုပ်လေးတွေရဲ့ Image အဓိပ္ပာယ်နဲ့ တန်ဖိုး၊ ပုထုဇဉ်ဖြစ်တဲ့ ကိုရင်လေးရဲ့ ဟန်ပန်အမူအရာ ဒီနှစ်မျိုးကို ယှဉ်ပြထားပါတယ်။ ကျွန်တော်တို့ရဲ့ ဦးတည်ရာအာရုံကို ပြောချင်တဲ့ အဓိပ္ပာယ်လည်းပါပါတယ်။ နိဗ္ဗာန်ဆိုတဲ့ ခံစားမှုမျိုး၊ သာသနာရဲ့ အငွေ့အသက်လေးတွေကို ဒီအရုပ်ကလေး တွေနဲ့ ဓာတ်ပုံပညာရဲ့ ရှုထောင့်ကနေ စိတ်ဝင်စားဖွယ် ဖြစ်အောင် ရိုက်ကူးခဲ့ပါတယ်။ အလင်းရဲ့ကျရောက်မှုက လည်း သစ်သားပန်းပုရုပ်လေးတွေ၊ ကိုရင်ရဲ့ Position ကိုလည်း ပိုမိုရုပ်လုံးကြွစေတယ်လို့ သတ်မှတ်ပါတယ်။

hkar

ဒီပုံလေးက ရှမ်းပြည်နယ်အောင်ပန်းနဲ့ ပင်လောင်းသွားတဲ့လမ်းဘေးမှာရှိတဲ့ လှေကားထစ်စိုက်ခင်းလေးပါ။ တကယ်တမ်းသွားတုန်းကတော့ ဒီ Location ကို ရိုက်ဖို့ မဟုတ်ပါဘူး။ ရှမ်းပြည်ရဲ့ တခြားရှုခင်းတွေ ရိုက်ဖို့သွားခဲ့တာပါ။ ပြန်မယ့်နေ့မှာအားနေတော့ ဒီနေရာမှာ လှေကားထစ်စိုက်ခင်းလေးတွေရှိတယ်ဆိုလို့ အောင်ပန်းက သူငယ်ချင်းကို အောင်သူမြင့်ရဲ့ အကူအညီနဲ့ အောင်ပန်းပင်လောင်းသွားတဲ့ လမ်းနံဘေးမှာ ဆင်းရိုက်ခဲ့တာပါ။ ဒီပုံလေးမှာ အဓိကပြချင်တဲ့ အကြောင်းအရာက Lighting ပေါ့။ ညနေခင်းရဲ့ဘေးကနေလာနေတဲ့ Side Light ရဲ့ Position ကြောင့် လှေကားထစ်စိုက်ခင်းလေးတွေရဲ့အလှအပက ပိုပြီးပေါ် လွင်တယ်လို့ ယူဆပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ဓာတ်ပုံအယူအဆအရ ဒီထဲမှာပါဝင်နေတဲ့ လှေကားထစ်စိုက်ခင်းလေးတွေရဲ့ အကွေ့အကောက်မျဉ်းကြောင်းလေး တွေက ဓာတ်ပုံတစ်ပုံကို ကြည့်ရှု ဖွယ်ဖြစ်ဖို့အတွက် ပိုပြီးအထောက်အပံ့ဖြစ်စေပါတယ်။ ဒီပုံလေးကို ပိုပြီးဆွဲဆောင်မှုရှိအောင်၊ ပိုပြီးပြည့်စုံသွားအောင် ဒီထဲမှာ လုပ်ငန်းခွင်ကအပြန်ပုံစံမျိုးလေးနဲ့ Subject လို့ခေါ်တဲ့ လူတွေကိုအကူအညီတောင်းပြီးတော့ လမ်းလျှောက်နေတဲ့ပုံလေး ရိုက်ဖြစ်ခဲ့ပါတယ်။

tgm

ဒီနှစ် ၂ဝ၁၅ မှာ Asia Geographic Magazine ကနေ ကျင်းပတဲ့ Architecture and Landscape ခေါင်းစဉ်မှာ ကျွန်တော် ပထမဆုရခဲ့တဲ့ ပုံလေးပါ။ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဦးပိန်တံတားဝန်းကျင်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရာသီအချိန်အားဖြင့် ဒီဇင်ဘာလဝန်းကျင်မှာ ရိုက်ကူးခဲ့တာပါ။ ဒီပုံမှာ ပါဝင်တဲ့ အရောင်ပေါ့။ အဝါရောင်ဆန်ဆန်လိမ္မော်ရောင်သွေးဆိုတာ ကြည့်ရှုသူရဲ့စိတ်ကို နွေးထွေးသွားစေတဲ့ ခံစားမှုမျိုးကို ပေးစွမ်းပါတယ်။ နောက်တစ်ချက်က ရေကျသွားတဲ့အချိန်မှာပေါ်နေတဲ့ ကျွန်းလေးတွေဖြစ်တည်နေတဲ့ ပုံစံလေးတွေကဓာတ်ပုံတစ်ပုံမှာ အများကြီးအထောက်အပံ့ပေးပါတယ်။ ဓာတ်ပုံဆိုတာ လှုပ်နေတဲ့အကြောင်းအရာကို ငြိမ်အောင်ရိုက်ရတယ်။ ငြိမ်နေတဲ့အကြောင်းအရာကို လှုပ်ရှားမှုရသတွေ ပေါ်လွင်အောင် ဖန်တီးရပါတယ်။ ဒီပုံမှာပါတဲ့ ရေပြင်တွေ၊ တံတားတွေ၊ ပေါ်နေတဲ့ကျွန်းတွေပေါ့။ ဒါတွေက ငြိမ်သက်လွန်းတယ်။ ဒါကြောင့် လှုပ်ရှားမှုတစ်ခုခုပါအောင် စက်ဘီးနဲ့ ကလေးလေးတွေကို အက်ရှင်တစ်ခုခုဖြစ်အောင် Create လုပ်ပြီး ရိုက်ကူးခဲ့ပါတယ်။

lotus

ဒီပုံက ၂ဝဝ၉ ခုနှစ်လောက်တုန်းက ရိုက်ထားတာပါ။ ထိုင်းဘုရင့်သားတော်ဓာတ်ပုံပြိုင်ပွဲမှာ ဆုရခဲ့တဲ့ပုံလေးပါ။ Location ကတော့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှာရှိတဲ့ စွန်ရဲအင်းဆိုတဲ့ အင်းကြီးထဲမှာ ရိုက်ကူးခဲ့တာပါ။ ဒီမှာပါဝင်နေတဲ့ ကြာပန်းတွေက သဘာဝအရ စွန့်ပစ်ထားတဲ့ဟာတွေပါ။ မလိုအပ် တဲ့သူအတွက် အမှိုက်တွေဖြစ်နေမှာပါ။ ကလေးတွေကလည်း ကျွန်တော်တို့ရိုက်နေတဲ့ တခြား scene ကို လာကြည့်နေကြတာ။ ကြာပန်းတွေကလည်း လှနေ တဲ့အတွက် ကျွန်တော်သူတို့ကို စည်းရုံးလိုက်တယ်။ အစ်ကို ဒီလိုလေးရိုက်ချင်တယ်။ သားတို့နေပေးမလားဆိုတော့ သူတို့ကလည်း အရမ်းရိုး သား တယ်။ လုပ်ပေး မယ်ဆိုတော့ သူတို့ကို ဝိုင်းအိပ်ခိုင်းလိုက်တယ်။ အမြင်ပိုင်းဆိုင်ရာ ထူးခြားစေဖို့အတွက်အနီးအနားမှာရှိတဲ့ သစ်ပင်ပေါ်ကနေ တက်ရိုက်လိုက်တာပါ။

nighit

ရန်ကုန်မြို့ရဲ့ ညရှုခင်းနေရာတစ်ခုပါ။ ဗန္ဓုလတံတားပေါ်ကနေ ရန်ကုန်ဆိပ်ကမ်းဘက်ကို အဓိက Target ထားပြီး ရိုက်ကူးခဲ့တာပါ။ ဒီပုံက ၂ဝ၁၄ ခုနှစ်တုန်းက ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးက ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဓာတ်ပုံပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ ပုံလေးဖြစ်ပါတယ်။ အချိန်အားဖြင့် သီတင်းကျွတ်ကာလ မှာ ရိုက်ကူးခဲ့တာပါ။ ဒီပုံလေးမှာပါတဲ့ မီးရှူးမီးပန်းတွေက သီတင်းကျွတ်ရဲ့သရုပ်ကို ထင် ဟပ်စေပါတယ်။ ဒီမီးပန်းတွေက ကျွန်တော် ဖန်တီးတာမဟုတ်ပါဘူး။ ကျွန်တော်ရိုက်တဲ့အချိန်မှာရပ်ကွက်ထဲက လွှတ်တဲ့မီးပန်းပါ။ အဲဒီအချိန်မှာ ခလုတ်နှိပ်လိုက်မိတဲ့အတွက် ကျွန်တော်ကံကောင်း သွားတာပါ။

kyin

ရန်ကုန်မှာဖွင့်လှစ်တဲ့ ကျွန်တော့် ရဲ့ဓာတ်ပုံသင်တန်းမှာ သင်တန်းသားတွေနဲ့အတူသွားခဲ့တဲ့ Outdoor Practical ထွက်တဲ့ ပဲခူးခရီးစဉ်မှာ ရိုက်ခဲ့တဲ့ပုံလေးပါ။ ကျွန်တော့်ရဲ့ လောလောလတ်လတ်ပုံလေးပါ။ ဒီပုံလေးမှာ အဓိကပြချင်တာက ဓာတ်ပုံမှာ အယူအဆတစ်ခုရှိတဲ့ အနီးအဝေးသဘောတွေပါတယ်။ နောက်ထပ် အကြောင်းအရာတစ်ခုဖြစ်တဲ့ Key ပေါ့။ ဂီတမှာ Key ရှိသလို ဓာတ်ပုံမှာလည်း Key ရှိပါတယ်။ High Key, Low Key, Middle Key ဆိုပြီးရှိပါတယ်။ ဒီပုံက High Key လို့ခေါ်တဲ့ ဓာတ်ပုံအမျိုးအစားတစ်ခုပါ။ နောက်တစ်ခုပြချင်တာက မှန်ဘီလူးရဲ့ အဓိကအားသာချက်ကိုယူပြီး ရိုက်ထားတာပါ။ မြင်ကွင်း ကျယ်မှန်ဘီလူး Fish Eye လို့ခေါ်ပါတယ်။ ဒီမှန်ဘီလူးရဲ့ စွမ်းဆောင်ချက်နဲ့ ဒီပုံမျိုးကိုရရှိတာဖြစ်ပါတယ်။ အဓိကပြချင်တာကတော့ မှန်ဘီလူးရဲ့လုပ်ဆောင်နိုင်မှုစွမ်းအားကို ဓာတ်ပုံမှာ အနုပညာရ သမြောက်အောင် ဖန်တီးထားတဲ့ပုံလေးတစ်ပုံပါ။ စိတ်ဝင်စားစရာကောင်းအောင် ကိုရင်လေးတွေရဲ့ Figure လေးတွေကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။

tga

ရှမ်းပြည်နယ် အောင်ပန်းမှာ ရိုက်ကူးခဲ့တာပါ။ မိုးတွင်းကာလကြီးပါ။ အနောက်မှာ မိုးသားတွေကညို့နေတယ်။ ကံကောင်းချင်တော့ မိုးမရွာခင်စပ်ကြားမှာ ညနေခင်းနေ ရောင်ခြည်လေးက ထိုးနေတော့ လူပေါ်မှာ ကျနေတဲ့အလင်းရောင်လေးက ပုံရဲ့ထုထည်ကို ပေါ်လွင်စေပါတယ်။ အရောင်အားဖြင့်လည်း ဝမ်းကာလာပေါ့။ အစိမ်းရောင်တွေများပြီး ဟာမိုနီကာလာများတဲ့အတွက် အေးချမ်းတဲ့ ခံစားမှု ကို ပေးစွမ်းနို င် မယ် ထင်ပါတယ်။

mady

 

မန္တလေးတောင်ပေါ်ကနေ မန္တလေးမြို့ဝန်းကျင်ရဲ့ မနက်ရှုခင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီပုံလေး ရရှိဖို့အတွက် ရာသီဥတုရဲ့ အကူအညီအများကြီးလိုပါ တယ်။ ရာသီကာလပေါ့ ဒီပုံမှာပါဝင်နေတဲ့ အရောင်စုံ ဖြစ်နေတဲ့ သစ်ပင်တွေရဲ့ အခြေအနေက တစ်နှစ်လုံးမှာမှ တစ်ရာသီ၊ တစ်ရာသီမှာမှ တစ်လတည်းမှာပဲရှိတဲ့ အခါမျိုးမှာမှရတာပါ။ များသောအားဖြင့် ဒီပုံမျိုးက ဒီဇင်ဘာဝန်းကျင်မှာ ဖြစ်တာပါ။ ဒီဇင်ဘာဆိုတော့ ဒီရှေ့မှာပါတဲ့ သစ်ပင်တွေရဲ့ကာလာတွေလည်း ချိန်း သွားတယ်။ မြူတွေလည်းကျနေတဲ့အတွက် ဆောင်းရဲ့အငွေ့အသက်လေးကိုလည်း ခံစားနိုင်ပါတယ်။

Go to top