junet1

 

အပြန်လမ်းတစ်လျှောက်မှာ လူကအတော်လေးပင်ပန်းနေပြီ။ ဟိုတယ်ပြန်ရောက်တော့ ည ၇ နာရီ အတော်မှောင်နေပြီ။ ဘာစာမှလည်း မရေးနိုင်၊ မရေးချင်။ ပြီးတော့ ဘာမှလည်း မတွေးချင်တော့ဘူး။ တောင်တန်းတွေ၊ တိမ်လိပ်တွေ၊ ညစာတွေ၊ ကော်ဖီတွေ၊ မတွေ့ခဲ့ရတဲ့ နှင်းဆီနီတွေအားလုံးကို အာရုံထဲက ဖျောက်၊ သူ့ကိုပါ မေ့ဖျောက်ပြီးအခန်းထဲပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်လိုက်တယ်။ ဖုန်းမြည်သံခပ်တိုးတိုးကြောင့် အိပ်ရာက နိုးလာတယ်။ ဖုန်းမျက်နှာပြင်မှာ ပေါ်လာတဲ့ ကော်ဖီတစ်ခွက်နဲ့ နှင်းဆီပန်းနီနီတွေကို တွေ့လိုက်ရတော့မှ

ကျွန်မ အခု ဘယ်ကိုရောက်နေတယ်ဆိုတာ ပြန်ပြီ သတိဝင်လာတယ်။နာရီကို ကြည့်လိုက်တော့ ကိုးနာရီခွဲနေပြီ။ တစ်ယောက်ထဲ အောက်ဆင်းပြီး ညစာ စားမနေချင်တော့တာမို့ ဘာလုပ်ရရင်ကောင်းမလဲစဉ်းစားရင်း ဟိုဟိုဒီဒီ မျက်စိကစားလိုက်တော့ နေ့လယ်က လမ်းဘေးသစ်သီးဆိုင်လေးက ဝယ်လာတဲ့ စတော်ဘယ်ရီသီးသုံးဘူးကို သွားတွေ့တယ်။ အဲဒါလေးတွေကို ရေဆေးစားပြီး အခန်းထဲမှာ အဆင်သင့်ရှိနေတဲ့ ကော်ဖီတစ်ခွက်နဲ့ဆို အဆင်ပြေပြီ။

တော်တော်နဲ့ ပြန်အိပ်လို့မရတော့မဲ့ အတူတူ ကော်ဖီသောက်ရင်း နေ့လယ်က အကြမ်းရေးမှတ်လာခဲ့တဲ့ ခရီးသွားမှတ်တမ်းကို ပြန်ဖတ်ကြည့်နေမိတယ်။ ကျွန်မ ဘာလီကိုရောက်တာ နှစ်ရက်ရှိပြီ။ ဟိုး မိုးကုတ်စက်ဝိုင်းအစွန်းအထိ မျက်စိတဆုံးမြင်ရမဲ့ ရေပြင်ပြာပြာတွေနဲ့ လှိုင်းဖွေးဖွေးတွေကို မတွေ့ရသေးတာမို့ စိတ် ထဲမှာတော့ တစ်မျိုးပဲ။ဟိုတွေးဒီတွေးနဲ့ မအိပ်ချင်ပေမဲ့ နောက်တစ်နေ့ ခရီးဆက်စရာ ရှိနေသေးတာမို့ ည ဆယ့်နှစ်နာရီလောက်မှာ ပြန်အိပ်ပျော်အောင် ကြိုး စားရတယ်။ မနက်ကျတော့လည်း ထုံးစံအတိုင်း အစော ကြီးနိုးနေပြန်တာပါပဲ။ ရေမိုးချိုး၊ လိုအပ်တဲ့ပစ္စည်း စုံ မစုံ စစ်ဆေးပြီး မနက်စာ စားဖို့ အောက်ကို ဆင်းလာခဲ့တယ်။ ညက ညစာမစားခဲ့တာမို့ ဗိုက်ဆာနေပြီ။ ခါတိုင်း မနက်စာကို များများစားလေ့မရှိသော်လည်း ဒီမနက် တော့ ခေါက်ဆွဲကြော်၊ မှိုဟင်း၊ ကြက်သား စတာတွေကို အမျိုးစုံအောင် နည်းနည်းချင်းစီ ယူစားဖြစ်တယ်။ ပြီးတော့ ကော်ဖီနဲ့မုန့်။ ဘာလီကော်ဖီကို ကျွန်မ တော်တော်ကြိုက်နေပြီ။ ဒီမနက် ဖုန်းပြောတော့ အဲဒီအကြောင်း သူ့ကို ပြောပြဖြစ်တယ်။ ဘာလီကော်ဖီ ဓာတ်ပုံလေးပို့လိုက်တော့ ဓာတ်ပုံထဲက နေရောင်ထိုး နေတဲ့ မှန်သားစားပွဲပြင်ပေါ်မှာ၊ ကော်ဖီခွက်ထဲမှာ ကျွန်မရဲ့ အရိပ်တစွန်းတစကို တွေ့လိုတွေ့ ငြား လိုက် ရှာနေတယ်လို့ ပြောတယ်။ ပြီးတော့ နှင်းဆီနီတွေ အများကြီး ပို့ထားတယ် ဒီနေ့လည်း လိုက်ရှာကြည့်ဦး နော်လို့ မှာတယ်။

ခဏကြာတော့ ကားဆရာကြီး ရောက်လာတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ကျွန်မကို မင်္ဂလာပါလို့ မြန်မာလို နှုတ်ဆက်လို့ ရယ်မိတယ်။ ဒီနေ့ခရီးစဉ်က ဘာလီရဲ့ နာမည်ကျော် ဘုရားကျောင်းတွေဖြစ်တယ်၊ မင်း သဘောကျမှာ သေချာတယ်လို့ ပြောတယ်။ ပြောရရင် ကျွန်မစိတ်ထဲမှာ ဘာလီဆိုတာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကလေးတစ်ခု၊ လှပတဲ့ ကမ်းခြေတွေကြောင့် နာမည်ကျော်တဲ့ ကျွန်းနိုင်ငံလေးလို့သာ သိထားခဲ့တာ။

တကယ်တမ်းမှာ ဘာလီဆိုတာ ကမ်းခြေအလှတစ်ခုတည်း မဟုတ်ပဲ ရှေးဟောင်း အမွေအနှစ် အနုပညာလက်ရာ တွေနဲ့ ဘုရားကျောင်းတွေ၊ ပြီးတော့ စိမ်းလန်းစိုပြည်တဲ့ ပန်းခြံတွေ စပါးစိုက်ခင်းတွေ၊ ယဉ်ကျေးမှုလက်ရာတွေနဲ့ လက်မှုပညာအမျိုးစုံ ထွန်းကားတဲ့ စိတ်ဝင်စားဖွယ် ကျွန်းကလေးဆိုတာ အခုမှ သိလာရတယ်။ လမ်းတစ် လျှောက်တွေ့နေရတဲ့ ဘာလီရဲ့ ရိုးရာအိမ်ကလေးတွေ မှာ ပန်းခက်ပန်းနွယ်တွေ ကနုတ်တွေနဲ့ပုံဖော်ထားတဲ့ ခိုင်ခံ့တဲ့ ခြံစည်းရိုး၊ အိမ်အဝင်က သစ်သားတံခါး ပိန် ရှည်ရှည်လေးတွေ၊ ဘေးတစ်ဖက်တစ်ချက်မှာ သူတို့ရဲ့ အထိမ်းအမှတ် ကျောက်ထွင်းရုပ်တုတွေနဲ့ ပြီးတော့ အိမ်တိုင်း အိမ်တိုင်းမှာ ဘုရားကျောင်းလေးတွေ သီးသန့် ထားတတ်တာကို သတိပြုမိတယ်။ အနီရောင် အုတ် ကြွပ်မိုးတွေနဲ့ တစ်ထပ်အိမ်ပြားပြားလေးတွေများ တယ်၊ အထပ်မြင့်အိမ် နည်းပါးတယ်။

မကြာခင်မှာ Taman Bencingah Puri Ageng လို့ အမည်ရတဲ့ ပန်းခြံတစ်ခုကို ရောက်လာ ပါတယ်။ Taman ဆိုတာကတော့ ပန်းခြံမှန်း စင်ကာပူ သူ ကျွန်မက သိနေပြီးသားပါ။ အထဲမှာ နေရာအကျယ် ကြီးပါပဲ၊ မြက်ခင်းစိမ်းနဲ့သစ်ပင်တွေလည်း အများ ကြီးတွေ့ရပါတယ်။ ပန်းပွင့်တော့ သိပ်မရှိဘူး။ နှင်းဆီ နီတွေလည်း မရှိပါဘူး။ အထဲရောက်သွားတော့ နန်းမြို့ ရိုးလို အုတ်တံတိုင်းကို တွေ့ရပါတယ်။ ပန်းခြံထဲမှာ ဓာတ်ပုံရိုက်လို့ အားရတော့ နောက် တစ်နေရာကို ခရီးဆက်ကြတယ်။ အဲဒီနေရာကို မသွားခင် ပန်းခြံကအထွက်မှာ မုခ်ဦးတစ်ခုတွေ့တယ်။ အဲဒီမုခ်ဦးရဲ့ ဘယ်ညာတစ်ဖက်တစ်ချက်မှာ ပုဆိုးအဖြူနဲ့ အနက်ကွက်ကို စည်းထားပြီး ထိုင်နေတဲ့ အရုပ်တစ်ခုစီကို တွေ့ရတယ်။ အဲဒါဘာအထိမ်းအမှတ်လဲလို့ မေးကြည့်တော့ ဟိန္ဒူနတ်ဘုရား ကျောက်ရုပ်တုတွေ တဲ့၊ မကောင်းဆိုးဝါးတွေကို မောင်းနှင်ပေးနိုင်တာမို့ ရပ်ကွက်အဝင်ဝတွေ၊ လမ်းဆုံလမ်းခွတွေမှာ တည်ထားတယ်လို့ သိရတယ်။

အခု ဆက်သွားမဲ့နေရာကတော့ Ulun Danu Temple တဲ့။Temple in the Lake လို့ ခေါ်ကြတယ်။ ပင်လယ်ရေမျက်နှာပြင်ကနေ မီတာ ၁၂ဝဝ အမြင့်မှာ ရှိတဲ့ Bratan ရေကန်ကြီး (Lake Bratan) ထဲမှာ တည်ထားတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခု လို့ သိရတယ်။ အဲဒ(ီLake Bratan)ဟာ တကယ်တော့ မီးတောင် အဝ လို့ ပြောရမယ်။ ၁၇ ရာစုထဲက တည်ထားတဲ့Ulun Danu Temple ကိုတော့ အဲဒီရေကန်ရဲ့ အစပ်နားမှာ တွေ့ရတယ်။ တောင်ပေါ်ဒေသမို့ အေးမြတဲ့ရာသီဥတု ရယ်၊ သာယာပြီး လှပတဲ့ ပတ်ဝန်းကျင်ရယ်၊ တည်ငြိမ် တဲ့ ကန်ရေပြင်အလှရယ်ကြောင့် ခရီးသွားတွေ မရောက်မဖြစ် ရောက်အောင်သွားကြရမဲ့ နေရာတစ်ခု လို့သိရတယ်။လူတွေ ပြုပြင်ဖန်တီးယူလို့မရတဲ့ တောတောင် ရေမြေ သဘာဝအလှအပတွေထဲမှာ တမေ့တမော နစ်မျော ပျော်ဝင်နေရတဲ့ အရသာဟာ ဘာနဲ့မှ မတူဘူး။အထူးသဖြင့် အခုလို အေးမြတဲ့ တောင်ပေါ်ရာသီတွေကို နှစ်သက်တဲ့ ကျွန်မအတွက်Lake Bratan ဟာ အင်မတန် အသက်ရှူလို့ဝပြီး စိတ်အေးချမ်းသာရှိ စေတယ်။ မြင်မြင်သမျှ အရာ အားလုံး လှပနေခဲ့ တယ်။ မြေပြင်ပေါ်မှာ အလေ့ကျပေါက်နေတဲ့ သစ်ပင်ကလေး တွေ၊ သစ်ကိုင်းလေးတွေ၊ သစ်ရွက်ကလေးတွေက အစ လှနေတာပဲ။ နှင်းဆီနီတွေ မတွေ့ရပေမဲ့ တွေ့တဲ့ ပန်းတိုင်းဟာ ကျွန်မမျက်စိထဲမှာ သိပ်လှနေခဲ့တယ်။

Lake Bratanက ပြန်တော့ နေ့လယ်စာ စားချိန်ရောက်နေပြီ။ မနေ့ကလိုပဲ တောင်စောင်းမှာရှိတဲ့ ဆိုင်ကလေးတစ်ခုကို သွားကြတယ်။သိပ်ထူးခြားဆန်းပြားတဲ့ စားစရာတွေ မရှိပေမဲ့ ကော်ဖီကောင်းကောင်းရယ် မြင်ကွင်းလှလှတွေရယ်ဆို ကျွန်မရဲ့ နေ့လယ်စာက အဆင်ပြေပြီမဟုတ် လား။ ဆိုင်လေးကိုရောက်တော့ မနေ့ ကလိုပဲ တကယ့်တောင်စွန်းလေးမှာ။ သိပ်သာယာ တာပဲ။ အောက်ကို ငုံ့ကြည့်လိုက်ရင် အတန်းလိုက် စီရီညီညာနေတဲ့ စိုက်ခင်းကလေးတစ်ခုကို တွေ့ရ တယ်။ မုန်ညင်းပင်လေးတွေလို့ ထင်ရတယ်။ မလှမ်း မကမ်းမှာကတော့ လှေခါးထစ် စိုက်ခင်းတွေ၊ ပြီး ဟိုးဝေးဝေးကို လှမ်းကြည့်လိုက်ရင်တော့ တောင်ခိုး တွေဝေနေတဲ့ကြားက သစ်တောအုပ် စိမ်းစိမ်းတွေ… သိပ်လှတာပဲ။

june4-5

နေ့လယ်စာ စားပြီးတော့Tanah Lot Temple ကို သွားကြမယ်လို့ ကားဆရာကြီးက ပြောတယ်။ အသွားလမ်းမှာ တစ်နာရီလောက် မောင်းပြီးတော့ (Butterfly Park)ု လိပ်ပြာဥယျာဉ်ကို ရောက်တယ်။ အညောင်းအညာဖြေဖို့ ခဏ ဝင်ကြတယ်။ (Butterfly Park) ဆိုသော်လည်း လိပ်ပြာတွေ များများစားစား မတွေ့ခဲ့ရဘူး၊ တွေ့တဲ့လိပ်ပြာတွေကလည်း တစ်စက်က လေးမှ အငြိမ်မနေကြဘူး။ သူတို့နောက်ကနေ လိုက်ပြီး ဓာတ်ပုံရိုက်ဖို့ ချိန်ရတာ ကြာတော့ ကျွန်မ မော လာတယ်။ ဒါနဲ့ ပြတိုက်ထဲက ငြိမ်ငြိမ်နေတဲ့ လိပ်ပြာတွေ ကိုပဲ ဓာတ်ပုံ ရိုက်ခဲ့တယ်။

junet4-5

လိပ်ပြာတွေကြည့်ပြီးတောTanah Lot Temple ကို ခရီးဆက်ကြတယ်။ွှTanah Lot Temple ဆိုတာ အင်္ဂလိပ်လို Temple in the Sea လို့ ခေါ်ရမယ်။ ပင်လယ်ထဲက ဘုရားပေါ့။ ပင်လယ်ဒီရေ တိုက်စားပြီး အရစ်အရစ်ထနေတဲ့ ကျောက် ဆောင်ပေါ်မှာ တည်ထားတဲ့ ဟိန္ဒူဘုရား ကျောင်းပါ။ အဲဒီဘုရားကျောင်းရဲ့ အောက်ခြေ က လိုဏ်ဂူတွေထဲမှာ အဆိပ်ပြင်းတဲ့ ပင်လယ်ြေ>ွမတွေ နေထိုင်ပြီး ဘုရားကျောင်းကို ကောင်း စွာ စောင့်ရှောက်တယ်လို့ ဆိုကြပါတယ်။ကျွန်မတို့ ရောက်သွားတဲ့အချိန်က ပင်လယ် ဒီရေကျချိန် ဖြစ်နေပါတယ်။ ဒါကြောင့် ဘုရားတည်ထားရာ ကျောက်ဆောင်တွေနား အထိ ရေစပ်စပ်ကြားထဲက လျှောက်ပြီး သွား လို့ရပါတယ်။ ကျွန်မကတော့ြေ>ွမဆိုတဲ့ အသံ ကြား တာနဲ့ ခြေလှမ်းတွေက အလိုလိုနေရင်း တုံ့နှေးနေပြီးသားပါ။ ခပ်လှမ်းလှမ်းကနေပဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ Tanah Lot Temple ရဲ့ မြောက်ဘက် မနီး မဝေးမှာလည်း ဘုရားကျောင်းတစ်ခု ကို ထပ်တွေ့ရ ပါတယ်။ သူလည်း ပင်လယ်ရေတိုက်စားထားတဲ့ ကျောက်အငူတစ်ခုပေါ် မှာ တည်ထားတဲ့ ဘုရားပါပဲ။ဘာလီကို မလာခင်က တံတားလိုလို ဘာလိုလို၊ အောက်မှာ အပေါက်ကြီးနဲ့ ရေတွေတိုးနေတဲ့ ကျောက်ဆောင်ကြီးကို အင်တာနက်ထဲမှာ၊ ဓာတ်ပုံတွေထဲမှာပဲ တွေ့ဖူးနေခဲ့တာ။ ပင်လယ်ရေတိုးသံတွေ တဝုန်းဝုန်းကြားမှာ အလွှာအလွှာ အရစ်အရစ်ထနေတဲ့ အဲဒီ ကျောက်ဆောင်ကြီးကို အခုလို မျက်ဝါးထင်ထင် တွေ့လိုက်ရတော့ ကျွန်မအကြာကြီး ငေးကြည့်နေမိတယ်။ပြီးတော့ သဘာဝဟာ ထူးဆန်းလိုက်တာလို့ပဲ မကြာခဏရေရွတ်နေမိတယ်။ လေတွေကလည်း တိုက်လိုက် တာဆိုတာ လူကို လွင့်ပါသွားတော့ မတတ်ပါပဲ။

junet24-5

Temple ကနေ ပြန်ကြတော့ မိုးတွေအုံ့လာတယ်။ ဒီနေ့ ရာသီဥတုကောင်း တယ်။ မိုးမရွာဘူး၊ တိမ်လည်း မထူဘူး၊ ပင်လယ်ရေကလည်း ကျတယ်၊ မင်းတော့ ဓာတ်ပုံကောင်းကောင်းတွေ အများကြီး ရခဲ့မှာပဲလို့ ကားဆရာကြီးက ပြောတယ်။ အဲဒီဘုရားကျောင်းနဲ့ ဟိုတယ်နဲ့က ကီလိုမီတာ နှစ်ဆယ်လောက်ပဲရှိတာမို့ သိပ် အကြာကြီး မမောင်းရဘူး။ ဒါကြောင့် ဒီညနေတော့ ဟိုတယ်ကို နည်းနည်းစောစော ပြန်ရောက်တယ်။ ဒီနေ့ ခရီးစဉ်တစ်လျောက်မှာ ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကို သဘော တကျ ပြန်ကြည့်ရင်း ညနေစာ စားဖို့ကိုရော၊ အနီရောင်နှင်းဆီပန်းတွေကိုပါ ကျွန်မ မေ့လျော့နေခဲ့တယ်ဆိုတာ ဝန်ခံရမှာပါပဲ။

သက်ဝေ

သက်ဝေ

Go to top