auc

မြစ်ဆိုတာ နိုင်ငံတစ်ခုရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ မြစ်ရဲ့အနည်ပို့ချရာမှာ ကျန်ရစ်ခဲ့တဲ့ မြေနုကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်နိုင်သလို တံငါသည်တွေရဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်စရာနေရာလည်းဖြစ်ပါတယ်။ အဲဒီမြစ်ကို အသုံးပြုပြီး ရေကြောင်းခရီးနဲ့ ကုန်စည်စီးဆင်းမှုခရီးသွားလာမှုတွေ လုပ်ကြရတာပါ။ ဒါကြောင့် မြစ်ဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့

မိတ်ဆွေဆိုရင်လည်း မမှားပါဘူး။

ဒါပေမဲ့ မိတ်ဆွေဆိုတာဟာ တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့ကိုဒုက္ခပြန်ပေးတတ်တဲ့ ရန်သူလည်း ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ အတွက် အသုံးဝင် မှုတွေနဲ့ ခင်မင်ရင်းနှီးနေတဲ့ မြစ်ဟာ မိုးရာသီမှာ ရေကြီးရေလျှံခြင်းတွေဖြစ်ပေါ်ပြီး ကျွန်တော်တို့ရဲ့ နှလုံးသားကိုဒဏ်ရာတွေပေးတတ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ကျွန်တော်တို့တစ်နိုင်ငံလုံး အနှံ့ ထူးကဲစွာ ရေကြီးရေလျှံခြင်းတွေဖြစ်ပေါ်ပြီး ရေဘေးဒုက္ခတွေကို အကြီးအကျယ်ခံစားခဲ့ကြရပါ တယ်။ အခုကျွန်တော်ပြောပြမယ့် ချင်းတွင်းမြစ်ဆိုရင် နှစ်ကြိမ်တိုင်တိုင် ရေကြီးရေလျှံခြင်းတွေဖြစ်ပေါ်ပြီး မြစ်ဝှမ်းဒေသပေါ်က မြို့ရွာတွေကို ပူလောင်သောက ရောက်စေခဲ့တာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မုန်တိုင်းတွေ ပြီးဆုံးသွားတဲ့ တစ်နေ့မှာတော့ လေပြေတွေလာကြဦးမှာ ဖြစ်ပါတယ်။ အဲဒီအခါ မြစ်ဟာ ကျွန်တော်တို့အတွက် ခင်မင်ဖို့ ကောင်းတဲ့ မိတ်ဆွေတစ်ယောက်အဖြစ် ပြန်လည် တည်ရှိနေဦးမှာပါပဲ။ အခုတော့ ကျွန်တော်က ရေကြီးမှုတွေနဲ့ ကျွန်တော်တို့ရဲ့သောကတွေကို ပိုပြီးလောင်ကျွမ်း တောက်ပစေခဲ့ဖူးတဲ့ မြစ်တစ်ခုဖြစ်တဲ့ ချင်းတွင်းမြစ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို စာဖတ်ပရိသတ်တွေ ဗဟုသုတရစေဖို့အတွက် ရှာဖွေတင်ပြပေး လိုက်ပါတယ်။ ချင်းတွင်းမြစ်ဟာ မြန်မာပြည်ရဲ့ ဒုတိယအရှည်လျားဆုံးမြစ်ဖြစ်ပြီး ကီလိုမီတာ ၆ဝဝ ခန့်ရှည်လျား ကာ မြောက်မှတောင်သို့ စီးဆင်းနေတဲ့ မြစ်တစ်ခုဖြစ်ပါ တယ်။ မြန်မာပြည်ရဲ့ မြောက်ပိုင်းတစ်နေရာမှာ တနိုင်းခဆိုတဲ့အမည်နဲ့ ကီလိုမီတာ ၂ဝ လောက် အထိစီးဆင်းပြီး ခန္တီးမြို့ရဲ့ မြောက်ဖက်အနီးမှာတော့ ချင်းတွင်းမြစ်ရယ်လို့ ဖြစ်လာခဲ့တာပါ။

ch

ချင်းတွင်းမြစ်မှာ သူ့ထဲကိုစီးဝင်တဲ့ မြစ်လက် တက်ပေါင်း မြောက်မြားစွာရှိသလို သူကိုယ်တိုင်ကလည်း ရေစကြိုမြို့အနီးမှာ ရာဇဝင်များရဲ့ သတို့သမီး ဖြစ်သူ ဧရာဝတီမြစ်နဲ့ ပေါင်းဆုံပါတယ်။ အဲဒီမြစ်ဆုံ နေရာဟာ ပုဂံမြို့ကနေဆိုရင် ကီလိုမီတာ ၅ဝ လောက်ကွာဝေးပါတယ်။ ဒီနေရာမှာ ချင်းတွင်းမြစ်ဝှမ်းဒေသပေါ်က ပထမဆုံးမြို့တစ်မြို့ ဖြစ်တဲ့ ခန္တီးမြို့အကြောင်းကို အနည်း ငယ်ထည့်သွင်းပြောပြချင်ပါတယ်။ ခန္တီးမြို့ဟာ လှပ ခံ့ညားတဲ့ သဘာဝအလှအပတွေနဲ့အတူ ကျောက်စိမ်း ထွက်ခြင်းကြောင့်လည်း ကျော်ကြားပါတယ်။ ခန္တီးမြို့ ဟာ ချင်းတွင်းမြစ်ဝှမ်းဒေသရဲ့ ပထမဆုံးမြို့ ဖြစ်သလို စစ်ကိုင်းတိုင်းဒေသကြီးလည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါတယ်။


မန္တလေးမြို့ကနေ ရေတွက်မယ်ဆိုရင်တော့ ခန္တီးမြို့ဟာ မန္တလေးရဲ့မြောက်ဖက် ၄၄ဝ ကီလိုမီတာ အကွာအဝေးမှာ တည်ရှိပါတယ်။ ခန္တီးဆိုတာ ရှမ်းဘာ သာစကားဖြစ်ပြီး မြန်မာလို ရွှေမြေလို့ အဓိပ္ပာယ်ရပါ တယ်။ မြန်မာပြည်ရဲ့ အနောက်မြောက်တောင်တန်း တွေကြားမှာတည်ရှိတဲ့ ခန္တီးမြို့ဟာ အိန္ဒိယနဲ့ ကြီးမား ကျယ်ပြန့်တဲ့ အရောင်းအဝယ်ဈေးကွက်ကို ပိုင်ဆိုင် ထားတဲ့ အဖိုးအနဂ္ဃထိုက်တန်တဲ့ မြို့လေးတစ်မြို့ လည်းဖြစ်ပါတယ်။ ခန္တီးမြို့ကို မန္တလေးကနေ လေယာဉ်ပျံနဲ့ သွား ရောက်နိုင်သလို မုံရွာကနေ အထူးအမြန်ရေယာဉ်စီး လို့လည်း ရေကြောင်းခရီးနဲ့ သွားနိုင်ပါတယ်။ နှစ်စဉ် ဇန်နဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ နာဂအမျိုးသား ပွဲတော်ကို လေရှီး၊ လဟယ်နဲ့ ထမံသီမြို့တွေမှာလို ခန္တီးမှာလည်း ကျင်းပလေ့ရှိပါတယ်။ ခန္တီးမြို့မှာ လူဦး ရေနှစ်သိန်းလောက်ရှိပြီး ရှမ်း၊ ဗမာ၊ ချင်း၊ ကချင်၊ အိန္ဒိယလူမျိုးတွေနဲ့ တရုတ်ကုန်သည်တွေ နေထိုင် ကြပါတယ်။

မြန်မာပြည်မှာ လူနည်းစုတိုင်းရင်းသားတွေ ဖြစ်တဲ့ နာဂလူမျိုးတွေနေထိုင်တဲ့ လဟယ်မြို့ကတော့ ခန္တီး မြို့ရဲ့ မြောက်ဖက် ၃၂ ကီလိုမီတာ အကွာမှာတည်ရှိပြီး ခန္တီး ကနေ ကားနဲ့သွားလို့ရပါတယ်။ နောက်ထပ် နာဂ လူမျိုးတွေနေထိုင်တဲ့ မြို့တစ်မြို့ ဖြစ်တဲ့ လေရှီးမြို့က တော့ ခန္တီးမြို့ရဲ့ အနောက်တောင်ဖက် ၁၄၄ ကီလိုမီတာ အကွာမှာတည်ရှိပြီး အရင်ကတော့ ရေကြောင်းခရီး ကိုသာ အားကိုးခဲ့ရပေမဲ့ အခုတော့ ခန္တီးကနေ ကားနဲ့ သွားနိုင်ပြီဖြစ်ပါတယ်။ ခန္တီးမြို့ရဲ့ အောက်မှာရှိတဲ့ ချင်းတွင်းမြစ်ဝှမ်း ဒေသပေါ်က မြို့တွေကတော့ ကောင်းဟိန်း၊ ထမံသီ၊ မောင်းကန်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာနဲ့ ရေစကြိုမြို့တို့ဖြစ်ပါတယ်။ နှစ်စဉ်ဖေဖော်ဝါရီနဲ့ မတ်လတွေကတော့ ချင်း တွင်းမြစ်ရေအနည်းဆုံးကာလတွေပဲ ဖြစ်ပါတယ်။ အောက်တိုဘာလမှာတော့ အဲဒီပမာဏထက် ၁ဝ ကီလိုမီတာလောက်အထိ ပိုမြင့်တက်လာပြီး အချို့ ဒေသတွေကို ရေလွှမ်းစေတဲ့ အန္တရာယ်တွေ ပေးတတ် ပါတယ်။ ခန္တီး-မုံရွာရေလမ်းခရီးရဲ့ တစ်ဝက်ဖြစ်တဲ့ ခန္တီး-ကလေးဝရေကြောင်းလမ်းအပိုင်းမှာတော့ အကွေ့အကောက်တွေများပြီး သင်္ဘောမောင်းရတာ အခက်အခဲရှိတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့ကတော့ ချင်းတွင်းမြစ်ဝှမ်းဒေသရဲ့ ဒုတိယမြောက်မြို့ ဖြစ်ပြီး ရေကြောင်းကုန်သွယ်ရေး မှာ အချက်အချာကျတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ဒါ့ အပြင် မြို့အနီးဝန်းကျင်မှာ ကျောက်မီးသွေးမိုင်းတွေ လည်း တွေ့ရပါတယ်။ ဟုမ္မလင်းကနေ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်း လာခဲ့မယ်ဆိုရင် နောက်ထပ်တွေ့ရမယ့်မြို့က မော် လိုက်မြို့ပဲ ဖြစ်ပါတယ်။ ဒီနေရာဟာ အစိုးရသစ်ထုတ် လုပ်ရာနေရာတစ်ခုအဖြစ် တည်ရှိတာလည်း ဖြစ်ပါ တယ်။ အဲဒီကနေ တောင်ဖက်ကို စုန်ဆင်းလာခဲ့မယ် ဆိုရင်တော့ ကလေးဝမြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ ဒီနေရာဟာ ကလေးမြို့ကိုဖြတ်ပြီး အိန္ဒိယနယ်စပ်မြို့ ဖြစ်တဲ့ တမူးမြို့ကို သွားတဲ့လမ်းပေါ်က အချက်အချာ ကျတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

chind

ကလေးဝကနေ မုံရွာကိုသွားတဲ့ ရေကြောင်း ခရီးကတော့ စိတ်ကြည်နူးဖွယ်ရာတွေအပြည့်နဲ့ပါပဲ။ ဒီခရီးစဉ်ဟာ မြို့နှစ်မြို့ ကြားက ကုန်စည်နဲ့ ခရီးသည် ပေါင်းများစွာကို နေ့စဉ်ပို့ဆောင်ပေးနေတဲ့ ခရီးစဉ် တစ်ခုလည်းဖြစ်ပါတယ်။ ချင်းတွင်းမြစ်ကနေ မြန်မာ ပြည်တောင်ဖက်ပိုင်းကို ရေကြောင်းခရီးနဲ့သွားလာ လိုသူတွေအတွက်တော့ မုံရွာဟာ နောက်ဆုံးဆိပ် ကမ်းမြို့တစ်ခုလည်းဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဆိုတဲ့ နာမည်နဲ့ နောက်ဆုံးပတ် သက်ခွင့်ရတဲ့ မြို့ကတော့ ရေစကြိုမြို့ပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဧရာဝတီနဲ့ချင်းတွင်းမြစ်နှစ်ခု ကတော့ ရေကြောင်းခရီးသွားလာသူတွေအတွက် စိတ်ကြည်နူးဖွယ်ရာ အရသာတွေကို အမှန်တကယ် ပေးစွမ်းနိုင်တဲ့ အနေအထားမှာရှိပါတယ်။ အခုချိန်မှာတော့ ပုဂံကို ချင်းတွင်းမြစ်ကြောင်း ခရီးစဉ်နှစ်ခုနဲ့ ဧရာဝတီမြစ်ကြောင်း ခရီးစဉ်တစ်ခုတို့ နဲ့ သွားလို့ရနေပါပြီ။ အဲဒီခရီးစဉ်တွေကတော့ ခန္တီး - ကလေးဝ-မုံရွာ- ပုဂံခရီးစဉ်၊ ကလေး-ကလေးဝ- မုံရွာ-ပုဂံခရီးစဉ်နဲ့ ဗန်းမော် -မန္တလေး- ပုဂံခရီးစဉ် တွေပဲ ဖြစ်ပါတော့တယ်။

ရာသက်ပန်
(သစ္စာပန်းတို့ လန်းရာမြေ)

Go to top