psi

 

ခရီးသွားတဲ့အခါ ဘာက အရေးအကြီးဆုံးလဲလို့ တွေးကြည့်မယ်ဆိုရင် စားစရာကအရေးကြီးဆုံးပဲလို့ ကျွန်တော်ပြောမယ်။ ခင်ဗျားရဲ့ အဝတ်အထည် အဆန်းအပြားနဲ့ အသုံးအဆောင်ပစ္စည်း တိုလီမိုလီ လေးတွေကို တခမ်းတနား ထည့်ပိုးသယ်ဆောင်သွားလို့ရပေမဲ့ စားစရာကိုတော့ ခင်ဗျားရဲ့ ခရီးစဉ်တစ် လျှောက်လုံး အစကအဆုံးတိုင် သယ်ဆောင်သွားဖို့ မဖြစ်နိုင်ဘူး မဟုတ်လား။ ဒီတော့ ခင်ဗျားသွားမယ့်ခရီးမှာ ခင်ဗျားလျှာထဲ မြိုးမြိုးမြက်မြက်နဲ့ စားချင့်စဖွယ် ခရီးသွားဟန်လွှဲစားစရာ အစားအစာတစ်ခုဟာ

အရေးကြီးဆုံးပဲပေါ့။ သန့်လည်းသန့်ရှင်း၊ တည်ခင်းပုံလည်းသပ်ရပ်၊ အရသာလည်းအလွန်ရှိဆိုတဲ့ ခရီးသွား ဟန်လွှဲစားစရာမျိုးကို ခင်ဗျား အလွယ်တကူ စားသုံးနိုင်တယ်ဆိုတဲ့အကြောင်း အခု ကျွန်တော်ပြော ပြမလို့။

ခရီးတစ်ခုကို ခင်ဗျားသွားတဲ့အခါ သူတို့ဒေသရဲ့ ရိုးရာအစားအစာတစ်ခုကို မစားခဲ့ရဘူးဆိုရင် ခင်ဗျားရဲ့ ခရီးစဉ်က ဘယ်တော့မှပြီးပြည့်စုံမရနိုင်ဘူးလို့ ခင်ဗျား ယုံကြည်လိုက်ပါ။ ခင်ဗျားအခု ဟောင်ကောင်ကို ရောက်ခဲ့မယ်ဆိုရင် ကန်တုန်နီ(စ်) အစားအစာတစ်မျိုး ဖြစ်တဲ့ Dim Sum ကို မဖြစ်မနေ မြည်းစမ်းသင့်ကြောင်း ကျွန်တော် ပြောပြချင်လိုက်တာ။

wut

လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅ဝဝ က ကုန်သည်တွေအတွက် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ထားခဲ့တဲ့ တရုတ်လက်ဖက်ရည်ဆိုင်လေးတွေမှာ ဆာလောင်နေတဲ့ ခရီးသွားဧည့်သည်တွေကို သေးငယ်တဲ့မုန့်လေးတွေ နဲ့ တည်ခင်းဧည့်ခံရာက တစ်ဆင့် Dim Sum ဆိုတဲ့ စားစရာလေးတွေပေါ်ပေါက်လာတာဗျ။ ရိုးရာယဉ်ကျေးမှု အရ Dim Sum ကို ကိုယ်တိုင်လုပ်တဲ့ ဝါးပေါင်းလေးတွေနဲ့ ထည့်ယူတင်ဆောင်လာကြတယ်။ အဲဒီ ဒင်းဆမ်းဝါးပေါင်းလေးတွေကို လက်တွန်းလှည်းလေးမှာ တင်ပြီး တစ်နေရာကနေ တစ်နေရာ လှည့်လည် ရောင်းချပေးကြတဲ့အခါ ခရီးသွားတွေ စိတ်တိုင်းကျ ကြိုက်နှစ်သက်ရာကို ရွေးချယ်စားသောက်နိုင်တာပေါ့။
မချန်မလှပ်ပြောပြရရင် ဒင်းဆမ်းအမျိုးအစားပေါင်းရာကျော်ရှိတာကြောင့် ခင်ဗျားအနေနဲ့ ရွေးချယ်ရ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဟောင်ကောင်ကို ခင်ဗျားရောက်တဲ့အခါ ပထမဦးဆုံး မဖြစ်မနေ မြည်း စမ်းကြည့်ရမှာဖြစ်တဲ့ ထိပ်တန်းအမျိုးအစား ၆ မျိုး ကိုပဲပြောပြလိုက်ပါတယ်ဗျာ။

(၁) Har Gaw လို့ခေါ်တဲ့ နိုင်လွန်ပုစွန်၊
(၂) Siu Mai ဆိုတဲ့ ကဏန်းပေါင်းအသားချေင်း
(၃) Lo back gou လို့ခေါ်တဲ့ မုန်လာဥနဲ့ လုပ်တဲ့ စားစရာ၊ မြန်မာပြည်မှာတော့ အော်ကွေ့ကြည်လို့ ခေါ်ကြတယ်။
(၄) Cheong Fan လို့ခေါ်ပါတယ်။ နှမ်းစေ့လေးတွေဖြူးထားတဲ့ ဆန်ခေါက်ဆွဲပြား
(၅) Char Sin Bao လို့ခေါ်တဲ့ ဝက်သားပေါက်စီပါ။
(၆) Daan Tat ဒါမှမဟုတ် Egg Tart လို့ခေါ်တယ်။ ဒါကတော့ ကြက်ဥပူတင်းမုန့်ပုံစံပေါ့။

ဒီဒင်းဆမ်း ၆ မျိုးအမည်ကို မှတ်ထားပြီးပြီဆိုရင် ဘာတွေနဲ့ တွဲဖက်စားသုံးမလဲဆိုတာလည်း ပြောပြပါရစေဦးဗျာ။ ခင်ဗျားက လက်ဖက်ရည်ကြိုက်သူ ဆိုရင် ဒင်းဆမ်းကို ဘယ်လိုလက်ဖက်ရည် အမျိုးအစားနဲ့ တွဲဖက်စားသုံးမလဲဆိုတာကလည်း အရေးပါလှပါတယ်။ လက်ဖက်ရည်မှာလည်း အရသာအမျိုးမျိုးနဲ့ပေါ့ဗျာ။ လက်ဖက်စိမ်း လက်ဖက်ရည်၊ ဂန္ဓမာ၊ စံပယ်စတဲ့ ပန်းရနံ့တွေနဲ့ လက်ဖက်ရည်စသဖြင့် ရွေးချယ်စရာ စုံလင်လှပါတယ်။ ဒီ Chinese Tea တွေဟာ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ် ကို ပေါ့ပါးလန်းဆန်းစေပြီး တစ်နေ့တာအတွက် အင်အားကိုရရှိစေမှာဖြစ်လို့ ခရီးသွား ဧည့်သည်တွေအနေနဲ့ ကျန်းမာရွှင်လန်းစွာ ခရီးဆက်နှင်နိုင်ဖို့ အထောက်အပံ့ကောင်းတစ်ခုလည်း ဖြစ်နေတယ်လို့ ဆိုပါရစေလား။

Chinese Tea ခေါ် တရုတ်လက်ဖက်ရည်နဲ့ ဒင်းဆမ်းကို တွဲဖက်စားသောက်တဲ့ အလေ့အထကို Yun Cha လို့လည်း ခေါ်ဆို ကြပါတယ်။ ဒေသခံ မိသားစုတွေရဲ့ အဓိကစားသောက်စရာလို့လည်း ပြောလို့ရပါတယ်။ ဒေသခံမိသားစုတွေဟာ Yun Cha ကိုအတူတကွ စားသုံးကြရင်း ပုံပြင်တွေ၊ ရယ်မောစရာတွေကို ကျယ်လောင်စွာ ပြောဆိုကြတယ်။ သူတို့ရဲ့ အားလပ်ချိန် နေ့ရက်တွေကို ဒင်းဆမ်းရယ်၊ တရုတ်လက်ဖက်ရည်ရယ် တွဲဖက်စားသောက်ကြရင်း ပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိကြပါတယ်။ ကဲ..ခင်ဗျားလည်း ဟောင်ကောင်ကို အလည်သွားမယ်ဆိုရင် ကျွန်တော်အခုပြောပြလိုက်တဲ့ ဒင်းဆမ်း ၆ မျိုးရယ် တရုတ်လက်ဖက်ရည်ရယ် တွဲဖက်စားသောက်ရင်း ဟောင်ကောင်က ဒေသခံလူတွေလိုပဲ ခင်ဗျားရဲ့ခရီးသွားနေ့ရက်တွေကိုပျော်ရွှင်စွာ ဖြတ်သန်းကုန်ဆုံးခဲ့ပါလို့ မှာလိုက်ပါရစေဗျာ။

Neo

Go to top