U-kyaw-swar-soe

 

မိုဘိုင်းဖုန်းကို အသုံးပြုပြီး ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကို ဆောင်ရွက်နိုင်တဲ့စနစ် မြန်မာနိုင်ငံမှာ စပေါ်လာပြီလို့ သိရပါတယ်။ ဒီလိုမျိုး ပေါ်လာဖို့ ဘယ် ကနေစပြီး လုပ်ရတယ်ဆိုတာကို အရင်သိလို ပါတယ်။

တိတိကျကျပြောရရင် အင်းဝဘဏ်ဗဟိုပြုပြီး ပြည်တွင်းမှာ မိုဘိုင်းဖုန်းကို အသုံးပြု ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကျွန်တော်တို့ ခွင့်ပြုမှုရခဲ့ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ခွင့်ပြုပေးခဲ့တာပါ။ ဒီလိုမျိုး ခွင့်ပြုမှု ရဖို့အတွက် သတ်မှတ်ထားတဲ့ ဘဏ်လုပ်ငန်း လုပ်ထုံးလုပ်နည်း စည်းကမ်း ဥပဒေတွေ၊ နည်းပညာ သတ်မှတ်ချက် အဆင့်တွေနဲ့အညီ လုပ်ဆောင်ပြီးတော့ ရခဲ့တာပါ။ ဒီလိုရနိုင်ဖို့အတွက် ၂ဝ၁၂ နှစ်လယ် လောက်ကတည်းက စပြီး စီမံကိန်းရေးဆွဲခဲ့တယ်။ ပြီးတော့ မိုဘိုင်းဘဏ်နဲ့ ငွေပေးချေမှုစနစ်နဲ့ နည်းပညာကို အမေရိကန်၊ ပြင်သစ်ထိပ်တန်းကုမ္ပဏီကြီးတို့ရဲ့ နည်းပညာနဲ့ ရယူခဲ့ပြီး အင်းဝဘဏ်မှာ အခြေခံ တည်ဆောက်မှုများ ပြုလုပ်ခဲ့ပါတယ်။

အခုလက်ရှိမှာ မြန်မာမှာ ဖုန်းသုံးစွဲမှုက တဖြည်းဖြည်းကျယ်ပြန့်လာနေပြီး စစ်တမ်းတွေအရဆို သုံးစွဲသူ ၁ဝ သန်းနီး ပါးလောက်ရှိနေပြီဆိုတော့ ဒီဈေးကွက် ကြီးကို Myanmar Mobile Money အနေနဲ့ ဘယ်လောက်လွှမ်းမိုးသွားနိုင်မယ်လို့ ထင်ပါသလဲ။

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း သုံးစွဲနေသော ပြည်သူတွေအားလုံး အသုံးပြုနိုင်ဖို့အတွက် ရည်မှန်းချက်က ရှိထားပြီး သားပါ။ ဘဏ်ဝန်ဆောင်မှုနဲ့ အလှမ်းဝေးနေတဲ့ နေရာတွေက ပြည်သူတွေကို ပိုပြီးတော့ အဓိကထားတာပေါ့ဗျာ။ အဲဒါကနေ ပြီးတော့ တစ်ဆင့် ပြီး တစ်ဆင့် ကျယ်ပြန့်အောင်လုပ်ဆောင်သွားမှာပါ။ လက်ရှိမှာ မိုဘိုင်းဖုန်းသုံးစွဲသူက သန်းနဲ့ချီရှိနေပြီဆိုတော့ လတ်တလော ကျွန်တော်တို့ ဝန်ဆောင်မှုစနစ် အပေါ်မှာ ပြည်သူသိန်းဂဏန်းကျော်ကတော့ ကနဦးအနေနဲ့ အသုံးပြုသွားကြလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

ဘယ်လိုမျိုး ငွေစာရင်းဖွင့်လို့ ရသလဲ။ အသုံးပြုပုံကိုပါ ရှင်းပြပေးပါဦး။

မက်ဆေ့ခ်ျပို့လို့ရတဲ့ မည်သည့် ဖုန်းနဲ့မဆို ဒီစနစ်အသုံးပြုဖို့ Registration လုပ်ခွင့်ရပြီဆိုရင် အနည်းဆုံး ကျပ်ငွေ ၅ဝဝဝကနေ အများဆုံး ၁ဝသိန်းခန့်အထိ မိုဘိုင်းငွေစာရင်း အကောင့်စာရင်း အရင်စဖွင့်ပြီး အသုံးပြုလို့ရပါတယ်။ အသုံးပြုမယ့်သူတွေက စဖွင့်မယ့် အကောင့်စာရင်းထဲ ငွေသွင်းချင် တယ်ဆိုရင် မြို့နယ်တိုင်းမှာရှိတဲ့ Myanmar Mobile Money ကိုယ်စားလှယ်တွေဆီမှာ အလွယ်တကူငွေ သွင်းနိုင်ပါတယ်။ ကိုယ့်မြို့နယ်က ကိုယ်စားလှယ်တွေကို အလွယ်တကူစုံစမ်းနိုင်ဖို့ အတွက် Call Center ၁၂၁၂ နံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါ တယ်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလဆန်းလောက်ဆိုရင် အကောင့်ဖွင့်ပြီး ရင် မိုဘိုင်းဖုန်းရှိရုံနဲ့ ငွေသွင်း၊ ငွေထုတ်ခြင်း၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဖုန်းဖြင့် ငွေလွှဲနိုင်ခြင်း၊ လစာကို ဖုန်းထဲမှာပဲ အလွယ်တကူသိမ်းထားနိုင်ခြင်း၊ ဖုန်းဖြင့် ဈေးဝယ်င်ခြင်း၊ ဖုန်းငွေဖြည့်ကတ် ဝယ်စရာမလိုဘဲ မိမိအကောင့်ဖြင့် ဖုန်းဘေကို တိုက်ရိုက်ဖြည့်နိုင်ခြင်း၊ တခြားလူတစ်ဦး ဖုန်းဘေကိုလည်း ဖြည့်ပေးနိုင်ခြင်း ဒါကိုစလုပ်နိုင်တော့မှာပါ။ အသုံးပြုနိုင်တဲ့ စနစ်က နည်းလမ်းသုံးခု ရှိပါတယ်။ SMS(စာတို) စနစ်ရယ် USSD တွေနဲ့ပါ Application စတင်အသုံးပြုသူတွေ ခက်ခဲမှုမရှိအောင် ကိုယ်စားလှယ်တွေက ကူညီဆောင်ရွက်ပေးပါလိမ့် မယ်။ ကျွန်တော်တို့ ပြောချင်တာက အင်္ဂလိပ်အက္ခရာ 1,2,3,4 စတဲ့ ဂဏန်းတွေ အသုံးပြုတတ်ရုံနဲ့ Myanmar Mobile Money ရဲ့ ဝန်ဆောင်မှုတွေကို ရိုးရှင်းလွယ်ကူစွာ သုံးနိုင်မှာပါ။

အသုံးပြုတဲ့ သူတွေထည့်သွင်းထားတဲ့ ငွေကြေးတွေ ကို လုံခြုံမှုဘက်မှာရော ချွတ်ယွင်းအားနည်းချက် ရှိနိုင်ပါလား။

စိတ်ချလုံခြုံမှု အပြည့်ရှိမယ်လို့ အရင်အာမခံပြီး ပြောလိုပါတယ်။ ကမ္ဘာပေါ်မှာ ဒီမိုဘိုင်းငွေကြေး ဝန်ဆောင်မှုစနစ်ကို ကျွန်တော်တို့ နိုင်ငံထက်စောပြီး အောင်မြင်တွင်ကျယ်စွာ အသုံးပြုနေတဲ့ နိုင်ငံတွေရဲ့ ခေတ်မီတိကျသေချာတဲ့ နည်းစနစ်တွေကို အသုံးပြုထားလို့ အာမခံနိုင်တာပါ။ အသုံးပြုသူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက် Pin နံပါတ်ဆိုတာကို ရရှိမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်လျှို့ဝှက်နံပါတ်ကို တခြားသူ တစ်ယောက်မသိအောင် ထိန်းသိမ်းထားခြင်းဖြင့် စိတ်ချလုံခြုံမှု ရာနှုန်းပြည့် ရှိတယ်ဆိုတာကို ထပ်ပြီး အာမခံနိုင်ပါတယ်။ ချွတ်ယွင်းအားနည်းချက် မရှိအောင် အမေရိကန်၊ ပြင်သစ်တို့ထံက စက်ပစ္စည်း နဲ့အဆင့်မြင့်နည်းပညာသုံး ဆော့ဖ်ဝဲတွေနဲ့ အသုံးပြု ထားတဲ့အတွက် ပိုပြီး စိတ်ချလုံခြုံမှု ရှိပါတယ်။ ဒါကဖုန်းထဲမှာရှိတဲ့ ပိုက်ဆံကို မိမိကိုယ်တိုင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ရယူလို့မရနိုင်အောင် Myanmar Mobile Money အကောင့်ဖွင့်ထားသူရဲ့ ငွေကြေးဟာ ဘဏ်ရဲ့လုပ်ထုံးလုပ်နည်းနဲ့အညီ နေ့စဉ် စစ်ဆေးမှတ်တမ်းပြုနေပြီး ကိုယ့်ရဲ့ ဖုန်းမှာလည်း လက်ကျန်ငွေကို အချိန်မရွေး စစ်နိုင်တာကြောင့် လုံခြုံမှုရှိတယ်ဆိုတာကို အာမခံပေးထားတာဖြစ်ပါတယ်။ သုံးစွဲအပ်နှံသူရဲ့ ငွေကြေးက နိုင်ငံတော် ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့အညီ အင်းဝ ဘဏ်ထဲရှိ မိုဘိုင်းငွေစာရင်းအကောင့်ထဲမှာ  ရောက်နေပါတယ်။ ဒီအတွက် စိတ်ချလုံခြုံမှုက ၁ဝဝ ရာခိုင်နှုန်းပါပဲ။

ပုဂ္ဂလိကဘဏ်တွေမှာရော၊ သုံးစွဲသူတွေ အသုံးပြုလို့ ရအောင် ချိတ်ဆက်ထားသေးလား။

ခုလက်ရှိမှာတော့ အင်းဝဘဏ်နဲ့ ချိတ်ပြီးပါပြီ။ နောက်ပိုင်းတခြား ပုဂ္ဂလိကဘဏ်တွေနဲ့ပါ ထပ်ပြီးချိတ်သွားမှာပါ။ မြို့နယ်တိုင်းမှာ ဝန်ဆောင်မှု သုံးစွဲသူများဟာ ကိုယ်စားလှယ်တွေဆီကို လည်းကောင်း ပုဂ္ဂလိကဘဏ်တွေဆီလည်းကောင်း နီးစပ်ရာ သွားနိုင်အောင်လို့ပါ။ သုံးစွဲသူတွေမှာ ရွေးချယ်စရာ အများကြီး ရှိအောင် ဖန်တီးပေးထားတဲ့ သဘောပါ။

 မင်းသုအောင်

မြန်မာမိုဘိုင်းငွေကြေးဝန်ဆောင် မှုသည် တရားမဝင် ငွေကြေးခဝါချမှု၊ လိမ်လည်မှုများ မဖြစ်ပေါ်စေရေး၊ စည်းမျဉ်းဥပဒေတွေနဲ့ ညီအောင် စစ်ဆေးမှုခံယူပြီး ဗဟိုဘဏ်က ပထမဦးဆုံး ခွင့်ပြုပေးထားတဲ့အတွက် ဒါကိုယုံကြည်စိတ်ချရသော စနစ်တစ်ခု ဖြစ်တယ်ဆိုတာကို ထပ်ပြောချင်ပါသေးတယ်။

Go to top