j226

ကျွန်တော် ပြောပြချင်တဲ့ နေရာလေးကတော့ မြိတ်ကျွန်းစု အကြောင်းလေးပဲ ဖြစ်ပါတယ်။ မြိတ်ကျွန်းစုဟာ မြန်မာနိုင်ငံတောင်ဘက် တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာ တည်ရှိပြီး... Wikiphedia ရဲ့အဆိုအရ ကျွန်းပေါင်း ၈၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ Myeik Archipelago လို့ တစ်ချို့က ခေါ်ကြသလို... တစ်ချို့ကလည်း Mergui Archipelago လို့လဲ ခေါ်ကြပါတယ်...။ ဘာကွာလဲဆိုရင်တော့ ဘာမှမကွာပါ ပြည်ကို Prome, အင်းဝကို Ava… ရန်ကုန်ကို Rangoon ခေါ်သလိုပါပဲ။

အဲ့ဒီ့ ကျွန်းပေါင်း ၈၀၀ ကျော်မှာ လူနေထိုင်လို့ရစေဖို့အတွက် အရေးအကြီးဆုံးအချက်ဖြစ်တဲ့

ရေချိုရရှိနိုင်မယ့်ကျွန်းတွေဟာ အကန့်အသတ်တစ်ခုဖြင့်သာတည်ရှိပါတယ် (အတိအကျ ကျွန်တော် မသိပါ။ သိသူများ မျှဝေပေးကြပါ) နောက်တစ်ခုက ခရီးသွားလုပ်ငန်း လုပ်ဖို့လည်ပတ်စရာ ကျွန်းတစ်ခုဖြစ်ဖို့ဆိုရင် မဖြစ်မနေ လှပတဲ့ကမ်းခြေလေးတွေ ရှိဖို့လည်းလိုပါတယ် ။

36

ကျွန်းလို့ပြောလိုက်တာနဲ့ ကမ်းခြေတွေရှိတယ်လို့မယူဆစေခြင်ပါ... များစွာသောကျွန်းတွေဟာ ကျောက်သားအတိနဲ့ အလွန်မတ်စောက်တဲ့ ကျွန်းတွေဖြစ်ပါတယ်... ကျွန်းပေါ်မှာ ဘယ်လိုမှခြေချလို့မရအောင် ကျောက်ခွန် ကျောက်သားတွေ၊ ခရင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းသေးသေးလေးတွေဟာလည်း စောစောက ပြောခဲ့တဲ့ ကျွန်းပေါင်း ၈၀၀ ကျော်ထဲမှာ အကြုံးဝင်ပါတယ်။

အရေးအကြီးဆုံးဖြစ်တဲ့ ရေချိုရပြီ။ ကမ်းခြေလည်းရှိပြီဆိုရင်။ နောက်တစ်ချက်က ကမ်းခြေဟာ သာမန်ခရီးသွားတွေ အနားယူလို့ရတဲ့ ကမ်းခြေ ဟုတ်မဟုတ်ဆိုတာက နောက်တစ်ဆင့်အရေးကြီးလာပါတယ်... တစ်ချို့ကမ်းခြေတွေဟာ လှပပေမယ့်.... ကမ်းခြေကနေ ရေထဲကို ခြေလှမ်းအနဲငယ်သွားရုံနဲ့ မတ်စောက်တဲ့ စောက်ချောတွေရှိနေတတ်ပြီး အန္တာရာယ်များလှပါတယ်။

တစ်ချို့ကမ်းခြေတွေကြတော့လည်း ရေလည်းတိမ်တယ်၊ ကမ်းခြေလည်း ပြေတယ်၊ ဒါပေမယ့် ရေအောက်မှာ ကျောက်ဆောင်ကျောက်ခဲတွေနဲ့ ပြည့်နှက်နေပြီး ရေကျချိန်ဆို ခဲတောကြီးလိုဖြစ်နေတဲ့နေရာမျိုးတွေကလည်း ကမ်းခြေကောင်း တစ်ခုဖြစ်စေတဲ့ အချက်ကို သွေဖီစေပါတယ်။

21

ဆိုတော့ ခရီးသွားတွေလည်းပါတ်နိုင်တဲ့ ကျွန်းတစ်ခုဖြစ်ဖို့ဆိုရင် ရေချိုရ ရပါ့မယ်၊ ကမ်းခြေလှလှရှိရပါမယ်။ ကမ်းခြေကလည်း သာမန်ခရီးသွား ပြည်သူတွေ အပန်းဖြေနိုင်တဲ့အနေအထားမျိုးရှိရပါမယ် ။ ဒီအချက်တွေအားလုံးပြည့်စုံသွားပြီဆိုရင်တော့ ခရီးသွားလုပ်ငန်းတစ်ခုကို လုပ်ကိုင်နိုင်တဲ့ ကျွန်းတစ်ကျွန်းရဲ့အခြေခံအချက်တွေ ပြည့်စုံသလောက် ဖြစ်သွားပါပြီ ။

သွားလာမှုလွယ်ကူစေရေး (Transportation) နဲ့ ခေတ်လူသားတို့ရဲ့အသက်ဖြစ်တဲ့ဆက်သွယ်ရေး (Communication) Facebook, twitter , instragram, etc .. စတာတွေပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ သာယာသာယာ သွားရမယ့်နေရာ အရမ်းဝေးလွန်းတယ်ဆိုရင် စွန့်စွန့်စားစားသွားချင်တဲ့လူငယ်တွေ၊ လူလတ်တွေကလွဲလို့၊ မိသားစုနဲ့ အပန်းဖြေချင်တဲ့သူတွေ၊ ကလေးလေးတွေ ပါလာတဲ့သူတွေအဖို့ကတော့ ပင်လယ်ပြင် ခရီးစဉ်ဆိုတာ Risk များလှပါတယ်။အရမ်းဝေးလွန်းတာ မကောင်းသလို အရမ်းနီးလွန်းသွားပြန်ရင်လည်း မျှော်လင့်ထားသလို သဘာဝအလှတရားစစ်စစ်တွေကို မခံစားနိုင်မှာ စိုးရပါတယ်။

43

ကျွန်းတွေကို (လေယာဉ်တော့မဖြစ်နိုင်) ရဟတ်ယာဉ်နဲ့သွားလို့မရဘူးလားလို့ မေးစရာရှိပါတယ်။ လက်ရှိအခြေအနေမှာ မြိတ်ကျွန်းစုရဲ့ဝေဟင်ဟာ ကန့်သတ်ချက်တွေများစွာရှိနေပါတယ်။ ဒါပေမယ့် ဒါတွေဟာ တစ်နေ့ နိုင်ငံတော်ကြီး အလုံးစုံလုံခြုံစိတ်ချရတဲ့အခါကြရင်တော့ သေချာပေါက် ဖြစ်လာမယ့် Transportaion လမ်းကြောင်းတစ်ခုပါ။ အခုကတော့ မဖြစ်နိုင်သေးတဲ့အတွက် သီးခံစေချင်ပါတယ် ။ ဒါ့ကြောင့် Transportation နဲ့ Location ဟာလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားစရာတစ်ခုဖြစ်ပါလာပါတယ်။ တစ်ချို့ခရီးသွားတွေဟာ လောကကြီးနဲ့အဆက်အသွယ်ဖြတ် ၊လုံးဝ သဘာဝအရသာကို အပြည့်အဝခံစားပြီး အနားယူချင်ကြသလို၊ တစ်ချို့ကြတော့လည်း Internet လေး Phone လိုင်းလေး မိစေချင်ကြပါတယ်။

178

ထိုလူနှစ်မျိုးစလုံး တစ်ယောက်တစ်မျိုးမှန်ကြပါတယ် ။ ဒီတော့ သုံးချင်သုံး၊ မသုံးချင်နေ ၊ ရှိနေရင်တော့ အားလုံးအတွက် အဆင်ပြေစေနိုင်ပါတယ်။ သုံးချင်တဲ့သူက သုံးမယ်၊ မသုံးချင်တဲ့ သူကလည်း သူ့ဘာသာသူ သဘာဝအရသာတွေကိုခံစားမယ်။ ဒီလောက်ဆိုရင် ခရီးသွားလုပ်ငန်းလုပ်ကိုင်နိုင်မယ့် ကျွန်းတစ်ကျွန်းကို မျက်လုံးထဲပုံဖော်နိုင်ပြီထင်ပါတယ်...။


ဒါဆိုရင် ဒီအချက်တွေအားလုံးနဲ့ ပြည့်စုံတဲ့ကျွန်း မြိတ်ကျွန်းစုမှာ ရှိသလား..။ ရှိပါတယ် ။ ခရင်းခွကျွန်းလို့လူသိများတဲ့ နိုင်ငံတကာ ခရီးသွားတွေနဲ့ Diver တွေရဲ့ အလည်မှာ အနားယူဖို့ဖြစ်စေ၊ စူးစမ်းရှာဖွေဖို့ဖြစ်စေ အရမ်းကိုသင့်တော်တဲ့ Macleod ဆိုတဲ့ ကျွန်းကလေးဟာ ကျွန်တော်တို့ မြိတ်ကျွန်းစုမှာ အတိအကျတည်ရှိနေပါတယ် ။ ဒီတစ်ကျွန်းထဲရှိသလား၊ ဒီတစ်ကျွန်းထဲတော့ဘယ်ဟုတ်မလဲ၊ အခုဆိုရောင် ညောင်ဦးဖီးတို့၊ 115 တို့လို ကျွန်းတွေမှာလည်း လုပ်ငန်းရှင်တွေ အစပျိုးနေကြပါပြီ ။ ဒါပေမယ့် ခရင်းခွကျွန်း (Macleod) ကတော့ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နေခဲ့တာ ဆယ်စုနှစ် တစ်စုကျော်ခဲ့ပြီ ဖြစ်တဲ့အတွက် တော်တော်လေးကိုနေသားတကျနဲ့ စနစ်တကျဖြစ်နေတာကြောင့် အခြားနေရာတွေထက်စာရင် အသင့်တော်ဆုံး ကျွန်းလေးလို့ သတ်မှတ်ရခြင်းဖြစ်ပါတယ်....။

N00C0251

ဒါဆို ဒီကျွန်းကို ဘယ်လိုသွားရမလဲ...

ကော့သောင်းသို့ သင့်တော်ရာမြို့ကနေ လေယာဉ်နဲ့သွားပါ... Road Trip မှ သွားချင်သပဆိုရင်တော့ ကားနဲ့သွားပါ... ကျွန်တော်က လေယာဉ်နဲ့သွားဖို့ အားပေးပါတယ်.... ဘာလို့လဲဆိုတော့ Road Trip သွားလို့ လမ်းမှာကုန်သွားမယ့် ရက်တွေအစား လှပလွန်းလှတဲ့ ပင်လယ်ပြင်ထဲက ကျွန်းတွေအပေါ်မှာပဲ အချိန်ကုန်စေချင်ပါတယ် ။ ဒါ့ကြောင့် ကော့သောင်းကို လေယာဉ်နဲ့သွားပါ၊ ကော့သောင်းရောက်ရင် ခရင်းခွကျွန်းက တာဝန်ရှိသူတွေလာကြိုပါလိမ့်မယ်...။သင့်ရဲ့တာဝန်က ကော့သောင်းရောက်ဖို့သာအဓိကပါ။ ကော့သောင်းကစ ဟိုးဘက်ကျွန်းတွေအဆုံး ကော့သောင်း လေဆိပ်ပြန်ရောက်တဲ့အထိစားစရာ၊ နားစရာ၊ သွားစရာအားလုံးကို Myanmar Andaman Resort မှ တာဝန်ရှိသူ လူကြီးမင်းများက တာဝန်ယူပါလိမ့်မယ် ။ လေယာဉ်ဆိုက်တဲ့အချိန်ပေါ်မူတည်ပြီး ချက်ခြင်း ကျွန်းကိုသွားလို့ရရင် ကျွန်းကိုပို့ပေးပါလိမ့်မယ်။

ကျွန်းကိုသွားဖို့ မမှီလောက်တော့ဖူးဆိုရင် ကော့သောင်းမှာ တည်းခို၊ စားသောက်ဖို့ စီစဉ်ပေးခြင်း၊ ကော့သောင်းမြို့ရဲ့လှပတဲ့ ထူးခြားတဲ့ Landmark တွေကို လိုက်ပို့ပေးခြင်းတွေကို လုပ်ပေးပါလိမ့်မယ်။ ကော့သောင်းကနေ ကျွန်းကို သာမန်စက်လှေနဲ့ဆိုရင် ၆ နာရီကျော်သွားရပါတယ်.... Speed Boat နဲ့ဆိုရင် ၁ နာရီ သာသာပဲသွားရပါတယ်...။ ဘာနဲ့လာခေါ်မလဲဆိုတာကတော့ မိတ်ဆွေရဲ့ ခရီးစဉ်အပေါ်မှာမူတည်ပါတယ် ။ ကျွန်တော်တို့ ၂၀၁၄ သွားတုန်းက Renovation ကာလဖြစ်တဲ့အတွက် ကျွန်းပိတ်ထားပါတယ်။ သီးသန့် Request လုပ်ပြီးသွားတာဖြစ်တဲ့အတွက် လာကြိုစရာ Speed Boat မရှိပါ (Maintainance) လုပ်ထားလို့... ဒါ့ကြောင့် စက်လှေနဲ့သွားရပါတယ်၊ ၆ နာရီကျော်ကြာပါတယ်၊ လူတွေလည်း ခွေခေါက်ကုန်ပါတယ်။ ပြီးခဲ့တဲ့နှစ် ကျွန်တော်သွားတော့ သာမန်ခရီးသွား Season ဖြစ်တာကြောင့် Speed Boat နဲ့သွားခွင့်ရပါတယ်...။ ၁ နာရီသာသာပဲ ကြာပါတယ် ။ ဘီယာလေးသောက်၊ လေညှင်းလေးခံ၊ ရှုခင်းလေးကြည့် ရောက်မှန်းမသိ ရောက်သွားပါလိမ့်မယ်။

P1010028

ဆိုကြပါစို့ ကျွန်းပေါ်ရောက်သွားပြီ တဲထိုးနေရမှာလားမဟုတ်ပါ၊ (နေချင်လည်းနေပါ၊ ဈေးကတော့ အတူတူပါ) သပ်ရပ်သန့်ရှင်းသောအခန်းတွေ၊ လေအေးပေးစက် တပ်ဆင်ထားတဲ့အခန်းတွေက မိတ်ဆွေကို စောင့်ကြိုနေမှာပါ၊ သာမန် ဘန်ဂလိုလေးမှာ နေချင်လား၊ ပင်လယ်ကမ်းခြေကြီးကို မြင်ရတဲ့ Sea View အခန်းမှာ နေချင်သလား၊ မိတ်ဆွေကြိုက်တာရွေးပါ၊ အားလုံးမှာ ရေပူ၊ ရေအေး၊ အဲယားကွန်း၊ ရေခဲသေတ္တာနဲ့ ၂၄ နာရီ မီး Wifi ရပါတယ်။

ဘန်ဂလိုလေးတွေမှာ ကျွန်တော်အကြိုက်ဆုံးကတော့ ရေချိုးခန်းပါ၊ သစ်သားချောင်းလေးတွေ၊ ဝါးခြမ်းလေးတွေနဲ့ ကာထားပါတယ်။ရေချိုးနေတုန်းလေတိုက်ရင် အသဲယားဖို့ကောင်းပါတယ်။ ရေချိုးနေတုန်း ဘန်ဂလိုဘေးက တစ်ယောက်ယောက်ဖြတ်သွားရင် ငါ့များချောင်းသွားမလားဆိုတဲ့ ရင်တုန်ရတဲ့ ဖီလင်လေးက အရမ်းကိုချစ်ဖို့ကောင်းပါတယ်.။ မိန်းကလေးများ အဲ့ဒီ့ ဖီလင် ပိုခံစားရပါလိမ့်မည်။ စိတ်မပူပါနဲ့ ဘယ်သူမှ မချောင်းပါ၊ အများဆုံးချောင်း တောကြီးကန်းတွေသာ မိတ်ဆွေကို လာချောင်းပါလိမ့်မည်။ ဒါဆိုနေဖို့တည်းဖို့နေရာ ဘယ်လောက်အဆင်ပြေလည်း မိတ်ဆွေသိပါပြီ။

စားဖို့သောက်ဖို့...

စားဖို့ခဏထား၊ သောက်ဖို့အရင်ပြောမယ်။ အတွေ့အကြုံရှိပြီး အစပ်အဟပ် တကယ်ကောင်းတဲ့ ဘားဆရာရှိပါတယ်၊ နာမည်ကြီး လူကြိုက်များတဲ့ ယမကာ အားလုံးစုံစုံလင်လင်ရှိပါတယ်။ အရက်ဘီယာ လုံးဝမသောက်သော ကျွန်တော်တောင် အဲ့ဒီ့ဘားမှာ ထိုင်မိရင် ဘီယာလေးလောက်တော့ သောက်ချင်စိတ်အမြဲဖြစ်မိပါတယ် ။ ပင်လယ်လှိုင်းသံနဲ့ တိုးတိုးလေးဖွင့်ထားတဲ့ တီးလုံးလေးတွေကလည်း ထိထိမိမိ... လေကလေးကတဖြူးဖြူး... (ညနေ ၆ နာရီဝန်းကျင်လောက် ခြင်နဲနဲကိုက်တာတော့ သီးခံပေါ့... ၈ နာရီနောက်ပိုင်း မကိုက်တော့ပါဘူး) ညဘက်ကြရင် အဲ့ဒီ့ ဆရာဘားက မီးအကနဲ့လည်း ဖျော်ဖြေပါလိမ့်မယ် ။

သောက်ဖို့ပြီးတော့ စားဖို့….။

ကျွန်တော့်တစ်သက် ဘယ်တုန်းကမှ အစားကိုအရသာခံစားလေ့မရှိပါ၊ မြန်မြန်ကုန်၊ မြန်မြန်ဝ ဘယ်ရောက်ရောက် ထမင်းကြော်ရှိရင် ကျွန်တော် ပြီးပါတယ်။ ၊
အဲဒီလို ကျွန်တော် ဒီကျွန်းပေါ်က ဆရာချက်ကြီးရဲ့ လက်ရာကို စားပြီးချိန်မှာတော့ အရသာဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ဗါယ်ကို ကျွန်တော် ကောင်းကောင်းကြီးသဘောပေါက်သွားပါတယ် ။ မြန်မာ၊ တရုတ်၊ ယိုးဒယား၊ ယူယိုပီယံ ကြိုက်တာစမ်း၊ ကျွန်တော်အပိုမပြောပါ၊ သွားဖူး စားဖူးတဲ့သူတွေ ကောင်းကောင်းသိပါတယ် ။ နေစရာလည်း အိုကေ၊ စားစာရာလည်းစိုပြေ၊ သောက်စရာလည်းအဆင်ပြေ ၊ Wifi လေးကလည်း ယိုးဒယားကဆွဲထားတဲ့လိုင်းမို့ Speed လေးကကောင်း၊ ဘာလိုသေးလဲအချစ်ရယ်..၊ James Bond တောင် ကိုယ်တွေလောက်အထှာမကျနိုင်တော့ပါ ။ စားပြီး၊ သောက်ပြီး၊ ကမ်းခြေလှလှမှာ လမင်းကြီးနဲ့ ကြယ်စဉ်တွေရဲ့ အလင်းရောင်နဲ့အလှတရားကို ခံစားရင်း လမ်းရှောက်ချင်သလား၊ ရှေးဟောင်းနှောင်းဖြစ်တွေကို ဆွေးဆွေးမြေ့မြေ့ ပြန်ပြောင်းသတိရချင်သလား... မီးပုံပွဲလေးလုပ် ဂစ်တာလေးတီး ပျော်ပါး ကခုန်ချင်သလား၊ Ready ပါ။ ရောက်ရောက်ခြင်းည ဒီလိုဇရက်မင်းစည်းစိမ်ကို ခံစားပြီးသွားတာနဲ့ နောက်နေ့အတွက် Plan စဆွဲပါတော့ မိတ်ဆွေ။

PC230062

ဘာလုပ်ချင်လဲ ။

တောင်တက်ချင်သလား၊ ရေကူးချင်သလား၊ ရေတိမ်တိမ်မှာ အရောင်အသွေးအစုံနဲ့ ငါးလေးတွေ၊ Coral လေးတွေကို Snorkleing လုပ်ရင်း ခံစားချင်သလား၊ ပင်လယ်ပြင်ကြီးထဲမှာ ကယက်လှေလှော်ချင်သလား ။ ဒါမှမဟုတ် ကမ္ဘာသစ်တစ်ခုဖြစ်တဲ့ ရေအောက်ကမ္ဘာကို Scuba Diving လုပ်ခြင်သလား...။ ကြိုက်တာရွေးပါပဲ...။ ကျန်တာတွေကို ကျွန်တော် အသေးစိတ်မပြောတော့ပါဘူး...။ Scuba Diving အကြောင်းလေးပဲ ကျွန်တော်အဓိကပြောချင်ပါတယ်။ခရင်းခွကျွန်းတစ်ခုထဲမှာတင် Dive Site ပေါင်း ၃၀ နီးပါးရှိပါတယ်... တစ်ခြားနေရာတွေ အပင်ပန်းခံသွားနေစရာတောင် သိပ်မလိုပါဘူး (သီးသန့် ရည်ရွယ်ချက်ရှိရင်တော့ သွားသင့်တာပေါ့)။ Beginner Diver သမားတွေမှအစ Pro Diver သမားတွေအတွက်အထိ အတိမ်အနက်၊ အလွယ်အခက် နေရာအစုံရှိပါတယ် ။ ရေမငုပ်ဖူးဘူးလား၊ ဒါမှမဟုတ် ရေမငုပ်တတ်ဖူးလား။ မစိုးရိမ်ပါနဲ့ Diver လုပ်သက် နှစ်ပေါင်း ၄၀ ကျော်လောက်ရှိတဲ့ Master Dive Instrcutor တွေ Dive Master တွေက သင့်ကို မိနစ်ပိုင်းအတွင်း လှပတဲ့ကမ္ဘာသစ်တစ်ခုကိုသွားလည်ဖို့လမ်းဖွင့်ပေးပါလိမ့်မယ်။

ဒါပေမယ့် Ear Compensation မလုပ်နိုင်သူ၊ နှလုံးရောဂါရှိသူ၊ Asthma ရှိသူ ၊ ထိပ်ခပ်နာကဲ့သို့သော ရောဂါရှိသူ၊ Panic ဖြစ်တတ်သူတွေအတွက်အသက်အန္တာရယ်ရှိလို့ Scuba Diving မလုပ်ရပါဘူး ။ ဒါတွေအားလုံးအိုကေတယ်ဆိုရင်တော့ ရေတိမ်တိမ်လေးမှာ ငါးလေးတွေကို Scuba Diving လုပ်ရင်း ကြည့်ချင်သလား၊ ဒါမှမဟုတ် Meter 20 နဲ့30 ကြားက ရေအောက် လှိုင်ဂူကြီးကို ဟိုဘက် ဒီဘက်ထုတ်ချင်းဖောက်သွားချင်သလား ရပါတယ် ။

လူသူ အထိုက်အလျောက် အရောက်အပေါက်နဲသေးတဲ့ နေရာတွေ ဖြစ်တာကြောင့် ရေအောက်သဘာဝမျိုးစိတ်တွေ တော်တော်များများကို စုံစုံလင်လင် တစ်နေရာထဲမှာ တွေ့နိုင်ပါတယ် ။ (စကားမစပ် ကျွန်းမှာ အောက်ချင်းလား၊ အောင်လောင်လား အဲ့ဒီ့မျိုးစိတ်ငှက်တွေလည်း ရှိပါတယ်။ ရေမငုပ်ချင်ဘူး၊ငှက်ပဲရိုက်ချင်တယ်ဆိုတဲ့သူတွေအတွက်ပြောပါတယ်။ သိန်းငှက်တွေလည်း ကျွန်တော်တွေ့ခဲ့ရသလောက် ၃ မျိုး ၄ မျိုး ရှိပါတယ်။)

တောင်တွေတက်၊ လှေတွေလှော်၊ ရေတွေကူး၊ Dive တွေလုပ်ပြီးလို့ ကိုယ်တွေလက်တွေနာပြီး ပင်ပန်းသွားပြီလား၊ အီစီကလီမဟုတ် အမှန်အကန်ဖြုတ်တဲ့ Pro လက်သည်တွေနဲ့ Spa ကလည်း မိတ်ဆွေရဲ့ ဝေဒနာတွေကို ဖြေလျော့ပေးဖို့ကျွန်းပေါ်မှာ အဆင်သင့်ရှိနေပါတယ် ။ အားလုံးကို စုံအောင်လုပ်ချင်တယ်ဆိုရင် အနည်းဆုံး ကျွန်းပေါ်မှာ ၄ ညအိပ် ၅ ရက်လောက် နေသင့်တယ်လို့အကြံပြုချင်ပါတယ်။ သာမန်သူတွေ ၃ ညအိပ် ၄ ရက်ဆိုအဆင်ပြေပေမယ့် Scuba Diving လုပ်မယ့်သူတွေအတွက်အနဲဆုံး ၄ ညအိပ် ၅ ရက်တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ ရေငုပ်ထားရင် နောက်နေ့တောင်တက်ခွင့်မပေးလို့ပါ၊ အနဲဆုံး ၂၄ နာရီခွာရပါမယ်။ ဒီကျွန်းလေးမှာ ဒါတွေလုပ်ပြီးရင် ပြီးပြီလား၊ ဘယ်ဟုတ်မလဲ ထပ်ပို့ပေးပါသေးတယ်။ ဒါပေမယ့် Additional Charges တော့ ယူမယ်ထင်ပါတယ်။ သိပ်နာမည်ကျော်နေတဲ့ ကြက်မောက်ကျွန်းသွားချင်လား၊ ရတယ်။ Speed Boat နဲ့၁ နာရီပဲ ။ သွားရင်းလာရင်းလမ်းမှာ Sea Gipsy လို့ လူသိများတဲ့ မော်ကင် ခေါ် ဆလုံ လူမျိုးတွေရဲ့ ရွာတွေ၊ ငါးဖမ်းနေပုံတွေ၊ ခရီးသွားနေပုံတွေ၊ လှေပေါ်မှာပဲပစ္စည်းပေး ပစ္စည်းယူဘာတာစနစ်နဲ့ ကုန်သွယ်မှု လုပ်နေပုံတွေကိုတွေ့နိုင်ပါသေးတယ် ။ ဒါမှမဟုတ်၊ ငါးမန်းသိုက် (မကြောက်ပါနဲ့ လူကိုအန္တာရယ်ပြုတဲ့ ငါးမန်းမဟုတ်ပါ) ရှိတယ်ဆိုတဲ့ Pink Canyon ဘက်ကို သွားချင်လား၊ ပို့ပေးပါသေးတယ် ။

ဒီနေရာမှာစကားမစပ် ငါးမန်းအကြောင်း အနဲငယ်ပြောလိုပါတယ်၊ ကမ္ဘာပေါ်မှာ ငါးမန်းမျိုးစိတ်များစွာရှိပါတယ်။ လူတွေက ငါးမန်းလို့ပြောလိုက်တာနဲ့ Jaw တို့ Deep Blue Sea တို့ကို တန်းမြင်ကြလို့ပါ။ ရာနဲ့ချီတဲ့ ငါးမန်းမျိုးစိတ်တွေထဲမှာမှ လူကိုအန္တာရာယ်ပြုနိုင်တဲ့ ငါးမန်းမျိုးစိတ်တွေက White Shark, Bull Shark, Tiger Shark အစရှိတဲ့ ၅ မျိုး ၆ မျိုးထက် မပိုတဲ့ ငါးမန်းတွေပဲ ဖြစ်ပါတယ်။

ဒါတောင် သီအိုရီတွေအရ ငါးမန်းက သူ့ထက် အနဲဆုံး ၃ ဆ ငယ်တဲ့ သားကောင်ကိုသာတိုက်ခိုက်ပါတယ်။ သူနဲ့ ရွယ်တူနီးပါး၊ ထက်ဝက်လောက်ပဲ ကွာတဲ့ သားကောင်မျိုးဆို ရှောင်ရှားသွားလေ့ရှိပါတယ်။ နောက်တစ်ခုကတော့ အားလုံးသိကြတဲ့သွေးပေါ့၊ ရေအောက် Scuba Diver သမားတွေအတွက်ကတော့ အန္တာရယ်တစ်ခုပိုပါတယ်။ ရေဗူစီပေါင်း Bubble တွေပါ။ ငါးမန်းက Bubble တွေကို သိပ်မကြိုက်ပါဘူး။ အစာလို့ထင်တာလည်း ပါပါတယ်။ ဒါပေမယ့် မကြောက်ပါနဲ့၊ ကျွန်တော် အဲ့ဒီ့ကျွန်းကို ရောက်တာ ၃ နှစ်ဆက်တိုက်ရှိပါပြီ။ ရိုက်ချင်လွန်းလို့ လိုက်ရှာတာတောင် တစ်ကောင်မှ မတွေ့ခဲ့ရပါဘူး ။

58

ကျွန်းအကြောင်း ပြန်ဆက်ရအောင်...

ဒီကျွန်းလေးရဲ့ ခရီးစဉ်မှာ မိတ်ဆွေရဲ့ကုသိုလ်ကံအပေါ်မူတည်ပြီးအုပ်စုလိုက် ပျော်ပေါးတတ်တဲ့ လင်းပိုင်မိသားစုလေးတွေကိုလည်း တွေ့ခွင့်ရနိုင်ပါတယ် ။ Snorkeling လုပ်ရင်း ဒါမှမဟုတ် Scuba Diving လုပ်ရင်း Manta Ray လို အကောင်ကြီးတွေကအစ Sea Horse လို ပိစိလေးတွေအဆုံး မြင်တွေ့ခွင့်တွေဟာ မိတ်ဆွေရဲ့ လက်တစ်ကမ်းမှာ ရှိနေပါတယ် ။ ဒါတွေအားလုံးဟာ မိတ်ဆွေရဲ့ဘဝအတွက် ဘယ်လိုမှ မေ့ဖျောက်လို့မရနိုင်မယ့် အမှတ်တရနေ့စွဲတွေပဲ ဖြစ်နေပါလိမ့်မယ် ။ ချစ်သူနဲ့ Honey Moon သွားချင်သလား၊ မိသားစုနဲ့ လောက အမောတွေဖြေချင်သလား၊ သူငယ်ချင်းတွေနဲ့ စွန့်စွန့်စားစား ဖြတ်သန်းချင်သလား၊ မိတ်ဆွေကြိုက်တာရွေးလိုက်ပါ။ ဒီကျွန်းလေးက မိတ်ဆွေရဲ့ ဆန္ဒတွေကို အပြည့်အဝဖြည့်ဆည်းပေးဖို့ စောင့်ဆိုင်းနေပါတယ် ။

ကဲ အားလုံးပြီးလို့အိမ်ပြန်ကြမယ်ဆိုပါစို့။ ကော့သောင်းမှာ တညလောက် အိပ်ဖို့ အကြံပြုပါရစေ။ ကော့သောင်းမှာ တညအိပ်၊ ညနေဘက်လောက်ကြရင် ကော့သောင်းကနေ ၁၀ မိနစ်လောက် လှေစီးတာနဲ့ရောက်မယ့် သူဌေးကျွန်းကိုသွား ကစားတတ်တဲ့သူတွေဆို ကစား ၊ စားတတ်တဲ့သူတွေဆို စားကြပေါ့။ ရနောင်းတို့ ဘာတို့ဘက်လည်းသွားလည်လို့ရပါတယ်။

အလာတုန်းက အချိန်မရလို့ကော့သောင်း မလည်ခဲ့ရဘူးဆိုရင် မပြန်ခင် တစ်ရက်လောက်ကော့သောင်းမှာနား၊ ငါးသုံးလုံးတောင်ပေါ်တက်ပြီး ကော့သောင်းမြို့အလှနဲ့ဆည်းဆာကြည့်တာတို့၊ ရေပူစမ်းတို့အခုနာမည်ကြီးနေတဲ့ VC တို့ဘာတို့၊ မလိဝန် ရေတံခွန်တို့ဘာတို့သွားပေါ့... (ကျွန်တော်တို့သွားတုန်းက Victorial Cliff က ဖောင်ဒေးရှင်းတူးတုန်းလောက် ရှိပါသေးတယ်)။ ဒီိလိုမျိုးကော့သောင်းမှာ တစ်ရက်နားဖို့အကြံပြုရခြင်းက ကျွန်တော့်မှာ နောက်ထပ် ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ ဒါကတော့ Diver တွေအတွက်ပါ။ Dive လုပ်ပြီး ၂၄ နာရီအတွင်း လုံးဝလေယာဉ်စီးခွင့်မရှိပါဘူး။ဒါ့ကြောင့် အနည်းဆုံး တစ်ရက်မဟုတ်တောင် နောက်ဆုံး Dive လုပ်ခဲ့တဲ့ အချိန်နဲ့လေယာဉ်စီးမယ့်အချိန် ၂၄ နာရီ ပြည့်အောင်တွက်ချက်ဖို့တော့ လိုပါတယ်....။လေယာဉ်ကွင်းအထိ Myanmar Andaman Resort က တာဝန်ရှိသူတွေက လိုက်ပါပို့ဆောင် နှုတ်ဆက်ကြပါလိမ့်မယ်။ သင့်အလုပ်ကတော့ လေယာဉ်ကြီးပေါ်တက်၊ ကော့သောင်းမြို့ကြီးနဲ့ မြိတ်ကျွန်းစုလေးတွေကို လက်ပြနှုတ်ဆက် ။ နောက်ပြီးတော့.. နောက်နှစ်ထပ်လာဖို့အတွက် ပိုက်ဆံစုပေါ့ဗျာ။ကော့သောင်းမြို့ကြီးနဲ့ မြိတ်ကျွန်းစုတွေကတော့ လေယာဉ်ပေါ်က သင့်ကို နောက်နှစ်လည်းလာလည်လှည့်ပါဦးဆိုပြီး ဝမ်းနည်းစွာနှုတ်ဆက်ရင်း လက်ပြကျန်နေရစ်ခဲ့တာကို ခင်ဗျားတိမ်တွေကြားထဲကနေ မြင်ရပါလိမ့်မယ်။

Black Dream

Go to top